အပိုင်း ၇၈
Vol. 6 Ch. 78
စစ်တက္ကသိုလ်၏ ညီလာခံခန်းမသည် စုစုပေါင်း စတုရန်းမီတာ ၈၀၀ ကျယ်ဝန်းပြီး လေထဲတွင် လွင့်နေသည်။ ဗဟိုပလပ်ဖောင်းကို အဖွဲ့ချုပ်၏ အပြင်းထန်ဆုံးသော သံမဏိကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး အဲ့ဒီအပေါ်ရှိ လေဖိအားနည်းရပ်ဝန်းမှ အလင်းတန်းကြီးတစ်ခု ထွက်နေတာကြောင့် ညီလာခံခန်းမတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ဒီမြင်ကွင်းကို မော့ချူး ပထမဆုံးအကြိမ် မြင်လိုက်ရတဲ့အတွက် အမှန်တကယ်ကိုဘဲ တုန်လှုပ်သွားခဲ့ရသည်။ စစ်တက္ကသိုလ် အဖွဲ့ချုပ်ကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ။ လက်ရှိ အရင်းအမြစ်တွေ ရှားပါးမှုကြောင့် သံမဏိစိမ်း ကျောက်တုံး အပိုင်းအစတွေရဲ့ဈေးဟာ မိုးထိမြင့်နေကြောင်း သိထားသည်။ စစ်တက္ကသိုလ်က အဲ့ဒီကျောက်ကို အခြေအဖြစ် တကယ်ကြီး အသုံးပြုထားသည်။ တကယ့်ကို သူရဲကောင်းဆန်တာပဲ။
ယခင်က လွတ်နေတဲ့ ပွဲကြည့်စင်ဟာ ယခုအခါမှာတော့ လူများဖြင့် ပြည့်နေသည်။ အသံတွေဟာလည်း သမုဒ္ဒရာလှိုင်းတံပိုးတွေလိုပင်။
ချင်ယဲ့ နဲ့ တခြားသူတွေက တော်တော်ရက်ရောသည်။ သူမအတွက် စီစဉ်ပေးထားတဲ့ ထိုင်ခုံက အလယ်တည့်တည့်တွင်ရှိပြီး ပထမတန်းလည်းဖြစ်သည်။ မြင်ကွင်းက တော်တော်လေးကောင်းပြီး အနှောက်အယှက်မဖြစ်ပေ။ VIP ထိုင်ခုံအဖြစ် သတ်မှတ်နိုင်သည်။
မော့ချူး ရွေးလိုက်တာ အချိန်မှန်သွားသည်။ သူမထိုင်ပြီးသိပ်မကြာခင်မှာပဲ Mecha သရုပ်ပြပွဲကို တရားဝင်စတင်လိုက်သည်။
ပထမဆုံးပေါ်လာတဲ့လူက ချင်ယွဲ့ ဖြစ်သည်။
မော့ချူးအနေနဲ့ အချိန်အကြာကြီးနေမှ ပထမဆုံးအကြိမ် Mecha ကို မြင်ဖူးတာဖြစ်သည်။ ဒီအညိုရောင်အရာကြီးက အရွယ်အစားကြီးသည့် စက်ရုပ်ဗားရှင်းနှင့်တူသည်။
အဲ့ဒါက သက်မဲ့သတ္တု အပိုင်းအစသာဖြစ်ကြောင်း ထင်ရှားပေမယ့် ချင်ယွဲ့၏ ထိန်းချုပ်မှုအောက်တွင် Mechaက တကယ့်လူလိုမျိုး သွက်လက်လှုပ်ရှားနေသည်။ Mechaက အရင်ဆုံး သွေးပူလေ့ကျင့်ခန်းအဖြစ် အကြိမ်အနည်းငယ်လောက် ခုန်လိုက်လှည့်လိုက်လုပ်နေသည်။ နောက်တော့ ဘယ်သူမှမျှော်လင့်ထားတဲ့အချိန်မှာဘဲ ရုတ်တရက် အရမ်းအရှိန်မြန်လာသည်။ အဆုံးမှာ မော့ချူးတစ်ယောက် အဖြူရောင်အရိပ်တစ်ခုကိုဘဲ မြင်ရတော့သည်။
"ဘုရားရေ! ကြည့်ဦး ဒါက အဆင့်မြင့်သိုက်ရှန့်ရဲ့အဆုံးစွန်သော လှုပ်ရှားမှုထင်တယ်"
"ဟုတ်တယ်။ အရင်ဆုံး အကျိုးသက်ရောက်မှု အမြင့်ဆုံးဖြစ်ရအောင် လျှပ်စီးအမြန်နှုန်းကို သုံးတယ်၊ ပြီးရင် တိုက်ခိုက်မှုကို စတယ်"
မော့ချူးက ဒါကို မသိပေမယ့် သူမနောက်မှာ Mecha ကျွမ်းကျင်ပညာရှင် အများအပြား ရှိနေသည်။ ချင်ယွဲ့ရဲ့ အရှိန်ကို မြင်တဲ့အခါ သူမချက်ချင်းဘဲ စိတ်လှုပ်ရှားလာသည်။
အကယ်၍ ချန်ပိုင်ဟာ စိုက်ပျိုးရေးလောကတွင် နံပါတ်တစ်ပုဂ္ဂိုလ်ဟု ဆိုပါက သိုက်ရှန့် ကတော့ Mecha ဌာနတွင် ထိပ်တန်းပုဂ္ဂိုလ်ဖြစ်သည်။ သူဟာ ရန်သူ 3,000 ကိုသတ်ဖို့ ဒီလှုပ်ရှားမှုကို တစ်ချိန်က ပြုလုပ်ခဲ့ပြီး အဖွဲ့ချုပ်တစ်ခုလုံးတွင် တရားဝင်ကျော်ကြားလာခဲ့သည်။
ချင်ယွဲ့က ဒီလှုပ်ရှားမှုကို တိတ်တိတ်လေး လေ့ကျင့်ခဲ့မယ်လို့ ဘယ်သူထင်ထားမှာလဲ?
စင်မြင့်ပေါ်ရှိ ချင်ယွဲ့ကတော့ ဒီဆွေးနွေးမှုတွေကို လုံးဝမကြားရပါချေ။ သူ့ရဲ့ သွက်လက်တဲ့ ထိန်းချုပ်မှုအောက်တွင်၊ စက်က အရမ်းလျင်မြန်တဲ့ အရှိန်ဖြင့် ရှိနေသည်။ လျင်မြန်လှသည့် ခုန်ပျံမှုနှင့်အတူ၊ Mechaက ဒုံးပျံတစ်စင်းလို ကောင်းကင်ကိုပျံတက်သွားပြီး တိုက်ခိုက်လိုမှုဖိအားများစွာကို အကန့်အသတ်မရှိ သယ်ဆောင်လာသည်။
မော့ချူးက ကွင်းအပြင်ဘက်မှာ ထိုင်နေေပမယ့် ဒီပြင်းထန်တဲ့ ရောင်ဝါကို သူမ ရှင်းရှင်းလင်းလင်း ခံစားနိုင်သေးသည်။ အဲ့ဒါက ချက်ခြင်းပဲ သူမဆဲလ်တွေ အားလုံးထဲ ခုန်ဆင်းသွားသလိုပင်။ အဲ့ဒါက သူမရဲ့ အာရုံခံစားမှုတွေနဲ့ နှလုံးခုန်တာကိုပင် လှုံ့ဆော်ပေးခဲ့ပြီး သူမကို မရည်ရွယ်ဘဲ တုန်လှုပ်ကာ စိတ်လှုပ်ရှားသွားစေသည်။ ဒီအခိုက်မှာ မော့ယန်နဲ့ အခြားသူတွေ Mecha ကို ဘာလို့ဒီလောက်ထိ စွဲလန်းကြလဲဆိုတာကို မော့ချူး ရုတ်တရက် နားလည်သွားသည်။
"မဆိုးပါဘူး" မော့ချူးဘေးမှာ လူတစ်ယောက် ထိုင်နေသည်။ သူ့မျက်နှာတစ်ဝက်လောက်သာ ပေါ်နေပေမယ့် ချောမောသည့် အသွင်အပြင်ကိုတော့ ယောင်ဝါးဝါး မြင်နိုင်သေးသည်။ "ဒီထိန်းချုပ်မှုက လုံလောက်တဲ့ တိကျမှုမရှိနေရုံဘဲ"
ထိန်းချုပ်မှုက မတိကျဘူးလား?
ဒီမှတ်ချက်ကိုကြားတော့ မော့ချူး ဘာမှမပြောနိုင်ဖြစ်သွားရသည်။ မနေ့ညက သူမမှာ စိတ်လှုပ်ရှားနေခဲ့ပြီး စတားနက်မှာ mecha လေ့ကျင့်မှုကို အတုယူဖို့ ကြိုးစားခဲ့သေးသည်။ နောက်ဆုံးတော့ သူမမှာ တစ်နေ့တာရဲ့ အချိန်တစ်ဝက်လောက်ကို ဖြုန်းတီးခဲ့မိသည်။ ဒီလို လှည့်ပတ်ဖို့ကိုတောင် မပြောနဲ့ဦး သွက်သွက်လက်လက် လှည့်ဖို့တောင် ခက်သည်။
Mecha အားကောင်းလေ၊ ထိန်းချုပ်ရ ပိုခက်ခဲလေဖြစ်သည်။ ဒါတောင် မော့ချူးက အရိုးရှင်းဆုံးကို ရွေးချယ်တာဖြစ်သည်။ mecha ရဲ့ ထိန်ချုပ်ခုံ မှာ ခလုတ်ပေါင်း တစ်ထောင်ကျော်လောက်တောင်ရှိသည်။ mecha အော်ပရေတာက mecha ရဲ့ရွေ့လျားမှုများကိုထိန်းချုပ်ဖို့ ဒီခလုတ်တွေကိုအသုံးပြုဖို့လိုအပ်သည်။
တစ်နည်းဆိုရသော် mecha ကို ချောချောမွေ့မွေ့နဲ့လည်ပတ်လိုပါက ဒီခလုတ်ထောင်ပေါင်းများစွာရဲ့ အနေအထားကို မှတ်သားထားဖို့ လိုအပ်ရုံသာမက လှုပ်ရှားမှုတွေကို အထောက်အကူပြုဖို့အတွက် တစ်ချိန်တည်းမှာဘဲ ခလုတ်အနည်းငယ် ဒါမှမဟုတ် ခလုတ်ဒါဇင်ပေါင်းများစွာကို အသုံးပြုဖို့လိုအပ်သည်။ ဒီအချိန်မှာတော့ ဦးနှောက်စွမ်းအား၊ လက်အမြန်နှုန်းတို့နဲ့ ဆိုင်သွားသည်။
နေ့တစ်ဝက်လောက် ကစားပြီးသွားတဲ့နောက်မှာ၊ ပြီးဆုံးဖို့ မော့ချူး နောက်ဆုံးကျန်နေသေးသည်။ အဆုံးမှ သူမက စတားနက်ကနေ တိတ်တိတ်လေး ဆုတ်ခွာခဲ့လိုက်သည်။ စိုက်ပျိုးရေးဌာနကို ရွေးချယ်တုန်းက သူမ ဘယ်လောက်တောင် စဉ်းစားဉာဏ်ရှိခဲ့လဲဆိုတာကို မချီးကျူးဘဲ မနေနိုင်တော့ပေ။
"ဘာဖြစ်လို့လဲ? ငါပြောတာ တစ်ခုခုမှားနေတယ်ထင်လို့လား?" အဲ့ဒီလူရဲ့အကြည့်က စင်ပေါ်မှာရှိနေဆဲဖြစ်ပေမယ့် မော့ချူးရဲ့အကြည့်ကို သူကောင်းကောင်းအာရုံခံနိုင်တဲ့ပုံပေါ်ကာ မနေနိုင်ဘဲမေးလိုက်သည်။
“မဟုတ်ပါဘူး!” မော့ချူးမှာ ဒီလိုရိုးရိုးရှင်းရှင်းအကြည့်တစ်ချက်လေးနဲ့တင် ဖမ်းမိသွားလိမ့်မယ်လို့ မမျှော်လင့်ထားပါချေ။ သူမက အမြန်ရှင်းပြလိုက်သည်။ “ကျွန်မက Mecha အကြောင်း သိပ်မသိဘူး၊ ဒါကြောင့် အကဲဖြတ်မတတ်ဘူး"
မော့ချူးရဲ့ ရိုးသားတဲ့ အဖြေကိုကြားတော့ အဲ့ဒီလူက ခေါင်းလှည့်လာသည်။
နောက်တော့ မယုံနိုင်လောက်အောင် ချောမောတဲ့ မျက်နှာတစ်ခု ထွက်ပေါ်လာသည်။ မျက်နှာအသွင်အပြင်တိုင်းကို တမင်ဆွဲထားတဲ့ပုံပင်။ သူ့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံက ခိုင်မာမှုရှိပြီး အထူးသဖြင့် ပင်လယ်ပြာနဲ့တူသည့် နက်ရှိုင်းလှတဲ့ မျက်လုံးတစ်စုံပင်။ ဂရုသာမစိုက်မိရင် နက်နက်ရှိုင်းရှိုင်းနစ်မြုပ်သွားတော့မလိုပင်။
အဲ့ဒီလူရဲ့ လှပတဲ့ နှုတ်ခမ်းပါးလေးက နည်းနည်း ဟလာသည်။ "မင်းက မော့ချူးလား?"
တစ်ခုခုအကြောင်း မသိတာကို ဝန်ခံတတ်တဲ့ လူတွေ ရှားသည်။ ဒီမိန်းကလေးက အံ့သြစရာကောင်းလောက်အောင် ရိုးသားသည်။
“ဟုတ်ပါတယ်” မော့ချူးက သိချင်စိတ်အနည်းငယ်နဲ့ ခေါင်းညိတ်လိုက်သည်။ "ရှင်ကရော?"
"ချင်ရှန့်ပါ၊ ချင်ယွဲ့ရဲ့ အစ်ကို"
အစ်ကိုလား?
မော့ချူးသည် မတတ်နိုင်ဘဲ နည်းနည်း အံ့အားသင့်သွားသည်။ သူမက ချင်ယွဲ့ရဲ့ ကြီးမားထွားကျိုင်းတဲ့ မျက်နှာနဲ့ ဒီလူရဲ့ချောမောတဲ့ မျက်နှာကြားက ထပ်တူညီနေမှုကို ရှာမတွေ့ပါချေ။ ဒါက သူ့အစ်ကိုအရင်းပဲလား? ကွာခြားချက်က အရမ်းကြီးတာဘဲ!
မော့ချူးက အကျယ်ကြီး ထုတ်တော့ မပြောပေမယ့် ချင်ရှန့်ကတော့ သူမ တွေးနေတာတွေကို သိသည်။ သူက မရေမတွက်နိုင်တဲ့ လူတွေကို မြင်ဖူးသည့် မြေခွေးအိုကြီးဖြစ်သည်။ သူ့ ပါးစပ်ထောင့်က အပြုံးဟာလည်း ပိုပိုပြီးထင်ရှားလာသည်။ ဟ ဟ! ဘယ်လိုတောင်စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးလဲ။