အကြောက်တရား
Vol. 195 Ch. 2911
“အားလုံးပဲ စိတ်ကို ငြိမ်ငြိမ်ထားကြ… ဒီမိစ္ဆာကို ခုခံဖို့ မင်းတို့ရဲ့ ကောင်းကင်လိုဏ်ဂူတွေကို အတူစုပေါင်းပြီး ထုတ်ဖော်လိုက်ကြ”
ဘုရင်အန်ရှစ်က အလောတကြီး အော်ပြောလိုက်၏။
ဘုရင်တချို့ကလွဲလျှင် ထျန်ဟွမ်ဂိုဏ်း၏ ကျန်ရှိနေသူများက ကမ္ဘာမြေအင်မော်တယ်များ၊ ကောင်းကင်အင်မော်တယ်များ သို့မဟုတ် ပကတိအင်မော်တယ်များသာဖြစ်ပြီး သူတို့အပေါ် ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။
ဤကျင့်ကြံသူများနှင့် ရင်ဆိုင်ရချိန်မှာ ဘုရင်အန်ရှစ်ဘက်မှ ဘုရင်များစွာသည် အမှန်တကယ်ပင် လိုအပ်မှုမရှိသည့်အတွက် သူတို့၏ ကောင်းကင်လိုဏ်ဂူများကိုပင် မထုတ်ဖော်ခဲ့ကြပေ။
ထို့ကြောင့်ပင် ယက္ခဘုရင်အကြောက်တရားက အခြေအနေပေါ် အမြတ်ထုတ်နိုင်နေခြင်းဖြစ်သည်။
ယက္ခဘုရင်အကြောက်တရားသည် သူ၏ တစ္ဆေသရဲဆန်ဆန် လှုပ်ရှားမှုပေါ်မှီခိုပြီး လူအုပ်ကြားထဲမှာ ကူးလူးသွားလာကာ အပြောင်းအလဲမြန်စွာလှုပ်ရှားနေ၏။ တစ်ခဏချင်းမှာပင် သူက ဘုရင်ငါးဦးကို သတ်ဖြတ်ပစ်လိုက်သည်။
သူတို့ကြားမှာ မိစ္ဆာဘုရင်ချုံးကဲ့သို့ အထွတ်အထိပ်ဘုရင်တစ်ဦးပင်ပါနေသည်။
ယက္ခဘုရင်အကြောက်တရား၏ သတ်ဖြတ်ခြင်းနှင့် ကြမ်းကြုတ်ခက်ထန်သော နည်းလမ်းများကြောင့် လေထုက ဘုရင်များ၏ သွေးဖြင့် နီစွေးသွားပြီး တိုက်ပွဲမြေပြင်က ဖရိုဖရဲဖြစ်လာခဲ့၏။
ဤတိုင်းသာ ဆက်သွားလျှင် သူတို့သည် ရန်သူကို တိုက်ခိုက်ဖို့အတွက် ကျန်ရှိနေသော ဘုရင်များကို စုစည်းပြီး မပူးပေါင်းနိုင်ဘူးဆိုလျှင် သူတို့သည် ယက္ခဘုရင်အကြောက်တရား၏ လက်ထဲမှာ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။
ဝုန်း… ဝုန်း… ဝုန်း…
ကျန်ရှိနေသော ဘုရင်နှစ်ဆယ်ကျော်ကျော်ကလည်း ထိုအချက်ကို နားလည်သဘောပေါက်သွားပြီး သူတို့၏ ကောင်းကင်လိုဏ်ဂူများကို တစ်ယောက်ပြီးတစ်ယောက်မြှောက်တင်လိုက်ကြ၏။
သူတို့၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူတို့က သူတို့၏ ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဉ်ရတနာများကိုလည်း ဆင့်ခေါ်လိုက်ကြသည်။
ပကတိကောင်းကင်လိုဏ်ဂူနှစ်ခုနှင့် ကောင်းကင်လိုဏ်ဂူကြီးဆယ်ခုကျော်အပါအဝင် ကောင်းကင်လိုဏ်ဂူနှစ်ဆယ်ကျော်ကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်လေသည်။ အဲဒါက တကယ်ပင်လျစ်လျူရှု၍ မရနိုင်သည့် စွမ်းအားတစ်ခုဖြစ်ပြီး သူတို့၏ အော်ရာက မြင့်တက်လာ၏။
ဤကဲ့သို့သော ကြီးမားသည့်စွမ်းအားတစ်ခု၏ ဖိအားအောက်မှာ ယက္ခဘုရင်အကြောက်တရားက ပေါ်ထွက်လာရလေသည်။
သူ၏ ခွန်အားအရ သူ့အနေဖြင့် ကောင်းကင်လိုဏ်ဂူအသေးတစ်ခုကို လက်ဗလာဖြင့်ခြေမွှဖို့က အဆင်ပြေလေသည်။
သိုသော်လည်း သူ့အနေဖြင့် ကောင်းကင်လိုဏ်ဂူအကြီးတစ်ခု သို့မဟုတ်် ပကတိကောင်းကင်လိုဏ်ဂူတစ်ခုကို သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးသက်သက်ဖြင့် ထိပ်တိုက်ရင်ဆိုင်ဖို့က မဖြစ်နိုင်ပေ။
လေဟာနယ်ယက္ခမျိုးရိုး၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက စွမ်းအားကြီးမားသော်လည်း အဲဒါက သူတို့၏ အတော်ဆုံးနည်းလမ်းမဟုတ်ပေ။
သူတို့မျိုးရိုးကို လေဟာနယ်ယက္ခဟု ခေါ်ဆိုသည့်အကြောင်းအရင်းမှာ သူတို့သည် အာကာသကို ထိန်းချုပ်ခြင်းမှာ အထူးပြုကျွမ်းကျင်သောကြောင့်ဖြစ်သည်။
ကောင်းကင်လိုဏ်ဂူနှစ်ဆယ်ကျော်ကျော် ဖိခြေကျဆင်းလာသည်ကို တွေ့မြင်သောအခါ လေဟာနယ်ယက္ခအကြောက်တရားက အကြောက်အလန့်မရှိပေ။ ထိုအစား သူ၏ မျက်လုံးက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာပြီး သူက လက်နှစ်ဖက်ဖြင့် ထူးဆန်းသောဓမ္မပညာရပ်များကို ဆင့်ခေါ်ကာ ညင်သာစွာအော်လိုက်၏။
“တစ္ဆေတစ်ရာ ညဘက်ဟန်ရေးပြ”
ရွှစ်… ရွှစ်… ရွှစ်…
ယက္ခဘုရင်အကြောက်တရား၏ ပုံရိပ်က အနည်းငယ်ယိမ်းထိုးသွား၏။ ထိုစဉ်မှာပင် တစ္ဆေပုံရိပ်တစ်ရာကျော်က သူ၏ ခန္ဓာကိုယ်ကနေ ရုတ်တရက်ပေါ်ထွက်လာပြီး ဘေးပတ်လည်မှာရှိသော လူနှစ်ဆယ်ကျော်ကျော်ထံ ခုန်အုပ်လာခဲ့လေသည်။
ယက္ခဘုရင်အကြောက်တရားကတော့ နေရာကနေပျောက်ကွယ်သွား၏။
ကြောက်စရာအကောင်းဆုံးအရာမှာ တစ္ဆေပုံရိပ်တစ်ရာကျော်သည် ယက္ခဘုရင်အကြောက်တရားနှင့် ထပ်တူထပ်မျှတူညီနေ၏။ သူတို့အားလုံးသည် ဆိုးယုတ်သော အော်ရာများနှင့်အတူ ရုပ်ဆိုးအကျည်းတန်ပြီး ကွာခြားမှုမရှိကြပေ။
လက်ရှိဘုရင်နှစ်ဆယ်ကျော်ကျော်သည် ချက်ချင်းပင်မှင်တက်ပြီး ခေါင်းနားပန်းကြီးလာကြလေသည်။
“အဲဒါက ကိုယ်ပွားနည်းစနစ်တစ်ခုလား”
ဘုရင်တချို့သည် အရင်က ကိုယ်ပွားနည်းစနစ်တချို့ကို ကျင့်ကြံထားဖူးပြီး တချို့က အဲဒါကို အရင်က ကြားဖူးထားလေသည်။
သို့သော်လည်း ကိုယ်ပွားတစ်ရာကျော် တစ်ခါတည်းပေါ်ထွက်လာသည်ကို ဘယ်သူက တွေ့မြင်ဖူးမှာလဲ။
“အဲဒါက ပုံရိပ်ယောင်နည်းစနစ်တစ်ခုဖြစ်မယ်”
ဗုဒ္ဓကျောင်းတော်များ၏ အထွတ်အထိပ်ဘုရင်က အော်ပြောလိုက်သည်။
“အားလုံးပဲ မကြောက်ကြနဲ့… ဒီမိစ္ဆာရဲ့ အစစ်အမှန်ခန္ဓာကို အရင်ဆုံးရှာရအောင်”
ဘုရင်များက သူတို့၏ စက္ခုနည်းစနစ်များကို အလောတကြိးထုတ်ဖော်လိုက်၏။ သူတို့သည် ယက္ခဘုရင်အကြောက်တရား၏ လှုပ်ရှားရာလမ်းကြောင်းကို တွေ့မြင်လိုလေသည်။
သို့သော်လည်း သူတို့က ဘယ်လိုလုပ်ခွဲခြားနိုင်ပါ့မလဲ။
တစ္တေတစ်ရာညဘက်ဟန်ရေးပြသည် လေဟာနယ်ယက္ခမျိုးရိုးသာ ကျွမ်းကျင်တတ်မြောက်သည့် လျှို့ဝှက်အတတ်တစ်ခုဖြစ်သည်။
အဲဒါသည် ထိပ်တန်းပုံရိပ်ယောင်နည်းစနစ်နှင့် ကိုယ်ပွားနည်းစနစ်ကို ပေါင်းစည်းထားခြင်းဖြစ်ပြီး လောကကိုပင် လှည့်စားနိုင်လေသည်။
အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာသည် ငရဲမှာ ယက္ခဘုရင်အကြောက်တရားနှင့် တိုက်ခိုက်ခဲ့ဖူးသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ခရမ်းရောင်မီးတောက်များကို ထုတ်ဖော်ပြီးမှသာ ယက္ခဘုရင်အကြောက်တရား၏ လှုပ်ရှားရာလမ်းကြောင်းကို တွေ့မြင်နိုင်ခဲ့လေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲရှိ ခရမ်းရောင်မီးတောက်များက နတ်ဘုရားစွမ်းအားများအားလုံးကို အရည်ဖျော်ချနိုင်ပြီး လျှို့ဝှက်အတတ်များနှင့် သုတ္တန်များကို ဖြိုခွဲနိုင်၏။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ဘုရင်တစ်ပါးက သူ၏ ဒွိသူငယ်ကို ဆင့်ခေါ်မည်ဆိုလျှင် သို့်မဟုတ် ဤကဲ့သို့သောတစ်စုံတစ်ရာကို ပြုလုပ်မည်ဆိုလျှင် သူသည် တစ္ဆေတစ်ရာညဘက်ဟန်ရေးပြကို ထွင်းဖောက်မြင်နိုင်ပေလိမ့်မည်။
သို့သော်လည်း လက်ရှိဘုရင်များ၏ စက္ခုနည်းစနစ်များသည် ခရမ်းရောင်မီးတောက်များ သို့မဟုတ် ဒွိသူငယ်အိမ်တို့ထက် များစွာနိမ့်ကျနေ၏။
သူတို့သည် ယက္ခဘုရင်အကြောက်တရား၏ အစစ်အမှန်ခန္ဓာကို တိတိကျကျမခွဲခြားနိုင်ဘူးဆိုရင် နောက်ထပ်အခြေအနေတစ်ရပ်က ဖြစ်ပွားလာပေလိမ့်မည်။
အစက ဘုရင်နှစ်ဆယ်ကျော်ကျော်သည် အတူပူးပေါင်းထားပြီး ကောင်းကင်လိုဏ်ဂူနှစ်ဆယ်ကျော်၏ စွမ်းအားကို အတူစုစည်းထားစဉ် အဲဒါသည် ပင်လယ်ထဲသို့ စီးဝင်နေသော မြစ်များကဲ့သို့ဖြစ်နေသည်။ ယက္ခဘုရင်အကြောက်တရားက သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မရှိပေ။
သို့သော်ယခု တစ္ဆေပုံရိပ်တစ်ရာကျော်က လူအုပ်ကြားထဲသို့ ခုန်ဝင်လာခဲ့၏။
ယက္ခဘုရင်အကြောက်တရား၏ အစစ်အမှန်ခန္ဓာသည် ထိုတစ္ဆေပုံရိပ်များကြားမှာ ပုန်းကွယ်ပြီး သူတို့အပေါ် ခုန်အုပ်လာမလားဆိုတာ မည်သူကမှ မသိရပေ။
မည်သူကမှ ထိုအလောင်းအစားကို မပြုလုပ်ရဲပေ။ ထို့ကြောင့် ဘုရင်များသည် သူတို့၏ ကောင်းကင်လိုဏ်ဂူများရှိရာဘက်သို့ ဆုတ်ခွာကာ သူတို့ကိုယ်သူတို့ အတတ်နိုင်ဆုံးကာကွယ်ဖို့ ကြိုးစားလိုက်ကြ၏။
ဤသည်က မသိစိတ်အရ အလိုအလျောက် တုံ့ပြန်မှုဖြစ်သည်။
ထိုသို့ဖြင့် ဘုရင်နှစ်ဆယ်ကျော်၏ ပူးပေါင်းမှုက အလိုလိုပြိုကွဲသွားလေသည်။
ထိုအခိုက်အတန့်မှာ ယက္ခဘုရင်အကြောက်တရား၏ အစစ်အမှန်ခန္ဓာသည် သူတို့အပေါ် ခုန်အုပ်လာသော တစ္ဆေပုံရိပ်များကြားမှာ မပါပါစေနှင့်ဟု ဘုရင်များက သူတို့၏ ရင်ထဲကနေ တိတ်တဆိတ်ဆုတောင်းနေကြသည်။
တကယ်တမ်းမှာ ထိုအတွေးက သူတို့၏ စိတ်ထဲ ဝင်ရောက်လာသည့်ခဏမှာပင် သူတို့က ဤတိုက်ပွဲမှာ ရှုံးနိမ့်သွားရပြီဖြစ်သည်။
“မင်းဘယ်လိုတောင်…”
တစ္ဆေပုံရိပ်တချို့ချဉ်းကပ်လာစဉ် ဗုဒ္ဓကျောင်းတော်များမှ အထွတ်အထိပ်ဘုရင်က နောက်ဆုံးမှာ အန္တရာယ်ကို အာရုံခံမိသွားပြီး အော်ဟစ်ချင်၏။ သို့သော်လည်း သူသည် အသံတစ်ချက်သာ ထွက်လိုက်နိုင်ပြီး ယက္ခဘုရင်အကြောက်တရားထံမှ ပြင်းထန်ကြမ်တမ်းသောတိုက်ခိုက်မှုဖြင့် ဟန့်တားနှောက်ယှက်ခံလိုက်ရ၏။
ဝုန်း…
ယက္ခဘုရင်အကြောက်တရားက ဗုဒ္ဓကျောင်းတော်များမှ အထွတ်အထိပ်ကောင်းကင်ဘုံဘုရင်ကို ပစ်မှတ်ထားပြီး ချဉ်းကပ်လာခဲ့သည်။ သူက သူ၏ ပကတိကောင်းကင်လိုဏ်ဂူကို မြှောက်တင်ပြီး အထွတ်အထိပ်ကောင်းကင်ဘုံဘုရင်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုက်၏။
ကျယ်လောင်သောမြည်သံနှင့်အတူ တွဲဖက်၍ အထွတ်အထိပ်ကောင်းကင်ဘုရင်၏ ကောင်းကင်လိုဏ်ဂူက ယိမ်းထိုးကာ ၎င်းပေါ်တွင် အက်ကွဲကြောင်းများပေါ်ထွက်လာ၏။
“အား”
အထွတ်အထိပ်ကောင်းကင်ဘုရင်က ညည်းတွားအော်ဟစ်ပြီး သူ၏ အမြုတေစိတ်ဝိညာကို ရူးသွပ်စွာလှည့်ပတ်ကာ သူ၏ ပကတိကောင်းကင်လိုဏ်ဂူပေါ်ရှိ အက်ကွဲကြောင်းများကို ပြန်လည်ပြုပြင်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေ၏။
သူသည် အနည်းငယ်ကြာ တောင့်ခံထားနိုင်ပြီး အခြားသောဘုရင်များ ရှေ့သို့ဝင်ရောက်လာသည်နှင့် သူက အသက်ရှင်နိုင်ဖို့ အခွင့်အရေးတစ်ခုကို ရရှိနိုင်ပေလိမ့်မည်။
သူသည် အဲဒါကို ခုခံနိုင်ဦးမည်ဟု ယုံကြည်ထားသည်။
သူ၏ ပကတိကောင်းကင်လိုဏ်ဂူပေါ်မှာ အက်ကွဲကြောင်းအနည်းငယ်သာ ပေါ်ထွက်လာပြီး ယခုအချိန်ထိ လဲပြိုမကျသေးပေ။
သို့သော်လည်း တစ္ဆေတစ်ရာညဘက်ဟန်ရေးပြသည် ကိုယ်ပွားနည်းစနစ်နှင့် ပုံရိပ်ယောင်နည်းစနစ်၏ ပေါင်းစည်းမှုတစ်ခုသာမဟုတ်သည်ကို သူမသိရှိပေ။
တစ္ဆေပုံရိပ်တစ်ခုချင်းစီမှာ တိုက်ခိုက်ရည်ခွန်အားမပါရှိသော်လည်း ကျင့်ကြံသူများသည် သူတို့ကို လျစ်လျူရှုပြီး တစ္ဆေပုံရိပ်များကို သူတို့ထံ ပူးကပ်ခွင့်ပေးလိုက်မည်ဆိုလျှင် သူတို့သည် သေချာပေါက် ဒဏ်ရာအပြင်းအထန်ရရှိသွားပေလိမ့်မည်။
အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာပင် ထိုတစ္ဆေပုံရိပ်များကို လောင်ကျွမ်းသန့်စင်ရန် သူ၏ သွေးချီကို ထုတ်ဖော်ခဲ့ရသည်။
တစ္ဆေပုံရိပ်တချို့က အထွတ်အထိပ်ကောင်းကင်ဘုရင်၏ ပကတိကောင်းကင်လိုဏ်ဂူပေါ်ရှိ အက်ကွဲကြောင်းများထဲဝင်ရောက်ပြီး သူ့ကို ပူးကပ်ကာ သူ၏ ချွေးပေါက်များကတစ်ဆင့် သူ၏ မျိုးဆက်သွေးထဲသို့ စိမ့်ဝင်လာခဲ့သည်။
ရုတ်တရက် အထွတ်အထိပ်ကောင်းကင်ဘုရင်က ဆတ်ခနဲတုန်ခါသွား၏။
တစ္ဆေပုံရိပ်တစ်ခုချင်းစီကို သန့်စင်သော ယင်တစ္ဆေချီကနေ စုဖွဲ့ထားလေသည်။ အဲဒါက မျိုးဆက်သွေးထဲသို့ ကျုးကျော်ဝင်ရောက်လာသည်နှင့် ၎င်းသည် ပြင်းထန်သော ပျက်စီးထိခိုက်မှုကို သေချာပေါက် ဖြစ်စေပေလိမ့်မည်။
အထွတ်အထိပ်ကောင်းကင်ဘုရင်သည် သူ၏ မျိုးဆက်သွေးက လည်ပတ်မှု ရပ်တန့်တော့မည်ဟု ခံစားလိုက်ရပြီး ကျောရိုးတစ်လျှောက်ချမ်းစိမ့်လာကာ သူက ထိန်းချုပ်မရအောင် တုန်ယင်လာခဲ့သည်။
ထိုအခိုက်အတန့်မှာ သူ၏ ရုပ်ရည်သွင်ပြင်က အခြားသူများ၏ မျက်လုံးထဲမှာ ပို၍ပင်ကြောက်စရာကောင်းလာခဲ့သည်ကို သူက မသိရှိပေ။
ဘုရင်များစွာ၏ မြင်ကွင်းထဲမှာ သူသည် ယက္ခဘုရင်အကြောက်တရားနှင့် တစ်ကြိမ်သာ တိုက်ခိုက်ဖလှယ်ခဲ့လေသည်။ ထို့နောက် သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူ၏ နှုတ်ခမ်းများက ပြာနှမ်းလာကာ သူ၏ မျက်လုံးများက နီရဲလာ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဆိုးယုတ်တစ္ဆေတစ်ကောင်ပူးကပ်ခံထားရသည့်အလား မကောင်းဆိုးဝါးဆန်လာခဲ့လေသည်။
အထွတ်အထိပ်ဘုရင်၏ အသိစိတ်ထဲမှာ တစ္ဆေပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။
သူသည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သူ၏ ပကတိကောင်းကင်လိုဏ်ဂူက ချက်ချင်းပင် ပြိုကျသွား၏။
ယက္ခဘုရင်အကြောက်တရားမှာ ဆိုးယုတ်အမူအရာတစ်ခုရှိနေပြီး သူက သွားဖြီးလိုက်၏။ သူသည် ရှေ့သို့ တက်လှမ်းပြီး သူ၏ လက်နှစ်ဖက်ဖြင့် အထွတ်အထိပ်ကောင်းကင်ဘုရင်၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဆွဲဖြဲကာ သွေးများက ပန်းထွက်လာခဲ့လေသည်။
ယက္ခဘုရင်အကြောက်တရားက အောက်ဘက်မှာ မတ်တတ်ရပ်ပြီး ကိုယ်တွင်းအင်္ဂါများနှင့် အသားစများ ရောထွေးနေသည့် သွေးများကို သူ့မျက်နှာပေါ်သို့ ဖိတ်စင်ကျဆင်းလာစေ၏။ သို့သော်လည်း သူက မည်သည့်သက်တောင့်သက်သာမရှိမှုကိုမှ မခံစားရပေ။ ထိုအစား သူသည် ပို၍ပင် စိတ်လှုပ်ရှားတက်ကြွလာပြီး သူ၏ မျက်လုံးထဲရှိ အလင်းရောင်က သိပ်သည်းစုဖွဲ့လာခဲ့သည်။
ဘုရင်များက တုန်လှုပ်သွားပြီး နေရာမှာပင် အော့အန်လုမတတ်ဖြစ်သွားရသည်။
ဘုရင်များ၏ နှလုံးသားအနက်ပိုင်းထဲမှာ ထိန်းချုပ်မရသော အကြောက်တရားတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။
ထွက်ပြေးရမယ်…။
ဘုရင်များသည် ဤနေရာမှာ ဆက်လက်၍ မနေရဲတော့ပေ။
သူတို့သည် အရင်က ယက္ခဘုရင်အကြောက်တရားထက် ပိုမိုသန်မာသော တည်ရှိမှုများကို မြင်တွေ့ခဲ့ဖူးကြသည်။ သို့သော်လည်း ယခုအချိန်မှာ သူတို့သည် ဤမွန်းစတားထက် ဧကရာဇ်ပညာရှင်များနှင့်ပင် ပိုမိုရင်ဆိုင်လိုလေသည်။