← Chapters

အပိုင်း ၈၅

Vol. 6 Ch. 85

အပိုင်း ၈၅

Vol. 6 Ch. 85

တကယ်ကို နာကျင်လွန်းသည်။ လောင်မြိုက်နေသည့် ဤအလင်းတန်းဟာ စူးရှလှသည့် လျှပ်စီးကြောင်းတစ်ခုလိုမျိုး ပူပြင်းလောင်မြိုက်လှသည်။ အပူဒဏ်အောက်တွင် ဝိုင်းဝိုင်း၏ ခန္ဓာကိုယ်ဟာအပိုင်းပိုင်းပိုင်းဖြတ် ခံနေရသလိုပင်။ သူ၏ ခန္ဓာကိုယ်တွင်းရှိ အရှိန်အဟုန်ပြင်းပြင်း စွမ်းအင်များသည် သူ့သွေးကြောများအားလုံးကို ဆက်လက်တိုက်ခိုက်နေသည်။ ပေါက်ကွဲထွက်တော့မယ်လို့တောင် သူ ခံစားလိုက်ရသည်။

"အာဝူး အာဝူး-" ပြင်းထန်သည့် နာကျင်မှုအောက်တွင် သွေးအလင်း သားရဲဟာ အထိန်းအကွပ်မဲ့စွာ နာကျင်အော်ဟစ် နေသည်။ ရွှန်းလဲ့ကာ နီရဲနေသည့် မျက်လုံးတစ်စုံဟာလည်း တဖြည်းဖြည်း တောက်ပမှု ပျောက်ကွယ်လာသည်။

"ဝိုင်းဝိုင်း၊ အဲ့ဒီမှာပဲ စောင့်နေ!"မော့ချူး၏အော်သံက သူ့နားထဲဝင်လာသည်။ ဝိုင်းဝိုင်းရဲ့ ဖရိုဖရဲ အတွေးတွေကို ချက်ချင်း ခွဲထုတ်ပစ်လိုက်တဲ့ လျှပ်စီးကြောင်းလိုပင်။

ဟုတ်တယ်၊ ဒါက တိုးတက်မှုအသေးလေးပဲ။ ဒါကငါ့အတွက် ဘယ်လိုလုပ် အခက်အခဲဖြစ်မှာလဲ?

ဝိုင်းဝိုင်းက မျက်မှောင်ကြုတ်ကာ ထထိုင်ဖို့ ကြိုးစားလိုက်သည်။ ဒီအချိန်မှာ သူ့မှာအကောင်းတိုင်းရှိ‌နေတဲ့နေရာမှာ မရှိပေ။ ဒဏ်ရာတိုင်းသည် အရမ်းနက်ရှိုင်းပြီး အရိုးများပင် မြင်နေရသည်။ ဒါတောင် မှသူရှုံးတာကို ဝန်ခံလိုစိတ်မရှိပေ။ ဟင့်အင်း! ငါဒီလောက်နှစ်ပေါင်းများစွာနေ‌ထိုင်ခဲ့တာ ချူးလေးလိုမျိုး သူ့ကိုအရသာရှိတဲ့ အစားအသောက်တွေပေးတဲ့သူကို ရှာတွေ့ဖို့မလွယ်ဘူး။ ကျန်နေသေးတဲ့ အစားအသောက်တွေကိုတောင် မစားရသေးတာ၊ ဘယ်လိုလုပ် မြန်မြန်သေလို့ရမှာလဲ!

ဝိုင်းဝိုင်းက စိတ်အားထက်သန်နေတာကိုမြင်တော့ မော့ချူးလည်း နောက်ဆုံးတွင် သက်ပြင်းချလိုက်မိသည်။ ဆန့်ကျင်ဘက်မှာတော့၊ အချိန်ကုန်လာသည်နှင့်အမျှ အလင်းတန်းသည် ပိုမိုတောက်ပလာကာ အထဲရှိ သွေးအလင်းသားရဲဟာ လိမ္မော်သီးခြောက်နဲ့တူလာသည်။

မော့ချူးက ဘေးနားမှာ ရပ်ကြည့်နေသည်။ သူမ နှလုံးသားတွေ နာကျင်ပြီး စိုးရိမ်နေမိသည်။ ရုတ်တရက် သူမတစ်ခုခုကို‌ တွေးမိလိုက်သလိုမျိုး သူမမျက်လုံးတွေ တောက်ပလာသည်။ သူမ ခေါင်းကို အမြန်ငုံ့လိုက်ပြီး သူမရဲ့ကိုယ်ပိုင်ခလုတ်ခုံကို သုံးလိုက်သည်။

"ချူးလေး ဘာလုပ်နေတာလဲ?" အလင်းတန်းတွေ ဘက်ဆီ သူမ သွားမလို့လုပ်တာကိုမြင်တော့ မော့ယန်ရဲ့ မျက်နှာမှာ စိုးရိမ်တကြီး ဖြစ်သွားသည်။ သူ သူမကို အမြန်ပြန်ဆွဲလိုက်သည်။ ဝိုင်းဝိုင်း အပေါ် ‌ချူးလေးရဲ့ခံစားချက်ကို သူသတိပြုမိသည်။ ဒီအလင်းတန်းကို အရမ်းအစွမ်းထက်လှသည့် သွေးအလင်းသားရဲကဲ့သို့ ခက်ထန်သော မှော်သားရဲတစ်ကောင်ပင်လျှင်အသွေးအသားထဲကနေ သည်းမခံနိုင်ပေ။ ချူးလေးသာဝင်သွားလျှင် သေသွားလိမ့်မည်ပင်။

“အစ်ကို” မော့ချူးက သူမလက်ကို ဝှေ့ယမ်းလိုက်သည်။

“ညီမက ဝိုင်းဝိုင်းကို စားစရာနည်းနည်းပေးမလို့ပါ၊ အဆင်ပြေပါတယ်"

ဒီတစ်ခါတော့ မော့ချူး လက်ထဲက အစားအစာကို မော့ယန်သတိထားမိလိုက်သည်။ သူသေချာကြည့်လိုက်တော့အဲ့ဒါတွေဟာ အရင်က သူမ သိမ်းဆည်းထားသည့်ရိက္ခာတွေဖြစ်သည်။ အခု‌တော့ အဲ့ဒါတွေအားလုံးကို ဝိုင်းဝိုင်းအတွက် အကုန်ထုတ်ထားပြီး နည်းနည်းလေးတောင်မကျန်တော့ပေ။

“အစ်ကိုသွားမယ်” မော့ယန်ပြောလိုက်သည်။ ဒီအလင်းတန်းက မော့ချူးကို အန္တရာယ်ဖြစ်စေနိုင်မလားဆိုတာ ဘယ်သူပြောနိုင်မှာလဲ? မော့ချူးကို ဒီအန္တရာယ်ထဲ သူဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲ?

မော့ချူးက မော့ယန်ရဲ့လက်ကို ရှောင်လိုက်ပြီး ခေါင်းခါလိုက်သည်။ သူမရဲ့သိမ်မွေ့တဲ့မျက်နှာက တည်ငြိမ်နေသည်။ "ညီမသွားမယ်! စိတ်မပူပါနဲ့ ဘာမှမဖြစ်ပါဘူး"

မော့ချူးက မော့ယန်ကို ငြင်းဖို့ အခွင့်အရေးမပေးချေ။ သူမက ဝိုင်းဝိုင်းဆီ တိုက်ရိုက် လျှောက်သွားလိုက်သည်။

ဝိုင်းဝိုင်းက မော့ချူးရဲ့ခြေသံကို ကြားလိုက်လို့လား ဒါမှမဟုတ် အစားအစာအနံ့ရလို့လား မသိပေ။ ဝိုင်းဝိုင်းက သူ့ခေါင်းကို နည်းနည်းမော့လိုက်တော့ မော့ချူး ပုံသဏ္ဍာန်သည် သူ့၏ နီရဲတောက်ပနေသည့် မျက်လုံးများတွင်ထင်ဟပ်နေသည်။

"အာဝူး အာဝူး-" မင်းဘာလို့ ဒီကိုရောက်နေတာလဲ?

ဝိုင်းဝိုင်း မျက်နှာပေါ်တွင် စိုးရိမ်သောက အမူအရာတွေက ရုန်းကန်နေသည်။ သူက မော့ချူးကို အားအင်အပြည့်နဲ့လက် ဝှေ့ယမ်းပြလိုက်သည်။ မြန်မြန်သွား!

မော့ချူးက အလင်းတန်းနဲ့ ၂၀ စင်တီမီတာအကွာလောက်မှာရပ်လိုက်သည်။ ကံကောင်းထောက်မစွာနဲ့၊ အလင်းတန်းက သူမကို ဒုက္ခမပေးပါချေ။ ဝိုင်းဝိုင်းနဲ့ မော့ယန်မှာ မတတ်နိုင်ဘဲ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။

“လာခဲ့!” မော့ချူးက စားစရာအားလုံးကို တင်းကြီးတစ်ခုထဲ ထည့်ကာ ပြင်းပြင်းထန်ထန် တွန်းပေးလိုက်သည်။ သူမရဲ့ ရည်ရွယ်ချက်က မဆိုးပေ၊ သူမက တောင်းကို ဝိုင်းဝိုင်းနားတွန်းလိုက်သည်။

ဝိုင်းဝိုင်းက ရင်းနှီးတဲ့အနံ့ကိုရတော့ မနေနိုင်ဘဲ အနံ့ခံလိုက်သည်။ သူ့မျက်နှာပေါ်တွင် သရေယိုတဲ့အမူအရာတွေ ပေါ်လာသည်။ သူ့ခြေသည်းတွေနဲ့ ခြင်းတောင်းကို ခက်ခက်ခဲခဲနဲ့ ကုတ်ခြစ်လိုက်သည်။ နောက်ဆုံးတော့ အသားတစ်ပိုင်းကိုသူ ခက်ခက်ခဲခဲ ရလိုက်ပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲလာလိမ့်မည်လို့ သူမမျှော်လင့်ထားပေ။ သူ့လက်ကို လှုပ်လိုက်တာနဲ့ အစာက မြေပြင်ပေါ် တဟုန်ထိုးကျသွားသည်။

"အာဝူး-" ဝိုင်းဝိုင်းက ဝမ်းနည်းစွာနဲ့ အော်ဟစ်လိုက်သည် ။ သူ့ပုံရိပ်ကို ဂရုမစိုက်တော့ဘဲ မြေကြီးပေါ် လှဲချလိုက်ကာ သူ့ခေါင်းကို ခြင်းတောင်းထဲ မြှုပ်လိုက်ပြီး ပါးစပ်နဲ့ တိုက်ရိုက်စားလိုက်သည်။

အစားအသောက်ခြင်းတောင်းရဲ့ ထက်ဝက်ကျော်လောက် ပြောင်သွားတော့ ဝိုင်းဝိုင်းရဲ့ စိတ်နဲ့ စွမ်းအင်တွေဟာ သိသိသာသာ တိုးတက်လာသည်။ သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာတွေက သွေးထွက်နေသေးပေမယ့် ဒဏ်ရာအသစ်တွေတော့ မတွေ့ရတော့ပေ။

အချိန်တွေ တရွေ့ရွေ့နဲ့ကုန်သွားသည်...

အချိန်အတိုင်းအတာတစ်ခုအထိ ကြာပြီးနောက် အလင်းတန်းတွေက နောက်ဆုံးတွင် ပြန့်ကျဲသွားသည်။

"အာဝူး အာဝူး-" ဝိုင်းဝိုင်း ရုတ်တရက် ထရပ်လိုက်သည်။ သူ့မျက်လုံးတွေက တောက်ပနေပြီး သူ့အသံက စိတ်ကြီးဝင်ကာ လွှမ်းမိုးမှုတွေအပြည့်ပင်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အက်ကွဲနေသည့် အမွေးများကလည်း မှေးမှိန်သွားကာ အရေပြားအသစ်ဖြင့် ပြန်လည်မွေးဖွားလာသည့် ဖီးနစ်တစ်ကောင်လိုမျိုး တောက်ပနေကာ တစ်ချက်ကြည့်လိုက်တာနဲ့ လျှော့တွက်လို့မရမှန်းသိသာလှသည်။

တစ်ညတာ ပင်ပန်းခဲ့ရတဲ့အပြီးတွင် ဒီကောင်လေးက နောက်ဆုံးတွင် အောင်မြင်စွာ အဆင့်တက်သွားပြီဖြစ်သည်။

အခုမှပဲ သူမတို့ပတ်ပတ်လည်တွင် မှော်သားရဲတွေ ရှိနေမှန်း မော့ချူး သိလိုက်ရသည်။ သူတို့က ဝိုင်းဝိုင်းကို ချစ်ကြောက်ရိုသေစွာနဲ့ ကြည့်နေကြသည်။ သူတို့က ဝိုင်းဝိုင်းကို သူတို့ရဲ့ ခေါင်းဆောင်လို ကြည့်နေကြသည်။

အဆင့်တက်သွားတော့ ဝိုင်းဝိုင်းက မော့ချူးဆီ ချက်ချင်းပြေးသွားသည်။ သူ့မျက်လုံးတွေက ယုံကြည်မှုနှင့် ပျော်ရွှင်မှုအပြည့်ပင်။ သူ့ရဲ့ခေါင်းကြီးက မော့ချူးရဲ့ပခုံးပေါ်တွင် အနည်းငယ် ယိမ်းကာမှီထားသည်။ စိုစွတ်နေသည့်သူ့ရဲ့ နှာခေါင်းဖြင့် သူမကို ပွတ်နေသေးသည်။ သူ့ရဲ ချစ်စဖွယ် အသွင်အပြင်သည် ကြောင်တောင်တောင်မဖြစ်နေပေ။

မော့ချူးအနေနဲ့ သူမရဲ့ သွေးအလင်းသားရဲက ချစ်စရာသတ္တဝါဖြစ်တာကို ဟိုးအရင်ကတည်းက သိထားသည်။ သို့သော်လည်း ပတ်ဝန်းကျင်မှ မှော်သားရဲများ၏ မျက်လုံးများရှိ ထိတ်လန့်တုန်လှုပ်မှုကို မြင်လိုက်ရတော့ မော့ချူးရဲ့ နှုတ်ခမ်းထောင့်တွေက မတတ်နိုင်ဘဲ နည်းနည်း ကွေးတက်သွားသည်။

ဟမ်? စွမ်းအားကြီးပြီး လွှမ်းမိုးနိုင်တဲ့ သွေးအလင်းသားရဲက ဘာဖြစ်သွားတာလဲ? မှော်သားရဲရဲ့ ဒီလိုရှားပါးတဲ့ အဆင့်တက်မှုက ဘာဖြစ်သွားတာလဲ? သူ့ရဲ့ပုံစံက နည်းနည်းကွာတယ်လို့ သူတို့ဘာလို့ခံစားနေရတာလဲ?

မှော်သားရဲအားလုံးရဲ့ ရင်ထဲတွင် မတတ်နိုင်ဘဲ မခံမရပ်နိုင်မှုကို ခံစားလိုက်ရသည်။

All Chapters