အပိုင်း ၈၆
Vol. 6 Ch. 86
"အဟမ်း!" ဘေးမှာရပ်နေတဲ့ မော့ယန်က မနေနိုင်တော့ပေ။ သူ ချောင်းနည်းနည်း ဟန့်လိုက်ပြီး ဝိုင်းဝိုင်းရဲ့အမူအရာကို ကြည့်လိုက်သည်။ သူ့ရဲ့ခေါင်းကြီးက မော့ချူးရဲ့ပခုံးပေါ်မှာရှိနေသည်။
သူ့ရဲ့နီရဲဲရဲ မျက်လုံးတွေက သူ့ပတ်ဝန်းကျင်ရှိ မှော်သားရဲများကို ဖြတ်ကြည့်လိုက်တဲ့အခါ၊ သူ့ရဲ့အငွေ့အသက်တွေက လွှမ်းမိုးနိုင်တဲ့ပုံစံအဖြစ် ပြောင်းလဲသွားပြီး ပေါက်ကွဲထွက်တော့မလိုပင်။
ဒီရိုးရှင်းတဲ့ အကြည့်တစ်ချက်က မှော်သားရဲ အားလုံးကိုကြောက်သွားစေဖို့ လုံလောက်ပြီး သွေးအလင်းသားရဲနဲ့ပတ်သက်သည့် အရင်က အတွေးတွေအားလုံးကို အမြန်ဖယ်ထုတ်လိုက်မိစေသည်။
နောက်ဆုံးတွင် မော့ချူးမှာ ဒီမှော်သားရဲအုပ်စုကိုကြည့်ဖို့ အချိန်ရလိုက်သည်။ သူတို့ကို သူမ မြင်တဲ့အချိန်အထိ ဘာဖြစ်နေလဲဆိုတာကို သူမ တကယ်သတိမထားမိသေးပေ။ ပတ်ပတ်လည်တွင် မှော်သားရဲတွေသာမက သူတို့ရဲ့အဆင့်ကလည်း အရမ်းမြင့်သည်။ သူမ ကြည့်ကြည့်လိုက်တော့ အဆင့်၇၊ ၈လောက်ရှိသည့် မှော်သားရဲတစ်ချို့ကိုတွေ့လိုက်ရသည်။
လူသားများနှင့် နှိုင်းစာလျှင် မှော်သားရဲများသည် 'အားနည်းတဲ့သူတွေက အားကြီးတဲ့သူ စကားကိုနားထောင်ရမယ်' ဟူသော နိယာမကို သိကြောင်း သူမ သိသည်။ မတူညီသော သွေးအဆင့်များက မတူညီသည့် အခွင့်အလမ်းများကို ကိုယ်စားပြုပြီး အဆင့်နိမ့်သားရဲတွေကို ပိုပြီးဖိနှိပ်ချုပ်ခြယ်နိုင်သည်။
အရင်တုန်းကတော့ ဝိုင်းဝိုင်းက သူ့ရဲ့သွေးအဆင့်တွေကိုသာ အားကိုးပြီး ဒီမှော်သားရဲတွေကို ခြိမ်းခြောက်ထားသည်။ အခုလို သူ့ရဲ့ခွန်အားသစ်က အရမ်းတိုးတက်လာတော့ သူ့ကိုယ်ပိုင်စွမ်းရည်ကို အားကိုးနိုင်ပြီဖြစ်သည်။
"အာဝူး အာဝူး-" ဝိုင်းဝိုင်းရဲ့အော်သံက ကျယ်လောင်ပြီးကောင်းကင်ကိုတောင် တုန်လှုပ်သွားစေသည်။ သူ့ဟိန်းဟောက်သံက ခံ့ညားလှသည်။
အဝေးရှိ အဆင့်နိမ့် မှော်သားရဲများက ဝိုင်းဝိုင်းရဲ့ တမင်တကာ ချဲ့ကားထားသည့် ဖိအားကို ခံနိုင်ရည်မရှိကြတဲ့အတွက် အုပ်စုကြီးတစ်ခုလုံး ဒူးထောက်ကျသွားကြသည်။ အနီးနားရှိ အဆင့်မြင့် မှော်သားရဲတွေကတော့ မျက်နှာဖြူဖျော့စွာနဲ့ ထိန်းထားကြသည်။
ဝိုင်းဝိုင်းက ခေါင်းငုံ့ကာ သူ့နှုတ်ခမ်းက နည်းနည်းကွေးညွှတ်သွားပြီး ဖန်တီးထားတဲ့ သူ့အောင်မြင်မှုကို ကျေနပ်နေဟန်ပင်၊ 'ဟမ့် မဆိုးပါဘူး'
ဒီစွမ်းအားတွေက အလဟသ မဖြစ်ပေ။ တစ်ယောက်ကိုတစ်ယောက် အကြိမ်ကြိမ် ကြည့်ပြီးတဲ့နောက်မှာ မှော်သားရဲအုပ်စုက ပစ္စည်းတွေကို ထုတ်ယူဖို့ တက်ညီလက်ညီ လှုပ်ရှားကြတော့သည်။ မော့ချူးက ဘာတွေဖြစ်နေလဲဆိုတာ မသိပေ။ သူမကတော့ ဘာမှ မခံစားရပေ။ ဒါကိုမြင်လိုက်ရတဲ့ မော့ယန်ကတော့ မနေနိုင်ဘဲ ပင့်သက်ရှိုက်လိုက်မိသည်။
ဘုရားရေ! ဒီမှော်သားရဲတွေက ကောင်းကင်နဲ့မြေကြီးရဲ့ နာမည်ကြီး ဆက်နွယ်ရတနာကို စုဖို့လုပ်နေကြတာပဲ! အဲ့ဒီထဲက တစ်ခုနှစ်ခုကို ဈေးမြင့်မြင့်နဲ့ ရောင်းလို့ရသည်။ ဒီမှော်သားရဲတွေက တကယ်ကြီး ဝိုင်းဝိုင်းကို နာခံကြတာလား?
မော့ယန် သူ့ရဲ့ခံစားချက်တွေကို မထုတ်မိခင် ဝိုင်းဝိုင်းက ဂျီးများနေသည်။ သူ့ပါးစပ်ထောင့်က နည်းနည်းမဲ့နေပြီး သိပ်ကျေနပ်ပုံမပေါ်ပေ!
ဒီဟာတွေကိုတောင် စိတ်မကျေနပ်ဘူးပေါ့လေ? ဝိုင်းဝိုင်းရဲ့ လိုအပ်ချက်တွေက မြင့်လွန်းတယ်လို့ မော့ယန် ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
ခက်ခက်ခဲခဲဖြင့် နောက်ဆုံးတော့ ဝိုင်းဝိုင်းက ရောင်စုံအသီးအနှံတစ်ခုကို ယူလိုက်သည်။ ပါးစပ်ထဲကို ထည့်ပြီး ဝါးလိုက်တော့ နာကျင်စွာနဲ့ အော်ဟစ်လာသည်။အရမ်းခါးတာပဲ!
နောက်တော့ ဝိုင်းဝိုင်းရဲ့ ကြီးမားကာ အဆီဖုံးနေတဲ့ မျက်နှာကလျင်မြန်စွာ မဲ့ကျသွားသည်။ အကြိမ်အနည်းငယ်လောက် ကျန်နေတဲ့အသီးတွေကို သူတွေးထုတ်လိုက်သည်။ သူက မုန်းတီးစွာနဲ့ သူ့လက်ဖဝါးကိုမြေပြင်ပေါ် ရိုက်ချလိုက်သည်။
အား ရိုး၊ ဆိုးလိုက်တဲ့အသီး!
မော့ယန်မှာ အနောက်ကနေ သူ့ကို ကြည့်နေရင်း သူ့ရင်ထဲမှာ သွေးထွက်လုမတတ်ပင်။ ဒီဟာက ထင်ရှားသည့်မီးခိုးရောင် အသီးဖြစ်သည်။ အဲ့ဒီအသီးဟာ တန်းမြင့်ဆေးဖက်ဝင်ဆေးပြားတွေကို သန့်စင်ရာတွင် အထူးအသုံးပြုသည့် ပါဝင်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။ ထုတ်လုပ်မှုနည်းသောကြောင့် စျေးနှုန်းမှာလည်း အလွန်မြင့်သည်။ ဝိုင်းဝိုင်းက တစ်ချက်ကိုက်ရုံနဲ့ ဖက်ဒရယ် ဒင်္ဂါးပြား အများအပြားကို ဖြုန်းပစ်လိုက်သည်။
"အာဝူး အာဝူး-" ကောင်းပြီ၊ ပစ္စည်းတွေကို ထားခဲ့လိုက်။ မင်းတို့ သွားလို့ရပြီ။
အခုပဲ အသီးအနှံကြောင့် ဆိုးဆိုးရွားရွား ခံစားခဲ့ရလို့ ဝိုင်းဝိုင်းမှာ စိတ်အခြေအနေ မကောင်းတဲ့အတွက် ဒီမှော်သားရဲအုပ်စုကို စိုက်ကြည့်လိုက်သည်။ သူက ထွက်သွားဖို့ သူတို့ကို လက်ဝှေ့ယမ်းလိုက်သည်။
ဝိုင်းဝိုင်းရဲ့ပေါင်ကို အောင်မြင်စွာ မဖက်တွယ်ကပ်နိုင်ခဲ့တဲ့အတွက် အရမ်းနောင်တရသလို ခံစားရပေမယ့် မှော်သားရဲအုပ်စုက ဝိုင်းဝိုင်းရဲ့အမိန့်ကို ပွင့်ပွင့်လင်းလင်းမငြင်းဆန်ရဲပါချေ။ ဒါကြောင့် အရပ်ရပ်သို့ ပြန်ခွဲထွက်သွားကြသည်။
မော့ချူးက ဘေးကနေကြည့်ကာ နှုတ်ခမ်းထောင့်တွေ တွန့်ကွေးသွားသည်။ ဆိုတော့ ဒီမှော်သားရဲလေးတွေက ဝိုင်းဝိုင်းကို လက်ဆောင်ပေးဖို့ စိတ်အားထက်သန်နေကြတာပေါ့။ သေချာပေါက်ကို၊ အားနည်းသူက သန်မာသူတွေကို ချီးမွမ်းတဲ့ကိစ္စက နေရာတိုင်းမှာ ရှိကြသည်။
မှော်သားရဲအုပ်စု ထွက်သွားတော့ ဝိုင်းဝိုင်းက ချက်ချင်းဘဲ မူလအခြေအနေကို ပြန်ရောက်သွားသည်။ သူက လက်ဆောင်တွေအားလုံးကို မြန်မြန်စုပြီး သူ့ဗိုက်နှစ်ဘက်က အိတ်ကပ်ထဲထည့်လိုက်သည်။
ဝိုင်းဝိုင်း အောင်အောင်မြင်မြင်နဲ့ အဆင့်တက်သွားတော့၊ အိတ်ကပ်နဲ့တူတဲ့ အရာနှစ်ခုက သူ့ရဲ့ဗိုက်နှစ်ဘက်စလုံးတွင် ပေါ်လာတာကို မော့ချူး သတိထားမိလိုက်သည်။ အဲ့ဒါက သားပိုက်ကောင်တွေရဲ့ အိတ်ကပ်နှင့် ခပ်ဆင်ဆင်တူသည်။ သို့ပေမယ့် ဝိုင်းဝိုင်းရဲ့ကိုယ်ထည်ရှိ အိတ်ကပ်တွေရဲ့အရောင်က သူ့အမွှေးအရောင်နှင့် တူသည်။ သေချာမကြည့်မိရင် မသိနိုင်ပေ။
အိတ်နှစ်ဖက်ကို ဖြည့်ပြီးသွားတော့ မြေပြင်ပေါ်တွင် လက်ဆောင်အနည်းငယ်သာ ကျန်တော့သည်။ ဝိုင်းဝိုင်း သူနှုတ်ခမ်းတွေကို သပ်လိုက်သည်။ လက်ဆောင်တွေ မလုံလောက်သေးဘူးလို့ သူ ခံစားနေရတုန်းပဲ။
"အာဝူး အာဝူး-" သူက မော့ချူးဘက်ကို ခုန်လိုက်ပြီး သူ့အိတ်ကပ်ထဲက အသီးတစ်ဒါဇင်ကို ချက်ချင်းထုတ်လိုက်ကာ မော့ချူးကို ပေးလိုက်သည်။ “ဒီမှာ ဒါတွေအားလုံး မင်းအတွက်ပဲ။ နောင်မှာ၊ ဒီဟာတွေကို ငါ့အတွက် ပိုအရသာရှိအောင် ချက်ပြုတ်ပေး။ အကျိုးသက်ရောက်မှုတွေက ပိုကြီးလိမ့်မယ်!”
မော့ယန်ကိုတော့ ဝိုင်းဝိုင်းက သူ့ကို လုံးဝလျစ်လျူရှုထားသည်။
မော့ချူးက မနေနိုင်တော့ဘဲ မော့ယန်ကို အသီးတစ်ဝက်ခွဲပေးလိုက်သည်။ မော့ယန် လက်လှမ်းမယူရသေးခင် ဝိုင်းဝိုင်းဆီကနေ အရိုက်ခံလိုက်ရသည်။ သူ့ကိုရိုက်ပြီးသွားတော့ ကောင်လေးက ခေါင်းကိုတောင် မောက်မာစွာနဲ့လှည့်လိုက်သည်။ 'ဒါက ငါ့ပိုင်၊ မင်းကိုမပေးဘူး´ လို့ပြောနေသလိုမျိုး အေးစက်စက်နဲ့ နှာမှုတ်လိုက်သည်။
"ဝိုင်းဝိုင်း!" မော့ချူးက မျက်မှောင်ကြုတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “မင်း အောင်အောင်မြင်မြင်နဲ့ အဆင့်တက်သွားတာ မော့ယန်ကို ကျေးဇူးတင်ရမယ်။ ငါတို့သာ စစ်တက္ကသိုလ်မှာ ရှိနေသေးရင် မင်းကို သေသေချာပေါက် ဖော်ထုတ်မိသွားမှာ၊ အခု မင်းရဲ့သဘောထားက ဘယ်လိုတောင်လဲ?"
မော့ချူးရဲ့စကားကိုကြားတော့ ဝိုင်းဝိုင်းက မော့ယန်ကိုလှည့်ကြည့်လိုက်သည်။ အချိန်အတော်ကြာစဥ်းစားပြီးတဲ့နောက် နောက်ဆုံးတော့ သူက အိတ်ကပ်ထဲကနေ ရုပ်ဆိုးတဲ့ အသီးသေးသေးတစ်လုံးကို ယူလိုက်ကာ လေးစားမှုအပြည့်မျက်နှာနဲ့ ကမ်းပေးလိုက်သည်။ ' ဒီမှာ ဒါ မင်းအတွက်'
သူ့လက်ထဲက အသီးကို ကြည့်ရင်း မော့ယန်မှာ ရယ်ရမလား ငိုရမလား မသိတော့ပေ။ ဒီကောင်လေးက တကယ်ကို အာဃာတ ထားထားတာပဲ။