← Chapters

တံခါးပိတ်ကျင့်ကြံခြင်း

Vol. 195 Ch. 2919

တံခါးပိတ်ကျင့်ကြံခြင်း

Vol. 195 Ch. 2919

သူ၏ လိုဏ်ဂူခန်းဝါသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံဖို့ ပြင်ဆင်လိုက်သည်။

ဤတစ်ခေါက်မှာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာတစ်ဦးတည်းသာ မဟုတ်ပေ။ သိုင်းတာအိုပင်မခန္ဓာကလည်း တံခါးပိတ်ကျင့်ကြံဖို့ ပြင်ဆင်ထားသည်။

အစကတော့ တက္ကသိုလ်ဂိုဏ်းချုပ်၏ ပုန်းလျှိုးနေသော အန္တာရာယ်ကို ကိုင်တွယ်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် မဟာအရိုင်းကမ္ဘာကို သွားရောက်ဖို့ ပြင်ဆင်ထားခဲ့သည်။

သို့သော်လည်း ဤတစ်ခေါက်မှာ အစစ်အမှန်ခန္ဓာနှစ်ခုရရှိသည့် အကျိုးအမြတ်များက အရမ်းကို များပြားသည်။ သိုင်းတာအိုပင်မခန္ဓာဘက်မှာ သူသည် တမလွန်ကိုးဘုံအပြစ်သားကုန်းမြေမှ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်ဆယ်ဦးကျော်၏ ကောင်းကင်လိုဏ်ဂူများနှင့် ကြယ်တာရာကောင်းကင်ထဲမှ ကောင်းကင်လိုဏ်ဂူများကို ဝါးမျိုခဲ့သည်။

ပို၍ပင် အရေးပါသည်မှာ သူသည် တက္ကသိုလ်ဂိုဏ်းချုပ်ထံမှ သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို လုယူနိုင်ခဲ့သည်။

တဗူးဂမ္ဘီရကျင့်စဉ်သည် ယခုအခါ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ လက်ထဲမှာ ရှိနေသည်။

သိုင်းတာအိုပင်မခန္ဓာသည် တဗူးဂမ္ဘီရကျင့်စဉ်ကို တစ်ချိန်လုံးဆောင်ထားစရာ မလိုအပ်ပေ။ သူသည် စိတ်ဝိညာဉ်ပနံသင့်ပညာရပ်ကို အသုံးပြုသည်နှင့် သူသည် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို ဖတ်ရှုနိုင်မည်ဖြစ်သည်။

ကောင်းကင်လိုဏ်ဂူများကို လုံးလုံးလျားလျားကြေညက်အောင် သန့်စင်ပြီး တစ်ချိန်တည်းမှာပင် တဗူးဂမ္ဘီရကျင့်စဥ်ကို နားလည်ဆင်ခြင်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ကျင့်ကြံမှုမှာ တိုးတက်လာမည့် အခွင့်အရေးတစ်ခုကိုပင် ရရှိလာခဲ့သည်။

ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာသည် ချက်ချင်းမလှုပ်ရှားပေ။ ထိုအစား သူသည် ကြယ်တစ်စင်းကို ရှာဖွေပြီး တိတ်တဆိတ်ကျင့်ကြံဖို့အတွက် လိုဏ်ဂူခန်းဝါတစ်ခုကို ဖောက်လုပ်လိုက်၏။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာအတွက် ရရှိမှုက ပို၍ပင်ကြီးမားလေသည်။

သူတော်စင်သုံးပါးကျောက်စိမ်းကျမ်း၊ တင်းခြောက်ပါးကျားခြောက်ပါးလျှို့ဝှက်အတတ်နှင့် ဘုရင်များစွာ၏ သိုလှောင်အိတ်များကို အသာထား.. ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အန္တိမပကတိစိတ်ဝိညာဥ်များ၏ တာအိုသစ်သီးနှစ်ဆယ်ကျော်ကျော်ကပင်လျှင် သူ့ကို အတန်ကြာအောင်ချေဖျက်ရဖို့ လုံလောက်လေသည်။

လိုဏ်ဂူခန်းဝါ၏ လျှို့ဝှက်အခန်းထဲမှ ဆူဇီမိုက သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို ထုတ်ယူလိုက်သည်။

ကျောက်စိမ်းကျမ်းသုံးခုက သူ့ရှေ့မှာ တိတ်တဆိတ်လွင့်မျောပြီး ခရမ်းရောင်အစိမ်းရောင်နှင့် အနီရောင်အလင်းတို့ကို ဖြာထုတ်ပေးနေသည်။

အလှည့်အပြောင်းတချို့အပြီးမှာ သူတော်စင်သုံးပါးကျောက်စိမ်းက နောက်ဆုံးသူ့လက်ထဲကို ပြန်လည်ရောက်ရှိလာခဲ့သည်။

တကယ်တော့ လုယွင်တို့အုပ်စုနှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဘုရင်များစွာသည် ကြယ်တာရာကောင်းကင်ထဲမှာ သူ့နောက်သို့လိုက်မီလာပြီး ဘုရင်အေးစက်မျက်လုံးမှင့် အခြားသူများသေဆုံးသွားသည်ကို တွေ့မြင်သည့်အချိန်မှာ ဆူဇီမိုတွင် အတွေးတစ်ခုရှိခဲ့လေသည်။

သူသည် ဤကိစ္စနှင့်ပတ်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်ကို အမှုဆင်လိုခဲ့သည်။

သို့သော်လည်း သူက ထိုအတွေးကို အလျင်အမြန်ပယ်ချခဲ့သည်။

ထိပ်တန်းကမ္ဘာကြီးခြောက်ခုမှ ပညာရှင်များက သူပြောမည့်စကားကို ယုံကြည်သည်မယုံကြည်သည်က တစ်ပိုင်းဖြစ်သည်။ သူတို့က ယုံကြည်ခဲ့မည်ဆိုလျှင်တောင် တက္ကသိုလ်ဂိုဏ်းချုပ်ကို ရှာဖွေနိုင်လိမ့်မည် မဟုတ်ပေ။

တက္ကသိုလ်ဂိုဏ်းချုပ်၏ သတိကြီးကြီးထားတတ်ပုံအရ သူသည် ဤတစ်ခေါက်မှာ သူ၏ ခြေရာလက်ရာများကို ဖျောက်ဖျက်ပြီး လောလောဆယ်မှာပေါ်ထွက်လာမည် မဟုတ်ပေ။

ထိပ်တန်းကမ္ဘာကြီးခြောက်ခုမှ ပညာရှင်များသည် တက္ကသိုလ်ဂိုဏ်းချုပ်ကို မရှာနိုင်ဘူးဆိုလျှင် သူတို့သည် သူတို့၏ အမျက်ဒေါသများကို ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်အပေါ် သေချာပေါက် ပုံချပေလိမ့်မည်။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ကြမ်းကြုတ်ခက်ထန်၍ သွေးအေးရက်စက်တတ်သော ပုံစံအရ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ မည်သည့်ကျင့်ကြံသူကမှ ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ဖျက်ဆီးခံရပြီး တပည့်များအားလုံးသေဆုံးသွားမည်ဆိုလျှင်တောင် တက္ကသိုလ်ဂိုဏ်းချုပ်က ပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်အပေါ် နက်ရှိုင်းသော စိတ်ခံစားချက်များမရှိပေ။ သို့သော်လည်း ယန်လောရှု၊ စီနီယာအစ်မမိုချင်နှင့် အခြားသူများကဲ့သို့ တက္ကသိုလ်မှ လူတချို့သည် ဤကိစ္စမှာ ရောပါငြိစွန်းမခံရသင့်ပေ။

ထို့ကြောင့်ပင် သူသည် ထိုကိစ္စကို သံသရဖူဆောင်းအဖိုးအိုနှင့် အခြားနှစ်ယောက်ကိုသာ ပြောပြခဲ့ခြင်းဖြစ်သည်။

သံသရဖူဆောင်းအဖိုးအိုနှင့် အခြားသူများက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ သွားရောက်သတ်ဖြတ်မည်ဆိုလျှင်တောင် သူတို့သည် ရိုးသားအပြစ်ကင်းသူများကို သတ်ဖြတ်လိမ့်မည်မဟုတ်သည်ကို သူသိရှိထားသောကြောင့်ဖြစ်သည်။

ဆူဇီမိုသည် သူ့ကိုယ်သူ တဖြည်းဖြည်းဣန္ဒြေဆယ်ပြီး ပျံ့လွင့်နေသော သူ၏ အတွေးများကို ရုပ်သိမ်းလိုက်၏။ သူ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး သူ့ရှေ့မှာရှိသော သူတော်စင်သုံးပါး ကျောက်စိမ်းကျမ်းက ဖြည်းဖြည်းချင်းပွင့်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆူဇီမို၏ မျက်လုံးထဲမှာ ခရမ်းရောင်မီးတောက်နှစ်ခုက တဖြည်းဖြည်းပေါ်ထွက်လာ၏။ အစစ်အမှန်ခန္ဓာနှစ်ခုသည် တစ်ချိန်တည်းမှာပင် တဗူးဂမ္ဘီရကျင့်စဉ်ကို ကြည့်နေကြသည်။

သို့သော်လည်း အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက ကျင့်ကြံဖို့ ရွေးချယ်လိုက်သည်။

သိုင်းတာအိုပင်မခန္ဓာကတော့ သူသည် အမှန်တကယ်ကျင့်ကြံမည် မဟုတ်ပေ။ ထိုအစား သူသည် သူတော်စင်ကျောက်စိမ်းကျမ်းထဲရှိ ဓမ္မတာအိုလေးနက်သိမ်မွေ့မှုများစွာကို သိုင်းပိုင်နက်နယ်မြေထဲသို့ တတ်နိုင်သမျှများများ ပေါင်းထည့်ဖို့ ရွေးချယ်မည်ဖြစ်သည်။

တကယ်တော့ သိုင်းတာအိုပင်မခန္ဓာသည် မျိုးနွယ်စုတစ်သောင်းမှသက်ရှိများ၏ ကျင့်ကြံရေးနည်းစနစ်များ၊ လျှို့ဝှက်အတတ်များနှင့် တဗူးဂမ္ဘီရကျင့်စဉ်များကိုပင် အမှန်တကယ်ကျင့်ကြံခြင်းမရှိပေ။

သူသည် ထိုကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များမှာပါဝင်သော ဓမ္မတာအိုများကို သန့်စင်မွမ်းမံရန် သိုင်းတာအိုမီးဖိုကို အသုံးချရုံသာဖြစ်ပြီး သူတို့ကို သူ့ခန္ဓာကိုယ်နှင့် သိုင်းတာအိုငရဲခန်းထဲသို့ ထည့်သွင်းပေါင်းစည်းကာ သူ၏ ဓမ္မတာအိုကို တွက်ချက်ထုတ်မည်ဖြစ်သည်။

ကောင်းကင်ဘုံကမ္ဘာတွင်။

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေတွင်။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၊ အမွေခံကုန်းမြေမှာ။

ကြော့ရှင်း၍ ရိုးရှင်းသော လိုဏ်ဂူခန်းဝါတစ်ခုထဲတွင် ချောမောလှပသောအမျိုးသမီးတစ်ဦးက စုတ်တံတစ်ချောင်းကိုကိုင်ပြီး သူမရှေ့မှာရှိသော ပုံဆွဲစက္ကူပေါ်မှာ ညင်သာစွာရေးဆွဲနေ၏။

သူမ၏ ပခုံးပေါ်တွင် နှင်းဖြူရောင်လိပ်ပြာတစ်ကောင်က ရပ်နားနေ၏။

၎င်းသည် အမျိုးသမီးကို နှောက်ယှက်မိမှာကို စိုးရိမ်နေသည့်အလားပင်။

ပန်းချီအင်မော်တယ်မိုချင်။

သူမသည် လွန်ခဲ့သည့်နှစ်နှစ်ထောင်ကျော်က ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ဂျူနီယာမောင်ဆူ သေဆုံးသွားသည်ကို ရှာဖွေတွေ့ရှိခဲ့ပြီးကတည်းက သူမက သူမ၏ ခါတိုင်းလို နဂိုပုံစံကို ပြန်လည်ရရှိလာခဲ့သည်။

သူမသည် လိုဏ်ဂူခန်းဝါထဲမှာ တစ်နှစ်ပတ်လုံးနေထိုင်ပြီး လောကီရေးရာများနှင့်ကင်းကွာကာ တိတ်ဆိတ်ငြိမ်သက်နေတတ်သည်။

ကြည့်ရသည်မှာ မိုချင်သည် အရင်ကနှင့် များစွာကွာခြားသွားသည့်ပုံမရှိပေ။ သို့သော်လည်း ရေခဲလိပ်ပြာက သူမ၏ ဘေးနားမှာ တစ်ချိန်လုံးရှိနေပြီး မသိသာမထင်ရှားသော ပြောင်းလဲမှုများစွာကို အာရုံခံမိနိုင်ဆဲဖြစ်သည်။

ဤနှစ်များအားလုံးမှာ မိုချင်သည် ပုံတူပန်းချီကားတစ်ချပ်ကို ဘယ်တုန်းကမှ မရေးဆွဲခဲ့ပေ။

တစ်ခါတစ်ရံမှာ သူမသည် ပန်းချီဆွဲနေခြင်းကို ရပ်တန့်ပြီး ငေးငိုင်စွာဖြင့် အဝေးတစ်နေရာကို ကြည့်နေတတ်လေသည်။

ထိုအခိုက်အတန့်မှသာ သူမ၏ မျက်နှာပေါ်တွင် စိတ်ခံစားချက်တချို့ ပြန်လည်ပေါ်ထွက်လာတတ်သည်။

တစ်ခါတစ်ရံမှာ သူမက သတိလက်လွတ်ပြုံးနေမိသည်။

တစ်ခါတစ်ရံမှာ သူမသည် ဝမ်းနည်းမှုတစ်စွန်းတစ်စကို ထုတ်ဖော်တတ်လေသည်။ ဤနှစ်များအားလုံးမှာ မိုချင်သည် ပို၍ပင် နှုတ်ဆိတ်လာခဲ့သည်။

အရင်တုန်းက သူမသည် ရေခဲလိပ်ပြာနှင့် မကြာခဏစကားပြောတတ်လေသည်။ တကယ်ဆို သူမသည် တစ်စုံတစ်ယောက်နှင့် အခြားသူများနှင့် စကားပြောဆိုသည့်အခါ သူမ၏ လှပသောမျက်လုံးများကပင် အရောင်လက်လာတတ်လေသည်။

ရေခဲလိပ်ပြာ၏ မျက်လုံးထဲမှာ ထိုနှစ်များမှ မိုချင်သည် စိတ်ခံစားချက်များနှင့်အတူ အစစ်အမှန် သက်ရှိနတ်မိမယ်တစ်ပါးနှင့် ပိုတူခဲ့လေသည်။

ဤနှစ်များအားလုံးမှာ မိုချင်သည် တစ်စုံတစ်ရာပျောက်ဆုံးနေပုံရလေသည်။

ထိုမျက်လုံးများက လှပနေဆဲဖြစ်သော်လည်း သူတို့မှာ ယခင်ကလောက် စိတ်ဝိညာဉ်များစွာမရှိတော့ပေ။

ထိုစဉ်မှာပင် လိုဏ်ဂူခန်းဝါ၏ အပြင်ဘက်မှာ အလောတကြီးနိုင်သော တံခါးခေါက်သံနှင့်အတူ အော်ခေါ်သံက ဆက်တိုက်ထွက်ပေါ်လာ၏။

“စီနီယာအစ်မမိုချင်… ကျွန်မသက်တံနီပါ”

“လောရှုက ဒုက္ခရောက်နေပြီ… အဲဒီလူတွေက သူ့ကိုသေအောင်ရိုက်သတ်ကြတော့မယ်… တက္ကသိုလ်မှာ ဘယ်သူကမှ သူ့ကိုမကူညီပေးရဲကြဘူး… ကျွန်မ တကယ်ပဲ အခြားဘယ်သူ့ကိုမှ အကူအညီမရှာနိုင်တော့ဘူး… စီနီယာအစ်မမိုချင် ကျေးဇူးပြုပြီး ကူညီပါဦး… ကျေးဇူးပြုပြီး”

မိုချင်သည် အတွေးထဲမှာနစ်မျောနေပုံရပြီး အပြင်ဘက်မှ အော်ခေါ်သံများကို မကြားနိုင်သည့်အလား ငေးငိုင်စွာဖြင့်ရှိနေသည်။

ရေခဲလိပ်ပြာက ကြိတ်၍ သက်ပြင်းချလိုက်သည်။

ဤနှစ်များအားလုံးမှာ မိုချင်သည် ဤကဲ့သို့ မကြာခဏငေးငိုင်နေတတ်လေသည်။

သူမသည် တမင်မကြားရအောင် ပြုလုပ်ထားခြင်းမဟုတ်ဘဲ သူမသည် တစ်ခုသော အခြေအနေမှာကျဆင်းသွားပြီး သူမကိုယ်သူမ ရုန်းမထွက်နိုင်ဘဲ အပြင်ဘက်ရှိ မည်သည့်အရာကိုမှ အာရုံမခံမိနိုင်တော့ခြင်းဖြစ်သည်။

ရေခဲလိပ်ပြာက ၎င်း၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟပြီး အေးစက်နေသော အော်ရာတစ်ခုကို ထုတ်လွှတ်လိုက်၏။

မိုချင်က အနည်းငယ်တုန်ယင်သွားပြီး သူမ၏ ငေးငိုင်နေရာကနေ တဖြည်းဖြည်းပြန်လည်နိုးထလာလေသည်။ သူမနားထဲရှိ အော်သံက တဖြည်းဖြည်းရှင်းလင်းလာခဲ့လေသည်။

“ဘာဖြစ်နေတာပါလိမ့်”

သူမသည် မင်းသမီးသက်တံနီ၏ အသံကို မှတ်မိသွားပုံရပြီး သူမက အလောတကြီး မတ်တတ်ထရပ်ကာ လိုဏ်ဂူခန်းဝါအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ တစ်ချက်ကြည့်လိုက်သည့်အခါ သူမသည် မြေပြင်ပေါ်မှာ လဲကျနေသည့် မင်းသမီးသက်တံနီကို တွေ့မြင်လိုက်ရသည်။

“စီနီယာအစ်မမိုချင်… ကျေးဇူးပြုပြီး…”

မင်းသမီးသက်တံနီက မိုချင်၏ လက်ကို အတင်းဖမ်းဆွဲလိုက်၏။ သူမ၏ မျက်နှာက မျက်ရည်များဖြင့် စိုရွှဲနေပြီး သူမက စိတ်ထိခိုက်ခံစားနေရလေသည်။ သူမ၏ အသံက တစ်ဆို့နေပြီး ဆက်လက်၍မပြောဆိုနိုင်တော့ပေ။

မိုချင်၏ အကြည့်က မင်းသမီးသက်တံနီ၏ ဝမ်းဗိုက်ပေါ်သို့ ဆင်းသက်ရောက်ရှိသွားသည်။ ထိုနေရာက အနည်းငယ်မို့နေပြီး သူမက ကိုယ်ဝန်ရှိနေသည်မှာ သိသာလေသည်။

“ဂျူနီယာညီမ သက်တံနီ… နင့်ရဲ့ သန္ဓေသားကို မထိခိုက်အောင် အရင်ထဦး… ငါ့ကို ဖြည်းဖြည်းချင်းပြောစမ်းပါ… ဘာဖြစ်နေတာလဲ”

မိုချင်က မင်းသမီးသက်တံနီကို အလောတကြီး ထူမပေးလိုက်သည်။

မင်းသမီးသက်တံနီက သူမ၏ ဝမ်းဗိုက်ထဲရှိ သန္ဓေသားကို အမှတ်ရသွားသည့်ပုံပင်။ သူမက သူမ၏ စိတ်ကို လျှော့ချဖို့ အတတ်နိုင်ဆုံးကြိုးစားပြီး ငိုရှိုက်ကာ ပြောလိုက်၏။

“ဂျူနီယာမောင်ဆူက အကြောင်းအရင်းမရှိဘဲ တက္ကသိုလ်ကို သစ္စာဖောက်မှာမဟုတ်ဘူးဆိုတာ လောရှုက အမြဲတမ်းယုံကြည်ထားတယ်… ပြီးခဲ့တဲ့နှစ်နှစ်ထောင်မှာ သူက အမှန်တရားကို ရှာဖွေဖို့ ကြိုးစားနေခဲ့တယ်”

“ဒါပေမဲ့ ဂျူနီယာမောင်ဆူရဲ့ ပြစ်မှုကို တက္ကသိုလ်ဂိုဏ်းချုပ်က အတည်ပြုထားပြီဖြစ်တဲ့အတွက် ဘယ်သူကမှ သူ့ကိုမေးခွန်းမထုတ်ရဲတော့ဘူး… လောရှုရဲ့ ခေါင်းမာမှုက သူ့ကိုမေးခွန်ထုတ်နေတာနဲ့ တူနေတယ်… အဲဒါကြောင့် တက္ကသိုလ်မှာရှိတဲ့ တပည့်ရောင်းရင်းတွေက သူ့ကိုဆူးတစ်ချောင်းအဖြစ် ရှုမြင်လာကြတယ်… သူတို့က မကြာခဏ့ပူးပေါင်းပြီး သူ့ကိုဖိနှိမ်အနိုင်ကျင့်တတ်တယ်”

မိုချင်က နှုတ်ဆိတ်နေ၏။

အရင်တုန်းက ကောင်းကင်နှင့်မြေကြီးနန်းတော်ထဲမှာ ဖြစ်ပျက်ခဲ့သောမြင်ကွင်းက သူမ၏ စိတ်ထဲမှာ သစ်လွင်နေဆဲဖြစ်သည်။

တက္ကသိုလ်ဂိုဏ်းချုပ်ရှေ့မှာ ယန်လောရှုသည် သူနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး သူ့ရင်ထဲရှိ သံသယများကို မြင့်မြတ်သောအော်ရာတစ်ခုနှင့်အတူ ထုတ်ဖော်ပြောဆိုရဲခဲ့လေသည်။

မိုချင်က ဘေးကနေ နှုတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

သူမသည်လည်း အဲဒါကို မယုံကြည်သော်လည်း သူမမှာ တက္ကသိုလ်ဂိုဏ်းချုပ်ကို မေးခွန်းထုတ်ဖို့ သတ္တိမရှိပေ။

ယန်လောရှုနှင့်ယှဉ်လျှင် သူမက ကြောက်ရွံ့တတ်လေသည်။

ထိုအချိန်မှစ၍ ယန်လောရှုသည်‌ နောက်ပိုင်းတက္ကသိုလ်မှာ ကောင်းမွန်စွာနေထိုင်ရမည် မဟုတ်တော့ဘူးဆိုတာ သူမက သိရှိလိုက်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ယန်လောရှုသည် မမျှတမှုများနှင့် အနိုင်ကျင့်မှုများနှင့် ကြုံတွေ့ခဲ့ရသည်ကို သူမကလည်း ကြားထားလေသည်။

သို့သော်လည်း သူမက ဘာမှမတတ်နိုင်ခဲ့ပေ။

တက္ကသိုလ်ဂိုဏ်းချုပ်၏ တိတ်တဆိတ်သဘောတူညီမှုမရှိဘဲ ထိုကျင့်ကြံသူများက ဤမျှအထိ အကြောက်အလန့်ကင်းမဲ့နေစရာ အကြောင်းမရှိဟု သူမသိရှိထားသောကြောင့်ဖြစ်သည်။

All Chapters