အပိုင်း ၉၅
Vol. 7 Ch. 95
[အဲ့ဒီပစ္စည်းပို့သမားက လူသားမဟုတ်တာများလား?]
သို့ပေမယ့် ဒီခန့်မှန်းချက်က အရမ်းမယုံနိုင်စရာကောင်းတာကြောင့် ငြင်းပယ်ကြသည့် မှတ်ချက်တွေကြားထဲ အမြန်နစ်မြုပ်သွားသည်။
[မင်းက မျောက်လွှတ်လိုက်တဲ့ လူရွှင်တော်လား? ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?]
[ဟားဟား၊ အကြံကတော့ အရမ်းကောင်းတယ် ဒါပေမယ့်ကံမကောင်းစွာနဲ့ အဲ့ဒါက အစစ်မဟုတ်နေဘူး]
[အကဲဖြတ်ချက်တွေအရ အပေါ်ထပ်ကလူက အကြောက်လွန်ရောဂါ ခံစားနေရတဲ့ပုံပဲ။ ရှင်းပြစရာတောင်မလိုဘူး!]
ဒါပေမယ့် မကြာခင် တခြားဝယ်သူတစ်ယောက်က မက်ဆေ့ခ်ျဘုတ်မှာ ဓာတ်ပုံတစ်ပုံတင်လိုက်တော့ ဝဘ်ပေ့ခ်ျမှာ ချက်ချင်းတိတ်ကျသွားသည်။
အဲ့ဒါက စွမ်းအားမြင့်မော်နီတာမှ ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံလည်းဖြစ်သည်။ ပုံမှာ မျက်လုံးကြီးကြီးနဲ့မဟုတ်ပေမယ့် နှင်းလိုဖြူလှသည့် ပုံရိပ်တစ်ခုဖြစ်သည်။ caption ကိုတော့ စာလုံးသုံးလုံးသာ ရေးထားသည် - 'ပစ္စည်းပို့သမား'
စခရင်ကိုကြည့်နေကြတဲ့ အင်တာနက်သုံးစွဲသူတွေဟာလည်း အလျင်စလိုရောက်လာကြပြီး မတတ်နိုင်ဘဲ ခပ်ပြင်းပြင်း တံတွေးမျိုလိုက်သည်။ သူတို့မျက်လုံးတွေလည်း ပြူးကျယ်လာကြသည်။
ဒီဓာတ်ပုံက ဝါးနေပေမယ့် 'ဒါက သေချာပေါက် လူသားမဟုတ်ဘူး!' ဆိုတာကို ရှင်းရှင်းလင်းလင်းပြောပြနေသည်။
စွမ်းအားမြင့်မော်နီတာရဲ့ ကြည်လင်ပြတ်သားမှုမှာ အရမ်းထိတ်လန့်စရာကောင်းကြောင်း သိရမည်ပင်။ ဥပမာအားဖြင့်၊ စွမ်းအားမြင့်မော်နီတာရှိပုံကို အကြိမ် 1,000 လောက်နှေးလိုက်ပါက သာမာန်လူတစ်ယောက်ရဲ့ အမြင်ဖြင့် စောင့်ကြည့်နိုင်သည့် အမြန်နှုန်းဖြစ်လာလိမ့်မည်ပင်။
သို့ပေမယ့် ဒီ 'ပစ္စည်းပို့သမား' ကတော့ စွမ်းအားမြင့်မော်နီတာပေါ်တွင် ဝါးတားတားပုံရိပ်ကိုသာ ချန်ထားခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရသော် ဒီအရာသာ ကိုယ့်အရှေ့မှာဖြတ်သွားပါက လုံးဝကိုမြင်နိုင်လိမ့်မည်မဟုတ်ပေ! ဒီလိုကြောက်မက်ဖွယ်ရာ အမြန်နှုန်းက လူတိုင်းစိတ်ကူးနိုင်တာထက်ကို ကျော်လွန်နေပြီဖြစ်သည်!
၁၅ မိနစ်လောက် တိတ်ဆိတ်သွားပြီးနောက် အင်တာနက်ပေါ်တွင် ချက်ချင်းပေါက်ကွဲထွက်လာသည်။
[ဘုရားရေ! ဒါကဘာကြီးလဲ? အရမ်းမြန်တာပဲ!]
[ဒါက ဆိုင်ပိုင်ရှင်တီထွင်ထားတဲ့ အထူးတလည် Mecha များလား? ဒီလိုသာဆိုရင် ဒီဆိုင်ပိုင်ရှင်က သေချာပေါက် အရည်အချင်းရှိတဲ့သူပဲ!]
[ဒါက အထူးတလည် ခုခံကာကွယ်ရေးနည်းပညာများလား? ဒါပေမယ့် လူတစ်ယောက်မှာ အဲ့ဒီလိုမျိုး ကြောက်စရာကောင်းလောက်တဲ့ အရှိန်မျိုးရှိနိုင်ပါ့မလား?]
အမျိုးမျိုးသော ထူးဆန်းတဲ့အတွေးတွေ ထွက်ပေါ်လာပြီး စိတ်ကူးနိုင်တာရဲ့ အကန့်အသတ်ကို ကျော်လွန်သွားလုနီးနီးပင်!
[ဒီဓာတ်ပုံနှစ်ပုံက မှော်သားရဲနဲ့ အရမ်းဆင်တယ်လို့ တစ်ယောက်ယောက်များ သတိမထားမိဘူးလား?]
စကားတစ်ခွန်းက လှိုင်းလုံးထောင်ပေါင်းများစွာကို ဖြစ်သွားစေသည်။ ပို့စ်တင်တဲ့သူက သက်သေပြဖို့အတွက် ဓာတ်ပုံတချို့ကို ဂရုတစိုက်တင်လိုက်သည်။ [အားလုံးဘဲ၊ ကြည့်ကြပါ၊ ဒါက မြေခွေးပျံမှော်သားရဲပဲ! သူ့ရဲ့မက်မွန်သီးသဏ္ဍာန်သူငယ်အိမ်တွေနဲ့ နှင်းလိုဖြူစွတ်နေတဲ့အမွှေးတွေက ဒီဝယ်သူတွေရဲ့ပုံနဲ့ အတိအကျကိုတူနေတယ်!]
[ဒ့ါပြင်၊ မြေခွေးပျံတွေက သူတို့ရဲ့အရှိန်ကြောင့် နာမည်ကြီးကြတယ်လေ။ သူ့ရဲ့အရှိန်က ကြယ်သင်္ဘောတစ်စီးနဲ့ယှဉ်နိုင်တယ်လို့ ပြောကြတယ်။ ဒါကြောင့်၊ စွမ်းအားမြင့်မော်နီတာက သူ့ရဲ့ ပုံစံအပြည့်အဝကို မဖမ်းယူနိုင်တာပဲ]
ဓာတ်ပုံတွေနဲ့ အမှန်တရားကြောင့် လူတွေအနေနဲ့ မယုံဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။
[ဘုရားရေ!] သေသေချာချာနှိုင်းယှဉ်ကြည့်ပြီးတဲ့နောက်မှာ အင်တာနက်သုံးစွဲသူတွေအနေနဲ့ မနေနိုင်ဘဲ အံ့ဩတကြီး ဆိုလာကြတော့သည်။ [အဲ့ဒါက တကယ်ဘဲဟ!]
[ငါမခံနိုင်တော့ဘူး! နည်းနည်းမူးလာပြီ။ အရင်ဆုံးစိတ်အေးအေးထားပါရစေဦး! ကမ္ဘာကြီးက အရမ်းမြန်မြန်ကြီးကို ပြောင်းလဲနေတာပဲ။ ငါမနေနိုင်တော့ဘူး၊ ဘာလုပ်သင့်လဲ!]
[ဒီတော့၊ ငါ့ကိုစိတ်ဝိညာဉ်အစားအသောက်တွေလာပို့ပေးတဲ့သူက တကယ်တော့ မှော်သားရဲပေါ့?] 'ကျေးဇူးပြုပြီး ငါ့ကို ဘုရင်ကြီးလို့ခေါ်ပါ' ဆိုတဲ့သူက ထပ်ပြီး ခုန်ထွက်လာသည်။ သူ့စကားလုံးတွေထဲ နောင်တတွေအပြည့်ပင်။ [ဒီလိုရှားပါးတဲ့မြင်ကွင်းမျိုးကို ငါ့မျက်လုံးနဲ့ တကယ်ကြီး မမြင်ခဲ့ရဘူး! ငါတော့ရင်ကွဲပြီ၊ ဘယ်သူ့မှာကြိုးရှိကြလဲ? ငါ့ကို ငှားပေးကြပါ!]
အင်တာနက်သုံးစွဲသူတွေမှာ ဒီ ငတုံးကြောင့် ပြောစရာစကားတွေတောင် မဲ့သွားရသည်။ စွမ်းအားမြင့်မော်နီတာတွေကတောင် ပုံရိပ်ယောင်ကိုပဲ ဖမ်းမိလိုက်တာကို မင်းက မျက်လုံးနဲ့တောင် မြင်ချင်သေးတယ်လား၊ အိမ်မက်မက်နေတာလား?
"ချူးလေး၊ တစ်ချက်လာကြည့်ပါဦး!" မော့ယန်က မျက်မှောင်နည်းနည်းကြုတ်ထားသည်။
ဒီရက်အနည်းငယ်မှာ အင်တာနက်ပေါ်ကသတင်းတွေကို သူနည်းနည်း အာရုံစိုက်ထားမိသည်။ တစ်ယောက်ယောက်က မြေခွေးပျံလေးရဲ့ အထောက်အထားကို ရှာတွေ့သွားတာမြင်တော့ သူ့ရင်ထဲ နည်းနည်းတင်းကြပ်သွားသည်။
သူဘေးကိုကြည့်လိုက်တော့ အဲ့ဒီကောင်လေးက ဝိုင်းဝိုင်းနဲ့အတူ ဆိုဖာပေါ်မှာလှဲနေသည်။ သူ့လက်ထဲမှာတော့ အာလူးကြော်တစ်ထုပ်ကို ကိုင်ထားကာ ပျော်ပျော်ရွှင်ရွှင် ဝါးနေသည်။ ဘုရင်ကြီးက စိတ်မပူနေပေမယ့် မိန်းမစိုးကတော့ စိတ်ပူနေရတယ်!
"ဘာဖြစ်လို့လဲ?" မော့ချူးက အမြန်လျှောက်လာပြီး စခရင်ပေါ်ကမက်ဆေ့ခ်ျတွေကို တွေ့လိုက်ရသည်။ သူမမနေနိုင်ဘဲ အံ့ဩသွားရသည်။ မြေခွေးပျံလေးရဲ့ အထောက်အထားကို အချိန်အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူးဆိုတာ သူမ သိပေမယ့် ဒီလောက်ထိ မြန်လိမ့်မယ်လို့တော့ မထင်ထားပါချေ။ မျှော်လင့်ထားတဲ့အတိုင်း ပညာရှင်တွေက သာမာန်လူတွေကြားထဲမှာ ရှိနေတာဘဲ!
"စိတ်မပူပါနဲ့ အဆင်ပြေပါတယ်" မော့ချူးက မော့ယန်ကို ပြုံးပြလိုက်ပြီး ခိုင်ခိုင်မာမာပြောလိုက်သည်။ "မြေခွေးပြန်လေးကို ညီမလေး ခေါ်လာကတည်းက သူ့ကိုကာကွယ်ပေးဖို့ ပြင်ဆင်ထားပါတယ်"
"အစ်ကိုကြီး၊ သေချာကြည့်ကြည့်။ ဒီကောင်လေးက သာမာန်မြေခွေးပျံတွေနဲ့ ဘယ်လိုကွာလို့လဲ?"
ဒါကိုကြားတော့၊ မော့ယန် သူ့အကြည့်ကို မြေခွေးပျံလေးဆီ သေချာအာရုံစိုက်လိုက်သည်။ သူ့ရဲ့ခန္ဓာကိုယ်က သေးလာရုံတင်မက သူ့ကိုအံ့အားသင့်သွားစေတာကတော့ မြေခွေးပျံလေးရဲ့ ကျောပြင်က နှင်းလိုဖြူစွတ်နေတဲ့ အမွှေးတွေက ခရမ်းရောင်ဖျော့ဖျော့ပြောင်းသွားသည်ပင်! တစ်ချက်ကြည့်လိုက်တာနဲ့ မြေခွေးပျံလို့ မှော်သားရဲလို့ ဘယ်သူမှ ထင်ကြတော့မှာမဟုတ်ပေ။ အဲ့ဒါရဲ့ ဆန့်ကျင့်ဘက်အနေနှင့် သူက ဈေးကွက်တွေထဲက အဆင့်မြင့်အိမ်မွှေးတိရိစ္ဆာန်ဖြစ်တဲ့ ပျားရည်မြေခွေးနဲ့ ပိုတူသွားသည်။
မော့ချူးရဲ့နှုတ်ခမ်းတွေက အပြုံးတွေအဖြစ် ကွေးတက်သွားသည်။ အစောတုန်းက၊ သူမ ထူးဆန်းတဲ့ 'ခရမ်းရောင်ပန်း'ရှိတဲ့ မှော်အပင်တစ်ပင်ကို ရှာတွေ့ခဲ့သည်။ အဲ့ဒါကို အစားအစာအဖြစ် သုံးနိုင်သည်သာမက သူ့ရဲ့အရည်ကို ဆံပင်ဆိုးဆေးအဖြစ်နဲ့လည်း သုံးလို့ရသည်။ ဒါ့အပြင် ရေစိုသွားရင်တောင် အရောင်မကျွတ်သွားပေ။ ခရမ်းရောင်ပန်းရဲ့အသီးကိုချေပြီး ရေထည့်လိုက်မှ အရောင်ချွတ်လို့ရမည်ပင်။ ဒီအချိန်မှာတော့ ဒါက မြေခွေးလေးအတွက် အသင့်တော်ဆုံးအသွင်အပြင်ဖြစ်သည်။
မော့ယန် စိတ်အေးသွားရသည်။ သူက ချူးလေးကို ချီးကျူးတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။ သူ့ရဲ့ ညီမချစ်အကျင့်က ထပ်ပြီး ထွက်လာသည်။ ဟုတ်တယ်၊ သူ့ညီမလေးက တကယ်အတော်ဆုံးပဲ!