အပိုင်း ၇၆
Vol. 6 Ch. 76
နောက်တစ်နေ့ ချင်ယွဲ့နဲ့ အခြားသူတွေ အလည်လာတဲ့အခါ လူတိုင်းက တံခါးဝမှာဘဲ အံသြသွားကြသည်။
သူတို့အများစုက မော့ချူးရဲ့ စွမ်းအင် လေ့ကျင့်ရေးအခြေအနေဟာ ပုံမှန်မဟုတ်မှန် သတိထားမိလိုက်ကြသည်။
"မင်းတကယ်ဘဲ အဆင့် ၅ ကိုတက်လာပြီ!" ဟန်ရွှမ်ရဲ့ ပါးစပ်က အကျယ်ကြီး ဟနေပြီး သူ့မျက်နှာမှာလည်း ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေသည်။ တစ်လခွဲပဲရှိသေးသည် မော့ချူးဟာ အဆင့် ၅ ကနဦးအဆင့်ကနေ အဆင့် ၅ အထက်ကို ခုန်တက်သွားသည်။ ဒါက အရမ်းမဆန်းကြယ်လွန်းဘူးလား?
စစ်တက္ကသိုလ်ရှိ အရည်အသွေးမြင့် ဆေးပြားတွေ အများကြီးသောက်ရင်တောင်မှ သက်ရောက်မှုဟာ ဒီလောက်ထိ သိသာမှာမဟုတ်ပေ။ သူမဟာ ကြယ်တစ်ခုနှင့် ကြယ်တစ်ခုကြား ခုန်တက်ဖို့ ပြင်ဆင်နေသည့် ကြယ်တစ်စင်းလိုပင်။
“ကောင်မလေး၊ မင်းက အံ့ဩစရာဘဲ!" မျက်ခုံးထူကြီးနဲ့ ချင်ယွဲ့တောင် သူ့မျက်နှာပေါ်က အံ့ဩနေမှုကို မဖုံးကွယ်နိုင်ပေ။ မော့ချူးရဲ့ အရည်အချင်းက မဆိုးဘူးဆိုတာ သူသိသည်။ မဟုတ်ရင် အသက် ၁၆၊ ၁၇ ထဲနဲ့ အဆင့်၅ အထက်ကို ရောက်ဖို့မဖြစ်နိုင်ပေ။ ဒါပေမယ့် အခုလက်ရှိ သူ့အရှေ့မှာ မြင်ခဲ့ရတဲ့ အရှိန်က အဆင့်ကို ချိုးဖျက်သွားပြီဖြစ်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် စိုက်ပျိုးရေးတွင် အထူးသဖြင့် အဆင့်၅ ရောက်ပြီးတဲ့နောက်တွင် နောက်တစ်ဆင့် ထပ်တိုးလာဖို့ဆိုတာက ပိုပြီးခက်သည်။
အဆင့်၅ ကနဦးအဆင့်ကနေ အဆင့်၅ အထက်ကို တက်ဖို့ ခြောက်နှစ်ကနေ ခုနစ်နှစ်အထိ အချိန်ယူခဲ့ရတာကို ချင်ယွဲ့ မှတ်မိသေးသည်။ သို့တိုင် သူ့ရဲ့တိုးတက်မှုနှုန်းဟာ မြန်ဆန်သည်ဟု ယူဆလို့ရသည်။ သာမန်လူတစ်ယောက်အနေနဲ့ ဒီအဆင့်ကို ဖြတ်ကျော်ချင်ရင် အနည်းဆုံး ဆယ်နှစ်ကျော်လောက် ကြာတက်သည်။
နောက်ဆုံးတော့ မော့ချူးနဲ့ ယှဥ်ရင်..... သူတို့အားလုံးကအားနည်းကြတာဘဲ။
ဒါ့အပြင် မော့ချူးက စိုက်ပျိုးရေးကို စသည်မှာ တစ်နှစ်တာအချိန်တိုလေးပဲ ရှိသေးကြောင်း ချင်ယွဲ့သာသိလိုက်ရရင် သူလုံးဝကို ထိတ်လန့်သွားလိမ့်မည်ပင်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အဲဒါက အဓိပ္ပါယ်မရှိဘူး!" ဟန်ရွှမ်က စိတ်ရှုပ်ထွေးစွာနဲ့ ခေါင်းကုတ်လိုက်ပြီး မော့ချူးရဲ့ အလျင်အမြန် တိုးတက်လာတဲ့ လျှို့ဝှက်ချက်ကို သူရှာတွေ့နိုင်မလားဆိုပြီး ပတ်ပတ်လည်ကို အကြိမ်အနည်းငယ်လောက် လိုက်ကြည့်လိုက်သည်။ ရုတ်တရက် သူ့မျက်လုံးတွေက တောက်ပသွားသည်။ " မော့လေး၊ ဒါက ငါတို့ဟိုတစ်ခေါက် ကြုံဖူးတဲ့ကံကြမ္မာကြောင့်များလား?"
မော့ချူး မပြောရသေးခင်မှာဘဲ ဟန်ရွှမ်က ခေါင်းခါကာ သူ့ဘာသာသူ ပြန်ငြင်းလိုက်သည်။ “အဲဒါ မဟုတ်လောက်ဘူး၊ ဒီတခေါက် မင်း ကျောင်းမသွားရဘူးမလား? ကံကြမ္မာက ဘယ်ကနေလာပါ့မလဲ?"
ဝိုး!
ချင်ယွဲ့က ဟန်ရွှမ်ရဲ့ ပခုံးကို ခပ်ပြင်းပြင်း ပုတ်လိုက်ပြီး “လုံလောက်ပြီ၊ လူကြီးလူကောင်းဆန်စမ်းပါ။ ဘာလို့အရမ်းဒေါသထွက်နေတာလဲ?"
မော့ချူး၏ ကောင်းကင်ကို အံတုနိုင်တဲ့ အရှိန်အဟုန်ဖြင့် တိုးတက်မှုဟာ ကိုယ်ပိုင်အရည်အချင်းမှတပါး တခြားအကြောင်းအရင်းတွေ ရှိကောင်းရှိနိုင်ကြောင်း ချင်ယွဲ့သိသည်။ ဒါပေမယ့် သူမက ဘာမှမပြောတဲ့အတွက် သူတို့လည်း ထပ်မေးလို့မရပါချေ။ ဒီနေ့ခေတ်မှာ ဘယ်သူတွေဆီမှာများ လျှို့ဝှက်ချက် မရှိလို့လဲ?
"အစ်ကိုချင်!" ဟန်ရွှမ်က ရုတ်တရက် မျက်နှာပျက်သွားသည်။ သူက သူ့ပခုံးကို ကိုင်လိုက်ပြီး “အစ်ကို နည်းနည်းလောက် ညင်သာပေးလို့ မရဘူးလား? ကျွန်တော်က စက်မဟုတ်တဲ့ သက်ရှိလူသားပါ! အစ်ကို့ရဲ့ လက်ရှိအခြေအနေနဲ့ဆို အစ်ကိုရည်းစားမရတာ မအံ့ဩတော့ပါဘူး"
အဖွဲ့ချုပ်မှာ အမျိုးသားတွေထက် အမျိုးသမီးတွေက နည်းသည်။ စစ်တက္ကသိုလ်အဖွဲ့ချုပ်မှာ ကွာဟမှုက ပိုလို့တောင် ထင်ရှားလာသည်။ ချင်ယွဲ့၏ ထွားကျိုင်းသည့် ပုံစံကို မိန်းကလေးတွေက သဘောမကျကြပေ။ ဒါကြောင့်နှစ်များစွာ ကြာတာတောင်၊ သူက သနားစရာကောင်းတဲ့ တစ်ကိုယ်တည်းသမားဖြစ်နေဆဲပင်။
ဒီစကားတွေကို ဟန်ရွှမ် ပြောမိလိုက်တာနဲ့ တစ်ခုခုမှားနေပြီဆိုတာ သူ ချက်ချင်းသိလိုက်သည်။ သူ့အမူအရာက ချက်ချင်းပြောင်းသွားပြီး အမြန်အသနားခံလိုက်သည်။ "အစ်ကို ကျွန်တော်မှားပါတယ်၊ ကျွန်တော်မှားသွားတယ် ရရဲ့လားဟင်?"
ချင်ယွဲ့ က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေပေမယ့် တခြားဘာမှ ပြန်မပြောပေ။
ဟန်ရွှမ်မှာ မျက်ရည်တွေဝဲလာသည်။ သူက ချင်ယွဲ့ နဲ့ နှစ်အတော်ကြာ ရှိလာခဲ့တာကြောင့် ဒီလူကို သူ ဘယ်လိုလုပ် နားမလည်ဘဲ နေမလဲ? ပြန်ရောက်ရင် ရိုက်နှက်ဆုံးမခံရမှာကို ရှောင်လွှဲလို့မရမှာ သူစိုးသည်။ သူအမုန်းဆုံးအရာမှာ ချင်ယွဲ့က ဒီလိုတစ်ဖက်သတ် ရိုက်နှက်ဝာာကို "လက်ဝှေ့ထိုးကျင့်တာ" လို့ တကယ်ကြီး ခေါ်တာကိုပင်။
“ကောင်းပြီ…” ချင်ယွဲ့က တစ်ဖက်လှည့်ကာ ကသိကအောက် အမူအရာနဲ့ သူ့ကိုလက်ပွတ်လိုက်သည်။ "မော့ယန်၊ အစ်ကို မင်းကို အကူအညီတောင်းလို့ရမလား?"
မော့ယန် နည်းနည်း အံ့ဩသွားသည်။ "ဘာများလဲ? ကျွန်တော်ကူညီနိုင်ရင် သေချာပေါက်ကူညီပေးမယ်"
“ဟုတ်ပြီ…” ချင်ယွဲ့ရဲ့ ဂျုံရောင်မျက်နှာက တကယ်ဘဲ နည်းနည်းနီလာပြီး သူ့အကြည့်တွေ ပိုလို့တောင် မတည်မငြိမ်ဖြစ်လာသည်။ "ဒါဆို ငါတို့အခု တစ်ခုခုကိုပြင်ဆင်ဖို့ ကြိုးစားနေတာ"
အချိန်အတော်ကြာ ပြောပြီးတဲ့နောက်တွင် ဘာဖြစ်နေလဲဆိုတာကို သူရှင်းရှင်းလင်းလင်း မရှင်းပြနိုင်သေးပေ။
ဘေးမှာရှိနေသောဟန်ရွှမ်က မနေနိုင်တော့ပေ။ သူက ချင်ယွဲ့ကို တစ်ဖက်တွန်းလိုက်ပြီး လူကိုယ်တိုင် စင်ပေါ်တက်လိုက်သည်။ “မော့ယန်၊ ဒါက ဒီလို။ ငါတို့တွေ Mecha သရုပ်ပြပွဲလေးတစ်ခု လုပ်ဖို့ပြင်ဆင်နေတာ။ မင်းရော စာရင်းသွင်းနိုင်မလားလို့?"
"ကျွန်တော်က ကျောင်းတက်တာ သိပ်မကြာသေးဘူးလေ" မော့ယန်က ဒီနောက်ကွယ်မှ အဓိပ္ပါယ်ကို နားမလည်တဲ့အတွက် နည်းနည်း မျက်မှောင်ကြုတ်လိုက်သည်။ " mecha နဲ့ ပတ်သက်ရင် သရုပ်ပြဖို့ အတွက် ကျွန်တော့်ဘက်က လုံလုံလောက်လောက် မကျွမ်းကျင်ဘူးဆိုတော့ ကျွန်တော်စိုးရိမ်တယ်"
“အဲဒါ အရေးမကြီးဘူး” ဟန်ရွှမ်က သူ့လက်ကို မသိစိတ်ကနေ ဝှေ့ယမ်းလိုက်ပြီး မော့ယန်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ “မင်းသရုပ်ပြတတ်သည်ဖြစ်စေ မပြတတ်သည်ဖြစ်စေ ကိစ္စမရှိဘူး၊ အဓိကက မိန်းကလေးတွေ တစ်ချက်လောက် လာကြည့်ကြရင်ရပြီ ဒါဆို မင်းနားလည်လောက်ပြီ!"
မော့ချူးက တစ်ဖက်မှာ နားထောင်နေရင်း သူတို့ရဲ့ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။
အဲ့ဒီအကြောင်းကို ပြောရရင် ချင်ယွဲ့က သူတို့သူငယ်ချင်းအုပ်စုရဲ့ ခေါင်းဆောင်ဖြစ်ပြီး အများစုမှာ လူပျိုကြီးတွေ ဖြစ်ကြသည်။ စစ်တက္ကသိုလ်ဟာ အသားထက် ဝံပုလွေတွေ ပိုများတာကြောင့် နာမည်ကြီးသည်။သူတို့သာ မလှုပ်ရှားဘူးဆိုရင် တခြားသူတွေ ဝင်ထွက်သွားလာ နေတာကို လက်ကိုင်ပုဝါလေးတွေ ကိုက်ပြီး ဘွဲ့ရတဲ့အထိ မျက်ရည်တွေနဲ့ ကြည့်နေရမှာဖြစ်သည်။
ဒီဟာက သူတို့ mecha တွေကို ကိုပြသဖို့ နည်းလမ်းကောင်းတစ်ခုလည်းဖြစ်သည်။ တစ်ဖက်တွင် သူတို့ရဲ့ကိုယ်ပိုင်ဆွဲဆောင်မှုကို ပြပြီး တစ်ဖက်မှာတော့ မိန်းကလေး တော်တော်များများကို ဆွဲဆောင်ဖို့ပင်။ ဘယ်လို ဘယ်ကြည့်ကြည့် အရှုံးမရှိပေ။ မော့ယန်ကို ဆွဲခေါ်ချင်ရသည့်အကြောင်းမှာ သူ့ရဲ့ 'ကျောင်းဝင်းထဲက ကျောင်းမင်းသားလေးအသစ်' ဆိုသည့် ဂုဏ်သတင်းကြောင့်ဖြစ်သည်။
ဒီကျောင်းသားသစ်အသုတ်တွင် မော့ယန်၏ အစွမ်းထက်ပြီး ချောမောကာ၊ ထူးခြားသည့် စိတ်နေစိတ်ထားအပြင် သူ့ အသွင်အပြင်တို့ကြောင့် ထိပ်တန်းလူနည်းစုထဲတွင် ပါဝင်သည်ဟု ယူဆလို့ရသည်။ သူကချက်ချင်း အရမ်နာမည်ကြီးလာသည်။ အရင်တုန်းကတော့ ကျောင်းတွင်းပြိုင်ပွဲတွေနဲ့ အလုပ်ရှုပ်နေသေးတဲ့အတွက် ဒါတွေကို ဘယ်သူမှ ဂရုမစိုက်အားပေ။အခုတော့ သူတို့တွေမှာ အားလပ်ချိန်တွေ ပိုရှိလာတော့ ဒီဟာတွေက စစ်တက္ကသိုလ်ရဲ့ ဖိုရမ်စနစ်ကို လွှမ်းမိုးလာသည်။
ထပ်ပေါင်းပြောရလျှင်၊ ဒီ mecha သရုပ်ပြပွဲတွင် မော့ယန်၏ သိပ်မကောင်းလှတဲ့ သရုပ်ပြမှုရဲ့ အဓိပ္ပါယ်ကတော့ သူတို့မှာ ပိုကောင်းတဲ့ အခွင့်အရေး ရှိလာလိမ့်မှာပင်။
မော့ချူးက ဘေးကနေ ပြုံးလိုက်သည်။ ဆိုတော့ ချင်ယွဲ့နဲ့ တခြားသူတွေက သူ့အစ်ကိုကို ဒီလိုဖုံးကွယ်ထားတဲ့ လူမှုရေးစုဝေးပွဲထဲ ဆွဲသွင်းဖို့ ရည်ရွယ်ချက်နဲ့ ဒီနေ့ ဒီကို ရောက်လာကြတာပေါ့?