အပိုင်း ၉၂
Vol. 7 Ch. 92
မကြာခင်မှာပဲ၊ သူတို့တွေ ဝမ်းနည်းနေတာ အရမ်းစောသွားမှန်း သဘောပေါက်လိုက်သည်။
အင်တာနက်သုံးစွဲသူတွေရဲ့ တိုက်တွန်းမှုအောက်မှာ အတော်ကြာပုန်းကွယ်နေတဲ့ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' ဆိုတဲ့ဆိုင်ရှင်က နောက်ဆုံးတော့ အွန်လိုင်းဖြစ်လာသည်။ သူက အရင်လိုပဲ တစ်ဇွတ်ထိုးဆန်ကာ ဗိုလ်ကျနေဆဲပင်....
[ဆိုင်က အခုမှဖွင့်တာဖြစ်လို့ ဒီလမှာ ပစ္စည်းတွေကိုတစ်ခါထပ်တင်ပေးပါမယ်။ အခုကစပြီး၊ လတိုင်းကို စိတ်ဝိညာဉ်ဟင်းလျာငါးပွဲပဲတင်မှာပါ။ အရင်လာတဲ့သူ အရင်ရပါမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်]
ဟက်! မရေမတွက်နိုင်တဲ့ ဆိုင်ပိုင်ရှင်တွေမှာ သူတို့ရဲ့ကိုယ်ပိုင်ခလုတ်ခုံကို ချိုးဖျက်ချင်သွားကြသည်။ မင်းက ဘာလို့အရမ်းတစ်ဇွတ်ထိုးနိုင်ရတာလဲ? ပိုက်ဆံမရှာချင်တော့ဘူးလား? ဘာလုပ်ဖို့ကြိုးစားနေတာလဲ? အဲ့ဒါကို ထပ်နှိုင်းယှဉ်ကြည့်တော့ သူတို့အားလုံး ရင်နာသလိုတောင်ခံစားလိုက်ရသည်။
လူအများစုက ဆိုင်ပိုင်ဆိုင်ရှင်အပေါ် အားကျမနာလိုဖြစ်တာကို မထိန်းနိုင်ကြပေမယ့် ရင်နာသလိုလည်း ခံစားရသေးသည်။
သေစမ်း၊ တစ်လမှ စိတ်ဝိညာဉ်ဟင်းလျာငါးပွဲပဲ ရောင်းမယ်?
ဝယ်သူတွေက သောင်းနဲ့ချီရှိနေတာ သူတို့ကအဲ့ဒါကိုဘယ်လိုခွဲဝေကြမှာလဲ?
ဒါကြောင့်၊ ဟုမ်းပေ့ခ်ျအောက်တွင် လူအများအပြားက ကုန်ပစ္စည်းအရင်းအမြစ်တွေကို ရှာဖွေဖို့ ကြိုးစားနေကြသည်။ 'အမြင့်ဆုံးလေလံဆွဲနိုင်တဲ့သူ' ဆိုတဲ့လေလံဆွဲချင်တဲ့လူတွေတောင်ပါသေးသည်။ သို့ပေမယ့် ဆိုင်ရှင်က ပြန်မဖြေလာတဲ့အတွက် သူတို့မှာ သက်ပြင်းချရုံပဲ ရှိတော့သည်။ သူတို့ရဲ့အာရုံကို စိတ်ဝိညာဉ်ဟင်းပွဲငါးပွဲဆီကို ပြောင်းလိုက်ပြီး သူတို့ရဲ့စွမ်းရည်တွေကိုပြသဖို့အဆင်သင့်ဖြစ်နေကြသည်။
"ဘာလို့အရေအတွက်တွေကို ကန့်သတ်မှာလဲ?" မော့ယန်က နားမလည်နိုင်စွာ မေးလိုက်သည်။
မော့ချူးရဲ့နှုတ်ခမ်းထောင့်တွေက နည်းနည်းကွေးတက်သွားသည်။ သူမရဲ့မျက်လုံးနက်နက်လေးတွေက စိန်တွေလို တောက်ပလာသည်။ "ပြောစကားတွေအရ၊ ပိုရှားပါးလေ ပိုတန်ဖိုးကြီးလေပဲတဲ့။ တစ်လမှာ စိတ်ဝိညာဉ်ဟင်းပွဲငါးပွဲပဲ ရောင်းတာက လူတွေရဲ့ စိတ်အားထက်သန်မှုတွေ လျော့သွားမှာမဟုတ်မှန်း ညီမလေးအာမခံတယ်။ ဒါ့ပြင်၊ အရေအတွက်ကို ကန့်သတ်လိုက်တဲ့အတွက် စိတိဝိညာဉ်ဟင်းပွဲတွေရဲ့ ထုတ်လုပ်မှုက အရမ်းခက်ခဲတယ်လို့ လူတွေရဲ့မသိစိတ်ကနေ ထင်သွားရအောင်ပဲ။ အဲ့ဒီလိုနည်းနဲ့ဆို သူတို့ရဲ့အထောက်အထားတွေကို ဖော်ပြဖို့ ပိုခက်ခဲသွားလိမ့်မယ်"
သူတို့နှစ်ယောက် ဘာအကြောင်းပြောနေလဲဆိုတာကို ဝိုင်းဝိုင်း သိပ်နားမလည်ပေမယ့် သူကမော့ချူးနောက်လိုက်ကာ မော့ယန်ကို မျက်လုံးလှိမ့်ပြနေသေးသည်။
တစ်ဖက်မှာတော့ မော့ချူးက စိတ်ဝိညာဉ်ဟင်းလျာတွေကို တင်လိုက်သည်။ အသက်တစ်ချက်ရှုချိန်လေးမှာဘဲ ဝိညာဉ်ဟင်းလျာငါးပွဲရဲ့ အော်ဒါတွေ အားလုံးအပြောင်ရှင်းသွားသည်။
တစ်စက္ကန့်လောက် တိတ်ဆိတ်နေပြီးတဲ့နောက် 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'ရဲ့အရှေ့စာမျက်နှာတွင် သရဲအော်သံတွေ ဝံပုလွေအူသံ လှိုင်းလုံးတွေက ထပ်ပြီးပေါ်လာပြန်သည်။
[ဘာလို့လဲ! ငါမျက်တောင်ခတ်ရုံပဲရှိသေးတယ် အော်ဒါတွေအားလုံး ကုန်သွားပြီလား? ဘာတွေဖြစ်နေတာလဲ၊ ငါ့ကိုယ်ပိုင်ခလုတ်ခုံကပဲ တစ်ခုခုမှားနေတာလား?]
[သေစမ်း! ငါ့လက်ရဲ့အမြန်နှုန်းက ခရိုင်တစ်ခုလုံးမှာ အကောင်းဆုံးပဲကွ၊ ဘာလို့ ငါမရလိုက်တာလဲ? အိုး- ငါ့အင်တာနက် အမြန်နှုန်းက ဆိုးနေလို့ဖြစ်မယ်! အမှန်ဘဲ! အင်တာနက်အမြန်နှုန်းက တကယ်ဆိုးဆိုးဘဲ!]
[သွားစမ်းပါ! နင်ရှုံးသွားတိုင်း အင်တာနက်အမြန်နှုန်းကို အပြစ်လာတင်မနေနဲ့ ဟုတ်ပြီလား? ဒါပေမယ့် ငါလည်း တော်တော်ကောင်းနေပေမယ့် ဘာလို့မရတာလဲ? ဘာလို့လဲ!]
[ဟီးဟီး၊ ငါ့ရင်ထဲမှာ သွေးထွက်နေလို့ နင်တို့တွေငိုနေကြတာကို တိတ်တိတ်လေးပဲ ကြည့်နေတော့မယ်!]
[ဒီပစ္စည်း နောက်တစ်သုတ်အတွက် ငါခဏလောက် တုန့်ဆိုင်းနေမိတာ ကုန်သွားရော။ ဒီဟာတွေအတွက် ငါအရမ်းစိတ်ပိုင်းဖြတ်ထားပေမယ့် နောက်ဆုံးတော့ ကုန်သွားပြီ။ နောက်တစ်သုတ်အတွက် တစ်လတောင်စောင့်ရဦးမှာပေါ့၊ အိုး အိုး! ဒီဘဝတော့မျှော်လင့်ချက်မရှိတော့ဘူး!]
...
"ကျော်လင်၊ မင်းရလိုက်လား?" နျဉ်ယွိယွမ်က ဘေးနားမှာရပ်နေသည်။ သူ့ရဲ့ချောမောလှတဲ့မျက်နှာက ဓားတစ်စင်းလို ထက်ရှနေသည်။ သူ့ရဲ့ရှည်လျားဖြောင့်တန်းတဲ့ပုံစံက ကျောက်ဆောင်စွန်းက ထင်းရှားပင်လိုပင်။ သူကကြည့်ကောင်းကာ အလျှော့မပေးတတ်ပေ။
ကျောလင်မှာ သက်ပြင်းအရှည်ကြီးချလိုက်ပြီး သူ့ရဲ့တောင့်တင်းနေတဲ့လက်ချောင်းတွေကို ဖြေလျော့လိုက်သည်။ သူ့နှုတ်ခမ်းထောင့်က အပြုံးနဲ့အတူ ကွေးတက်သွားသည်။ "စိတ်မပူနဲ့၊ ငါက ဘယ်လိုလုပ် အမှားလုပ်မိမှာလဲ?"
"ဒါပေမယ့်" ကျောလင်က ကျွတ်သပ်လိုက်ပြီး သူ့မျက်လုံးတွေထဲ စိတ်ဝင်စားမှုတွေအပြည့်ပင်။ "ဒီတစ်ခေါက်၊ ပညာရှင်တချို့ထွက်လာတယ်! အခုလေးတင် စိတ်ဝိညာဉ်ဟင်းလျာတွေကို လုယူဖို့ကြိုးစားခဲ့တဲ့အမြန်နှုန်းနဲ့ဆို သာမာန်လူတွေအတွက်တော့ ရနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီစိတ်ဝိညာဉ်ဟင်းလျာက လူပေါင်းများစွာရဲ့ သိချင်စိတ်ကို နှိုးဆွပေးလိုက်တာပဲ!"
"ကောင်းတယ်!" နျဉ်ယွိယွမ်က သူ့ကိုချီးကျူးတယ်ဆိုတာရှားကာ ကျော်လင်ကို လုံးစိတ်လှုပ်ရှားသွားစေသည်။ သူက စိတ်လှုပ်ရှားလာတဲ့အခါဆို လေအိုးဖြစ်လာကာ စကားပြောတာ မရပ်နိုင်တော့ပေ။ "ဘော့စ်၊ ကျွန်တော် အရင်က စစ်ကြည့်လိုက်တယ်။ စိတ်ဝိညာဉ်ဟင်းလျာ ပထမအသုတ်က သုံးပွဲကို ဝယ်ခဲ့တဲ့လူတွေထဲက သုံးယောက်က အစိုးရကပေးတဲ့ အင်တာနက်ကိုသုံးထားကြတယ်။ IP လိပ်စာနောက်လိုက်ကြည့်တော့ သူတို့ရဲ့အထောက်အထားတွေကို ရှာတွေ့လိုက်တယ်။ စစ်ကြည့်ဖို့လူတွေကိုတော့ ပို့ထားပြီးပြီ။ သူတို့ပြောတာတွေက တကယ်အမှန်တွေကြီးပဲ"
"ရိုးရိုးသားသားပြောရရင်၊ အစကတော့ ကျွန်တော််မယုံခဲ့ဘူး။ ဒီလိုမှော်ဆန်တဲ့ပစ္စည်းက ဘယ်လိုလုပ် ရှိနိုင်မှာလဲ? ခဏနေရောက်လာရင် ကျွန်တော်တို့တွေ မြည်းကြည့်ကြည့်တာပေါ့"
"ဟုတ်တယ်!" နျဉ်ယွိယွမ်မှာ ရွေးချယ်စရာမရှိတော့ဘဲ သူစကားပြောနေတာကို ဖြတ်ပြောလိုက်သည်။ မဟုတ်လို့ရှိရင် သူက တစ်နေ့လုံးစကားပြောနေတော့မှာ။ "ဒီ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'ရဲ့ပိုင်ရှင်ရဲ့အထောက်အထားကို မင်း ရှာတွေ့ပြီလား?"
ကျောလင်က ရပ်သွားပြီ "သူတို့က ကိုယ်တိုင်လုပ်ထားတဲ့ကွန်ရက် ကိရိယာကိုသုံးထားတာ။ ဒီတော့ စုံစမ်းရခက်တယ်။ ဒါ့ပြင်၊ သူတို့က ကိုယ်ပိုင်လုပ်ကိရိယာကိုအချိန်မရွေး ပြောင်းနိုင်လောက်တယ်။ တိကျတဲ့သဲလွန်စတွေကို မသိမချင်း စုံစမ်းဖို့မလွယ်ဘူး"
ဒီ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' က အရမ်းကိုဆန်းကြယ်သည်။ ဒါ့ပြင်၊ သူစကားပြောတဲ့အခါတိုင်း အရမ်းသတိထားသည်။ ဘယ်သူမှ သူ့ကို လှုပ်အောင်မလုပ်နိုင်ပေ။ သူတို့တွေ ဘာသဲလွန်စမှ ရှာမတွေ့ပါချေ။
"ကောင်းပြီ၊ ငါသိပြီ" နျဉ်ယွိယွမ်က ခေါင်းညိတ်လိုက်ပြီး ဒီကိုလာနေတဲ့ ကျုံးဝမ်ဆီ ကြည့်လိုက်သည်။ "ပြင်ဆင်ထားတာတွေကရော ဘယ်လိုလဲ?"
ကျုံးဝမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ "ဘော့စ်၊ စိတ်မပူပါနဲ့။ မှောင်အပင်ငါးမျိုးကို ရုံးအရှေ့က အမြန်ချောပို့နေရာမှာထားထားပြီးပါပြီ။ နောက်ဆုံးပေါ် စွမ်းအားမြင့်မောနီတာကိုလည်း ထည့်သွင်းထားတယ်"
နျဉ်ယွိယွမ်ပြန်မပြောရသေးခင် ကျောလင်က နားမလည်ဖြစ်သွားသည်။ "စွမ်းအားမြင့်မော်နီတာ? အဲ့ဒါကဘာလဲ? ဘော့စ်၊ ဘော့စ်က ပစ္စည်းပို့သမားကို စောင့်ကြည့်မလို့လား?
သာမာန်အွန်လိုင်းရှော့တွေနဲ့ မတူဘဲ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'က လက်ရှိသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးမပြုပါချေ။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့မှာ ကိုယ်ပိုင်ပစ္စည်းပို့သမားရှိသည်။ ပစ္စည်းတွေကိုလာပို့တဲ့အခါ သူက မှော်အပင်တွေကို ထုတ်ယူရမည်ဖြစ်သည်။
ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း ရဲ့သဲလွန်စတွေကိုမရနိုင်ရင်တောင်မှ ပစ္စည်းပို့သမားကို သူတို့ရှာနိုင်သေးကာ သဲလွန်စတွေနောက် လိုက်ရင် တစ်ခုခုကိုသူတို့ရှာတွေ့နိုင်မှာပင်။
အခု၊ အကုန်လုံး အဆင်သင့်ဖြစ်နေပြီဖြစ်သည်။