ကောင်းကင်သင်္ချိုင်း စိတ်ဆန္ဒ
Vol. 195 Ch. 2918
လူတိုင်းသည် အတန်ကြာအောင် စကားပြောဆိုနေခဲ့ကြသည်။ မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံ၏ သတင်းကို မပေါက်ကြားစေနှင့်ဟူသော ဓားအရှင်သုံးပါး၏ ထပ်တလဲလဲသတိပေးမှုအောက်မှာ လူတိုင်းက အသင်္ချေဓားနန်းတော်ကနေ ထွက်ခွာလာခဲ့သည်။
ခန်းမသည် နောက်တစ်ဖန်တိတ်ဆိတ်ငြိမ်သက်သွားပြီး ဓားအရှင်သုံးဦးသာလျှင် ကျန်ရစ်ခဲ့သည်။
“သံခေါင်း… မင်းက သူတို့ကို အဲဒီအကြောင်းပြောပြတာ နဲနဲတော့ အန္တရာယ်များတယ်နော်”
ပိန်ပိန်အဖိုးအိုက တင်းမာသောအမူအရာနှင့် မျက်မှောင်ကြုတ်ထား၏။
“ဒီကိစ္စက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ကျင့်ကြံသူတွေဆီ ရောက်သွားမယ်ဆိုရင် ဓားကမ္ဘာက သေချာပေါက် ဒုက္ခရောက်ရလိမ့်မယ်”
ဝဝအဖိုးအိုကလည်း သူ၏ အပြုံးကိုရုပ်သိမ်းပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“လုယွင်နဲ့တခြားသူတွေက အဆင်ပြေတယ်… ဒါပေမဲ့ ဆူဇီမိုက ဘာပဲပြောပြော ဓားကမ္ဘာကို ရောက်လာတာ မကြာသေးဘူး… သူက ငါတို့ပေါ်မှာ နက်ရှိုင်းတဲ့ခံစားချက် မရှိလောက်ဘူး”
“နောက်ပြီး သူက ဓားကမ္ဘာကို ဝင်ရောက်တုန်းက သူက တစ်နေ့မှာ ထွက်သွားမယ်လို့ ပြောထားတယ်”
သံသရဖူဆောင်းအဖိုးအိုက ပြောလိုက်၏။
“သူဓားကမ္ဘာကို ဝင်ရောက်တဲ့အချိန်မှာ သူ့ရဲ့လွတ်လပ်မှုကို ကန့်သတ်ထားမှာမဟုတ်ဘူးလို့ ငါသူ့ကို ပြောထားတယ်… အဲဒီအချိန်ကစပြီး သူက နေနေ သွားသွား အပြင်ဘက်မှာ အဖွဲ့အစည်းတစ်ခုကိုပဲ တည်ထောင်တည်ထောင် အဲဒါက သူ့သဘောပဲ”
“ငါက သူနဲ့ ကောင်းမွန်တဲ့ကမ္မတစ်ခုကို တည်ဆောက်ချင်လို့ သူ့ကို ဓားကမ္ဘာမှာ နေခိုင်းထားတာပဲ… ဒီကောင်လေးမှာ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နေစရိုက်ရှိတယ်… သူက ပွင့်လင်းပြီးတော့ ရိုးသားတယ်… သူက အရှက်မဲ့တဲ့ ဖော်ကောင်အလုပ်မျိုး သေချာပေါက် လုပ်မှာမဟုတ်ဘူး”
ပိန်ပိန်အဖိုးအိုကလည်း ခေါင်းညိတ်လိုက်၏။
“ငါလည်း သူ့ကိုယုံတယ်”
ဝဝအဖိုးအိုက ခါးသက်စွာပြုံးပြီး သက်ပြင်းချလိုက်၏။
“ငါတို့နှစ်ယောက်မှာ နေရဖို့ ဘဝသက်တမ်းများများစားစားမကျန်တော့ဘူး… သံခေါင်း မင်းလည်း မငယ်တော့ဘူး… မင်းရဲ့ အထွတ်အထိပ်ကို ကျော်လာခဲ့ပြီ.. မင်းရဲ့ တိုက်ခိုက်ရည်ခွန်အားက တဖြည်းဖြည်း အကျဘက်ကို ရောက်လာပြီ”
“အထွတ်အထိပ်ဧကရာဇ်တွေဖြစ်တဲ့ ငါတို့သုံးယောက်ကလွဲရင် ဓားကမ္ဘာမှာ တခြားအရိုက်အရာဆက်ခံသူတွေ ရှိမလာကြဘူး… အဲဒါကြောင့်ပဲ ငါက စိုးရိမ်နေတာ”
ဓားအရှင်သုံးဦးက အဲဒါကို သူတို့၏ ရင်ထဲမှာ သိရှိထားကြသည်။
ဓားကမ္ဘာမှာ ဧကရာဇ်ဆယ်ပါးကျော်ရှိသော်လည်း သူတို့အများစုက သာမန်ဧကရာဇ်များသာဖြစ်သည်။
သူတို့သည် ကပ်ဘေးတစ်ခုနှင့် တကယ်တမ်းကြုံတွေ့ရမည်ဆိုလျှင် အထွတ်အထိပ်ဧကရာဇ်များကသာ ဓားကမ္ဘာ၏ အမွေအနှစ်ကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
သံသရဖူဆောင်းအဖိုးအိုက နှုတ်ဆိတ်နေ၏။
ဝဝအဖိုးအို စိုးရိမ်ပူပန်နေသည့်အရာက ဓားကမ္ဘာ၏ လက်ရှိအခြေအနေဖြစ်သည်။
ဓားကမ္ဘာသည် ထိပ်တန်းကမ္ဘာကြီးတစ်ခု ဖြစ်သော်လည်း သူတို့မှာ ပုန်းလျှိုးနေသော ပြဿနာများ မရှိသည်မဟုတ်ပေ။
ကျောက်တုံးကမ္ဘာ၊ ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၊ စုန်းကမ္ဘာ၊ အခြားကမ္ဘာများနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကပင်..။
မရေမတွက်နိုင်သော မျက်လုံးများသည် အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းရင်း ဓားကမ္ဘာကို စိုက်ကြည့်နေကြသည်။
ထို့ကြောင့်ပင် သံသရဖူဆောင်းအဖိုးအိုနှင့် အခြားနှစ်ယောက်သည် ဆူဇီမိုကို ဘုရင်များစွာဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့်ကိစ္စကို ဆွေးနွေးပြီးနောက် ထိုကမ္ဘာများကို လက်စားချေဖို့ မရွေးချယ်ခဲ့ကြခြင်း ဖြစ်လေသည်။
ဓားကမ္ဘာက ၎င်း၏ အထွတ်အထိပ်မှာ ရှိနေမည်ဆိုလျှင် သူတို့က အခြားသူများအနိုင်ကျင့်တာကို ဘယ်လိုလုပ် သည်းခံနိုင်ပါ့မလဲ။
ဘုရင်များစွာသေဆုံးသွားသည်ဆိုလျှင်တောင် သံသရဖူဆောင်းအဖိုးအိုသည် ထိုကိစ္စကို ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ သူသည် ထိုကမ္ဘာများသို့ ကိုယ်တိုင်သွားရောက်ပြီး သူတို့၏ အပြုအမူများအတွက် သူတို့ကို တာဝန်ခံခိုင်းပေလိမ့်မည်။
“တက္ကသိုလ်ဂိုဏ်းချုပ်ရဲ့ကိစ္စကိုရော ဘယ်လိုလုပ်မလဲ”
ရုတ်တရက် ပိန်ပိန်ပါးပါး အဖိုးအိုက မေးလိုက်သည်။
သံသရဖူဆောင်းအဖိုးအိုက ထိုလူ့အကြောင်း ကြားသောအခါ သူ၏ မျက်ခုံးကိုအနည်းငယ်မှေးကျဥ်းပြီး သူ၏ သတ်ဖြတ်လိုစိတ်က တလိပ်လိပ်ထိုးတက်လာ၏။ သူက မတ်တတ်ထရပ်ပြီး အေးစက်စွာပြောလိုက်သည်။
“ငါတို့တွေက တခြားကမ္ဘာတွေနဲ့ကိစ္စကို ဒီတိုင်းထားလိုက်မယ်ဆိုလည်းရတယ်... ဒါပေမဲ့ အဲဒီလူကိုတော့ ဒီတိုင်းလွှတ်မပေးနိုင်ဘူး”
တက္ကသိုလ်ဂိုဏ်းချုပ်ကြောင့်မဟုတ်လျှင် သံသရဖူဆောင်းအဖိုးအိုသည် အချိန်မီရောက်ရှိလာမည်ဖြစ်ပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာအပြင်ဘက်မှတိုက်ပွဲက ဖြစ်ပွားလာလိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် ဆူဇီမိုသည် ဓားကမ္ဘာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီဖြစ်သည်။ ဒါတောင် တက္ကသိုလ်ဂိုဏ်းချုပ်သည် သူ့ကို မစွန့်လွှတ်နိုင်သေးဘဲ တိုက်ခိုက်မှုကိုပင်လျှင် ပြုလုပ်ရဲခဲ့လေသည်။ သူသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ပိတ်ဆို့တားဆီးပြီး သူ၏ အကွက်ချကြံစည်မှုမှာ သံသရဖူဆောင်းအဖိုးအိုပင် ပါဝင်ခဲ့သည်။
ဤလုပ်ရပ်သည် သံသရဖူဆောင်းအဖိုးအိုကို သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာစေသည်။
ဝဝအဖိုးအိုကလည်း ခေါင်းညိတ်လိုက်သည်။
“တက္ကသိုလ်ဂိုဏ်းချုပ်က ဂမ္ဘီရအတွက်အချက်ပညာရှင်လို့ ငါကြားထားတယ်... သူ့ရဲ့တွက်ချက်မှုတွေက ဟာကွက်မဲ့တယ်လို့ဆိုတယ်... သူက အသက်ရှက်လျက်ထွက်သွားမယ်ဆိုရင် သူက နောက်ပိုင်းမှာ ဆူဇီမိုကိုထပ်ပြီးတိုက်ခိုက်လာနိုင်တယ်... သူ့ကို အသက်ရှင်လျက်မထားနိုင်တော့ဘူး”
“ဒါဆိုရင် အချိန်ဆွဲမနေတော့ဘူး... ငါ ကောင်းကင်ဘုံကမ္ဘာကို အခုချက်ချင်းသွားမယ်”
သံသရဖူဆောင်းအဖိုးအိုက လှောင်ရယ်လိုက်သည်။
“တက္ကသိုလ်ဂိုဏ်းချုပ်က ဓားကမ္ဘာကို ရန်စရဲတယ်ဆိုမှတော့ သူက တကယ်ပဲ ဘယ်လောက်အစွမ်းအစရှိသလဲ ကြည့်ရသေးတာပေါ့”
ဤကိစ္စသည် တက္ကသိုလ်ဂိုဏ်းချုပ်မျှော်လင့်ထားသည်ထက် တကယ်ပင်ကျော်လွန်လာခဲ့သည်။
သူ၏ မူလအစီအစဥ်အရ သူသည် ဆူဇီမိုကို သတ်ဖြတ်ပြီးနောက် အေးအေးဆေးဆေး ထွက်ခွာသွားနိုင်မည်ဖြစ်သည်။
သူသည် ရုပ်လုံးထွက်ပြခြင်းပင်မရှိဘဲ ဆူဇီမို၏ သေဆုံးမှုကို ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများအပေါ် ကောင်းကောင်းပုံချထားခဲ့ပြီဖြစ်သည်။
မထင်မှတ်ထားစွာပင် သိုင်းတာအိုပင်မခန္ဓာက ပေါ်ထွက်လာပြီး သူက အသတ်ခံရလုမတတ်ဖြစ်ခဲ့ရသည်။
“မင်းနဲ့ ငါလိုက်ခဲ့မယ်”
ပိန်ပိန်ပါးပါးအဖိုးအိုက မတ်တတ်ထရပ်လိုက်သည်။
“ဘာပဲပြောပြော ကောင်းကင်ဘုံကမ္ဘာ ထိပ်တန်းကမ္ဘာကြီးတစ်ခုပဲ... မင်းအဲဒီကိုဆင်းသက်တဲ့အခါ ကောင်းကင်ဘုံကမ္ဘာက ဧကရာဇ်တွေက မင်းကို သေချာပေါက် သတိထားမိသွားလိမ့်မယ်”
ဝဝအဖိုးအိုကလည်း ခေါင်းညိတ်ကာပြောလိုက်၏။
“ကောင်းကင်ဘုံကမ္ဘာကို အင်မော်တယ်မဟာနယ်မြေ.. မိစ္ဆာမဟာနယ်မြေနဲ့ သုခဘုံသန့်စင်ကုန်းမြေဆိုပြီး ခွဲခြားထားပေမဲ့ မကြာသေးခင်နှစ်တွေထဲမှာ အဲဒီနယ်မြေဒေသသုံးခုမှာ အထွတ်အထိပ်ဧကရာဇ်တွေက စီးပိုးခြယ်လှယ်စွာနဲ့ ပေါ်ထွက်လာခဲ့တယ်... ငါတို့တွေ သူတို့ကို လျှော့တွက်လို့မရဘူး”
“လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းဆယ်ချီကာလက မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးတောင်မှ ပြန်လည်ရှင်သန်လာခဲ့တယ်... အဲဒါက တကယ့်ကိုမယုံကြည်နိုင်စရာပဲ”
“မလိုပါဘူး”
သံသရဖူဆောင်းအဖိုးအိုက လက်ကာပြလိုက်၏။
“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေတွေထဲကတစ်ခု ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာပဲ... မိစ္တာမဟာနယ်မြေနဲ့ သုခဘုံသန့်စင်ကုန်းမြေက ကြားဝင်စွက်ဖက်မှာ မဟုတ်ဘူး”
“နောက်ပြီး ဧကရာဇ်တစ်ပါးအနေနဲ့ တက္ကသိုလ်ဂိုဏ်းချုပ်က ပကတိစိတ်ဝိညာဥ်တစ်ဦးကို ကိုယ်တိုင်ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်... ကောင်းကင်ဘုံကမ္ဘာက ဘယ်ဧကရာဇ်ကများ အရှက်မဲ့စွာနဲ့ရှေ့ထွက်ပြီး သူ့ကိုခုခံကာကွယ်ပေးမလဲ ငါကြည့်ချင်သေးတယ်”
.........
ဓားသင်္ချိုင်းတောင်ထွတ်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် လိုဏ်ဂူခန်းဝါတည်ရှိရာ ငွားငွားစွင့်စွင့်မြင့်မားသောတောင်ထွတ်ကို ကြည့်လိုက်၏။
သူက အခြားတစ်စုံတစ်ရာကို တွေးမိသွသည့်အလား ရင်တစ်ချက်ထိတ်သွားသည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် အတိတ်ကာလက အမှန်တရားကို ဖုံးကွယ်ထားခဲ့ရုံသာမက ရေးသားထားပြီးသား မှတ်တမ်းများစွာကိုလည်း ဖျောက်ဖျက်ခဲ့လေသည်။ သူတို့သည် လူပုဂ္ဂိုလ်တချို့ကိုလည်း ဖျောက်ဖျက်ထားဖို့ ဖြစ်နိုင်ခြေများလေသည်။
မဟာဧကရာဇ်ကောင်းကင်သင်္ချိုင်းက သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။
ဆူဇီမိုဖြတ်သန်းသွားလာဖူးသည့် အင်မော်တယ်ဂိုဏ်းများမှာဖြစ်စေ၊ အင်မော်တယ်အင်ပါယာများမှာဖြစ်စေ၊ ကမ္ဘာကြီးများမှာဖြစ်စေ မဟာဧကရာဇ်ကောင်းကင်သင်္ချိုင်းနှင့်ပတ်သက်သည့် မည်သည့်မှတ်တမ်းမှမရှိပေ။
ကောင်းကင်ဘုံကမ္ဘာ၏ မိစ္ဆာလိုဏ်ဂူအောက် ဂူသင်္ချိုင်းထဲမှာသာ မဟာဧကရာဇ်ကောင်းကင်သင်္ချိုင်း၏ အရိပ်အယောင်ကို တွေ့မြင်ခဲ့ရသည်။
ထိုနေရာမှာပင် သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်သင်္ချိုင်းသုတ္တန်ကို ရေးထိုးထားသည့် ဧရာမကျောက်စာတိုင်ကို တွေ့မြင်ခဲ့ရသည်။
ဒါ့အပြင် ကောင်းကင်သင်္ချိုင်းသုတ္တန်က ပေါ်ထွက်လာပြီးမကြာခင် ကျောက်စာတိုင်က စတင်၍ပြိုကျသွားခဲ့သည်။ ၎င်းကို ဤလောကက သည်းမခံနိုင်သည့်အလားပင်။
သူသည် နတ်ဆိုးမကျိထံကနေသာ မဟာဧကရာဇ်ကောင်းကင်သင်္ချိုင်း၏ အမည်ကို ကြားဖူးထားသည်။
သူမပြောပုံအရ မဟာဧကရီတမလွနိကိုးဘုံသည် သူမ၏ မှတ်ဉာဏ်များမှာပင် မဟာဧကရာဇ်ကောင်းကင်သင်္ချိုင်းနှင့် ပတ်သက်ပြီး အလွန်တရာလျှို့ဝှက်ထားပုံရလေသည်။
ဆူဇီမိုသည် ကောင်းကင်သင်္ချိုင်းသုတ္တန်ကို နှစ်ပေါင်းများစွာကျင့်ကြံခဲ့ပြီး ကောင်းကင်သင်္ချိုင်းဆိုသည်မှာ ကောင်းကင်ကိုမြှုပ်နှံခြင်းကိုဆိုလိုသည်ဟု တစ်ခါက တွေးမိခဲ့သည်။
သို့သော်ယခု သူကနောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလာသည်။
မဟာဧကရယဇ်ကောင်းကင်သင်္ချိုင်းသည် ကောင်းကင်ကိုမဟုတ်ဘဲ ကောင်းကင်ဘုံခုံရုံးကို မြှုပ်နှံချင်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။
မဟာဧကရာဇ်ကောင်းကင်သင်္ချိုင်းအကြောင်း တွေးမိချိန်မှာ ဆူဇီမို၏ စိတ်ထဲ အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်။
သူ၏ ရင်ထဲမှာ နှစ်ပေါင်းများစွာကြာကိန်းအောင်းနေသော ထိုမေးခွန်းက အဖြေတစ်ခုကို ရရှိလာသောပုံပင်။
“မဟာဧကရာဇ်ကောင်းကင်သင်္ချိုင်း... ကောင်းကင်သင်္ချိုင်းသုတ္တန်”
“မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေး... ဧကရာဇ်ပိုရွှင်း... ဧကရာဇ်အရုဏ်ဆည်းဆာ”
“မဟာဧကရာဇ်ဂူသင်္ချိုင်းတွေထဲကနေ ပြန်လည်ရှင်သန်လာကြတယ်... သင်္ချိုင်းစောင့်...”
ဆူဇီမို၏ စိတ်ထဲမှ မရေမတွက်နိုင်သော သတင်းအချက်အလက်များနှင့် သဲလွန်စများက အဆက်မပြတ် ရောထွေးလာသည်။
လူပုဂ္ဂိုလ်များ၏ အမည်များက တဖျပ်ဖျပ်ပေါ်ထွက်လာပြီး သူက ဖြစ်နိုင်ခြေရှိသောအမှန်တရားတစ်ခုကို တဖြည်းဖြည်းစုစည်းမိလာသည်။
“ဆိုတော့... ကိစ္စက ဒီလိုလား”
ထိုဖြစ်နိုင်ခြေကိုတွေးမိချိန်မှာ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး တူန်လှုပ်နေသောအမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။
“ဒါဆိုရင် ကောင်းကင်ဘုံကမ္ဘာက ဖြစ်နိုင်ခြေရှိတာ...”
အတန်ကြာပြီးနောက် ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူဣန္ဒြေဆယ်လိုက်သည်။
ဤနှစ်များမှာ အစစ်အမှန်ခန္ဓာနှစ်ခု၏ ကျင့်ကြံမှုများက အဆက်မပြတ်မြင့်တက်လာသည်နှင့်အမျှ သူတို့သည် နေရာများစွာသို့ပိုမိုသွားလာခဲ့ပြီး ရှေးဟောင်းလျှို့ဝှက်ချက်များစွာကိုသိရှိလာခဲ့ရသည်။
သံသယအချို့က တဖြည်းဖြည်းပြေလည်လာသော်လည်း အခြားသောသံသယများကလည်း ဆက်လက်၍ပေါ်ထွက်လာသည်။
ကောင်းကင်ဘုံခုံရုံးဘာလဲ။
သူတို့က ဘယ်နေရာကနေရောက်လာတာလဲ ။
ကောင်းကင်ဘုံခုံရုံး၏ တည်ရှိမှုက ဘာအဓိပ္ပါယ်ကိုဆောင်တာလဲ။
သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို စောင့်ကြည့်ကာ စုံစမ်းထောက်လှမ်းဖို့အတွက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ဘာ့ကြောင့် ဖွဲ့စည်းထားရတာလဲ။
သူသည် ကောင်းကင်ဘုံခုံရုံး၏ အမည်ကို သိရှိထားသော်လည်း ၎င်းအပေါ် ဆူဇိမို၏ နားလည်သဘောပေါက်မှုက ဝေဝါးနေဆဲဖြစ်သည်
ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဥ်များကြားမှာ သူသည် အပြစ်သားစိတ်ဝိညာဥ်များ၏ မူလဇာတစ်မြစ်ကို သိရှိသွားခဲ့ပြီဖြစ်သည်။
သူတို့သည် အရင်တုန်းက ကောင်းကင်ဘုံခုံရုံးကို စိန်ခေါ်ခဲ့ပြီး ကျရှုံးခဲ့ကြသည့် ဧကရာဇ်များ၏ မျိုးဆက်များဖြစ်ငြသည်။
သို့သော်လည်း ဆိုးယုတ်မိစ္ဆာများက ဘာတွေလဲ။
ဆိုးယုတ်မိစ္ဆာများ၏ သခင်က မိစ္ဆာအရှင် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
သူတို့က ကောင်းကင်ဘုံခုံရုံးကို ဘာ့ကြောင့်စိန်ခေါ်ခဲ့ကြတာလဲ။
ငရဲကမ္ဘာ၊ တစ္ဆေကမ္ဘာနှင့် တမလွန်ဘုံကပင် ဤကိစ္စမှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေတာလဲ။
မြူခိုးများကြားမှာ ပုန်းလျှိုးနေသောမေးခွန်းများစွာရှိနေလေသညိ။