အပိုင်း ၉၆
Vol. 7 Ch. 96
"အာဝူး-" မော့ချူးကို မြင်တာနဲ့ ဝိုင်းဝိုင်းက သူ့သူငယ်ချင်းအသစ်လေးကို ချက်ချင်း စွန့်ပစ်လိုက်ပြီး မော့ချူးဆီ ပြေးလာသည်။
မော့ချူး လက်ဆန့်လာမှာကို မစောင့်နေဘဲ သူက မော့ချူး ရင်ခွင်ထဲခုန်ဝင်သွားသည်။
"လီ လီ-" ငါလည်းဖက်ချင်တယ်! အနောက်ကနေ လိုက်လာတဲ့ မြေခွေးပျံလေးကလည်း မော့ချူးကို ဖက်ချင်တဲ့မျက်လုံးတွေနဲ့ကြည့်လာသည်။ သူ့မျက်နှာပေါ်ကလိုချင်မှုကို မဖုံးကွယ်နိုင်ပါချေ။
ဒီသနားစရာကောင်းတဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတဲ့မော့ချူးမှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဝိုင်းဝိုင်းကိုချီထားရင်းနဲ့ မြေခွေးလေးကိုပါ ချီလိုက်တော့ အသေးလေးက ချက်ချင်း သူ့ရဲ့အသားအပြည့်နဲ့လက်နဲ့ မော့ချူးဆံပင်ကိုဆွဲလိုက်သည်။
အဲ့ဒါနဲ့တင်မပြီးသေးပေ။ ဝိုင်းဝိုင်းက မြေခွေးပျံလေးဘက်ကိုလှည့်ကာ စိုက်ကြည့်လိုက်သေးသည်။ ပုံမှန်ဆို ခပ်ဝိုင်းဝိုင်းနဲ့ ချစ်စရာကောင်းတဲ့ သူ့မျက်လုံးတွေက ဆိုးဆိုးဝါးဝါးအလင်းတွေ ထုတ်လွှတ်နေသည်။ ဟမ့်! ဝေးဝေးသွား! ချူးလေးက ငါနဲ့ပဲဆိုင်တာ။ ဘယ်သူမှ ငါ့ဆီကနေ သူ့ကိုလုယူလို့မရဘူး!
မြေခွေးပျံလေးမှာ ရုတ်တရက် ထိတ်လန့်သွားပြီး နည်းနည်း နောက်ဆုတ်သွားသည်။ သူ့ရဲ့မျက်နှာသေးသေးလေးမှာ ရှုပ်ထွေးမှုတွေနဲ့ ပြည့်သွားသည်။ ခုနလေးတုန်းကတင် ကောင်းနေတဲ့ သူ့သူငယ်ချင်းလေးက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒေါသထွက်သွားလဲဆိုတာ သူနားမလည်ပါချေ။ သူငယ်ချင်းဆိုတဲ့ လှေက တကယ်မတည်မြဲဘူးပဲ!
"ကောင်းပြီ ငါ့ကိုပေးချီစမ်းပါ" ဝိုင်းဝိုင်းရဲ့ ခြယ်လှယ်တတ်တဲ့စိတ်အခြေအနေနဲ့ အသားကျနေတဲ့ မော့ချူးက ခြေလှမ်းနည်းနည်း အမြန်လှမ်းလိုက်ကာ မြေခွေးပျံလေးကို အဆင်ပြေပြေချီလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ သူလေးက ဝိုင်းဝိုင်းရဲ့ 'ဒီကလေးမဆိုးဘူး၊ တော်တော်လိမ္မာသားပဲ' ဆိုတဲ့အကြည့်နဲ့ဆုံသွားသည်။
မော့ချူးမတတ်နိုင်ဘဲ မျက်ခုံးအသာပင့်မိသွားသည်။ ဟက်! ဒီအသေးလေးရဲ့စိတ်က ပိုပိုပြီး ပြည့်ဝလာတာပဲ။
သူမရဲ့ရင်ခွင်ထဲက ဝိုင်းဝိုင်းကိုကြည့်ရင်း သူ့ဝိတ်ကအရင်ကထက် လေးလာသလို မော့ချူး ရုတ်တရက်ခံစားလိုက်ရသည်။
သူမငုံ့ကြည့်လိုက်တော့ ဝိုင်းဝိုင်းရဲ့ လေထဲမှာမော့နေတဲ့မေးကိုမြင်လိုက်ရသည်။ သူမက သူ့ရဲ့နဖူးပြည့်ပြည့်လေးကိုပုတ်လိုက်သည်။ ပုတ်လိုက်တော့ ချိုင့်သွားသည်။
အခုမှ ဝိုင်းဝိုင်းတစ်ယောက် အရင်ကထက် ပိုဝလာမှန်း မော့ချူး သဘောပေါက်လိုက်သည်။ ဒီလိုသာဆက်သွားနေရင် သူတော့ အရမ်းဝလာတော့မှာပဲ!
ဒါကိုစဉ်းစားမိတော့ မော့ချူး မနေနိုင်ဘဲ တုန်လှုပ်သွားရသည်။
မဖြစ်ဘူး၊ သူမ ဝိုင်းဝိုင်းကို ပိုပိုပြီ ဝခွင့်မပေးသင့်တော့ဘူး!
ဝိုင်းဝိုင်းကို ချီထားတဲ့ မော့ချူးရဲ့လက်တွေကို နည်းနည်းပြေလျှော့လိုက်သည်။ သူမက ကုန်းလိုက်ပြီး အသေးလေးကို အောက်ချလိုက်ကာ သူမမျက်နှာက လေးနက်မှုတွေအပြည့်ပင်။
"ဝိုင်းဝိုင်း၊ နင် ပိုပိုပြီးဝလာတာ သတိထားမိလား?"
ဝိုင်းဝိုင်းက မော့ချူးရဲ့လက်မောင်းကို ဖက်ထားဆဲဖြစ်ပြီး အောက်ဆင်းဖို့ကို ငြင်းနေသည်။ ဒါကိုသူကြားတော့ မနေနိုင်ဘဲ သူ့ကိုယ်သူပြန်ကြည့်လိုက်သည်။ သူပိုကြည့်လေ ပိုပြီးစိတ်ကျေနပ်လာလေပင်။ အမ်း၊ ဟုတ်တယ်....ပြောရမယ်ဆိုရင် စကားတစ်ခွန်းပဲရှိတယ် - ပြီးပြည့်စုံတယ်!
နောက်တော့ သူက မော့ချူးရဲ့မျက်လုံးတွေကို ရိုးရိုးသားသားကြည့်လိုက်ပြီး သူ့ခေါင်းကို ခါလိုက်သည်။ မဟုတ်ဘူး! ငါ့အရမ်းကြည့်ကောင်းတာ၊ ဘယ်လိုလုပ် ဝ ရမှာလဲ? ချူးလေး၊ နင့်အမြင်က တကယ်ထူးဆန်းတာပဲ!
မိန်းကလေးတစ်ယောက်နဲ့ သားရဲတစ်ကောင်က တစ်ယောက်ကိုတစ်ယောက် ကြည့်နေပေမယ့် နောက်ဆုံးတော့ မော့ချူးရှုံးသွားတော့သည်။ သူမအနေနဲ့ ဝိုင်းဝိုင်းဝိတ်ကျအောင် တိတ်တိတ်လေး အစီအစဉ်ဆွဲရမည်ပင်။
သူမအပြင်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။ ဒီနေ့ရာသီဥတုက တော်တော်ကောင်းသည်။ ဒီအသေးလေးနှစ်ကောင်က မှော်ဒေသကနေ ရောက်လာကတည်းက အခုထိ အပြင်မထွက်ရသေးပေ။ ဒီဟာကိုအခွင့်အရေးယူပြီး သူတို့ကိုအပြင်မှာ လေ့ကျင့်ခန်းလုပ်ခိုင်းရင်ရော?
ဒါကိုစဉ်းစားမိတော့၊ မော့ချူးမနေနိုင်ဘဲ ငုံ့မေးလိုက်သည်။ "ဝိုင်းဝိုင်း၊ အပြင်မှာလမ်းထွက်လျှောက်ကြစို့။ သွားချင်လား? ဒါပေမယ့် နင့်ဘာသာသွားရမှာနော်၊ ငါနင့်ကို မချီသွားနိုင်ဘူး"
ဝိုင်းဝိုင်းက တစ်ခဏလောက် တုံ့ဆိုင်းသွားသည်။ ဒီအသေးလေးက ပျင်းရိတဲ့လူဖြစ်သည်။ သူထိုင်ပြီဆိုရင် မထတော့ပေ။ လှဲနေပြီဆိုရင်လည်း မထိုင်တော့ပေ။ ဒါ့ပြင် သူ့အနေနဲ့ မော့ချူးရင်ခွင်ထဲမှာ တစ်နေ့လုံးနေနိုင်လို့လား?
အတော်ကြာ စဉ်းစားကြည့်ပြီးတဲ့နောက် ဝိုင်းဝိုင်းကခေါင်းခါနေဆဲပင်။ အိမ်မှာ လှဲနေတာကပိုကောင်းမယ်။ အစားအသောက်တွေလည်း ရှိပြီး အရမ်းသက်သောင့်သက်သာရှိတာ။ ဘာလို့ တုံးတုံးအအနဲ့ ချွေးထွက်ခံရမှာလဲ? ဟမ်၊ ငါမသွားဘူး!
"တကယ်မသွားဘူးလား?" မော့ချူးက ထပ်မေးလိုက်သည်။
ဝိုင်းဝိုင်းကလည်း ဗုံလို ခေါင်းခါပြလာသည်။
"ကောင်းပြီလေ" မော့ချူးက ဘာမှထပ်မပြောတော့ပေ။ သူမက မော့ယန်ဘက်လှည့်လိုက်ပြီး "အစ်ကိုကြီး၊ ဒါဆိုသွားကြစို့"
"ကောင်းပြီ" မော့ယန်ခေါင်းညိတ်လိုက်သည်။
အဲ့ဒါနဲ့ နှစ်ယောက်သား သားရဲတစ်ကောင်နဲ့အတူ အရှေ့မှာ လမ်းလျှောက်နေလိုက်သည်။ သူတို့အနောက်က ဝိုင်းဝိုင်းကို ကြည့်ရတာတော့ အရမ်းကိုအထီးကျန်ဆန်နေသည်။ သူ့ရဲ့အရည်ကြည်ဝေ့နေတဲ့မျက်လုံးတွေက သူ့အရှေ့က လူနှစ်ယောက်ကို ကြည့်နေသည်။ သူတို့ရဲ့ သားရဲတစ်ကောင်ကို အိမ်မှာချန်ထားပြီးသွားကြတယ်ပေါ့?
မလုပ်ရဘူး!
"အာဝူး အာဝူး-" အသေးလေးက နောက်ဆုံးတော့ ပါးစပ်ဖွင့်လာသည်။ သူက မော့ချူးဆီ ချက်ချင်းပြေးသွားပြီး သူမရဲ့အဝတ်ကိုလှမ်းဆွဲလိုက်သည်။ သူ့မျက်နှာလေးက နစ်နာတဲ့ ဘောလုံးလေးတစ်လုံးလို ပြောင်းသွားသည်။ ငါသွားမယ်၊ ငါလည်းသွားမယ် ဟုတ်ပြီလား?
ဒီတော့မှ မော့ချူးက ပြုံးပြလိုက်သည်။ သူမက သူ့ရဲ့ခေါင်းလေးကို ပုတ်လိုက်ပြီး အသားပြည့်ပြည့်နဲ့လက်လေးကိုကိုင်လိုက်သည်။
သူမရဲ့လက်ထဲက နွေးတွေးတဲ့ အထိအတွေ့ကြောင့် နစ်နာသလိုခံစားရနေတဲ့ ဝိုင်းဝိုင်းရဲ့မျက်နှာလေးက ပျောက်ကွယ်သွားပြီး သူ့မျက်နှာလေးမှာ အပြုံးတစ်ပွင့်ပေါ်လာသည်။
ဝိုင်းဝိုင်းက ပုံမှန်ဆို အရမ်းမာနကြီးပေမယ့် မော့ချူးကိုတော့ မနိုင်မှန်း မော့ယန် နောက်ဆုံးတော့သိလိုက်ရသည်။
နောက်ဆုံးတော့၊ သူတို့တွေ ဒီအသေးလေးနှစ်ကောင်ကို အိမ်ထဲမှာ ထားခဲ့တာ အတော်ကြာသွားပြီဖြစ်သည်။ အပြင်မှာ လမ်းလျှောက်လို့ပြီးတော့ ဝိုင်းဝိုင်းနဲ့ မြေခွေးပျံလေးကို ခဏလွှတ်ထားလိုက်သည်။ သိပ်မကြာခင်မှာဘဲ သူတို့ဘာသာပျော်လာကြသည်။ တစ်ယောက်နောက်တစ်ယောက်လိုက်ရင်း ပြေးရင်းလွှားရင်းနဲ့ နောက်တစ်ခဏမှာ တစ်ယောက်ကို တစ်ယောက် ထပ်ဖက်ကြပြန်ပြီ၊ ချစ်စရာကောင်းမှုလေးတွေက လျှံထွက်လုနီးနီးပင်။
မော့ယန်နဲ့ မော့ချူးက အနောက်မှာချန်နေခဲ့သည်။ နွေးထွေးတဲ့နေရောင်ခြည်က သူတို့မျက်နှာမှာ နွေးထွေးတဲ့အဝါရောင်မီးလို ဖြာကျနေသည်။