← Chapters

တက္ကသိုလ်ကို သစ္စာဖောက်ခြင်း

Vol. 195 Ch. 2922

တက္ကသိုလ်ကို သစ္စာဖောက်ခြင်း

Vol. 195 Ch. 2922

စည်းကမ်းထိန်းသိမ်းရေးစင်ပေါ်မှာ…

ယန်လောရှုသည် သူ၏ ခန္ဓာကိုယ်မှ မည်သည့်နာကျင်မှုကိုမှ မခံစားရသည့်အလား သူ၏ ခေါင်းကိုမော့ကာ မတ်တတ်ရပ်ပြီး ဤနှစ်များအားလုံးမှာ သူမြင်ခဲ့ ကြားခဲ့သည့် အရာရာတိုင်းကို ကျယ်လောင်စွာ ပြန်ပြောပြနေ၏။

တဖြည်းဖြည်း လူအုပ်ကြားထဲမှာ အုန်းအုန်းကျက်ကျက် အသံများက ထွက်ပေါ်လာသည်။

“ပါးစပ်ကို ပိတ်ထားစမ်း”

ကျန်းဟွာက အော်ငေါက်လိုက်ပြီး ယန်လောရှုကို ဖြတ်ပြောလိုက်၏။ တစ်ချိန်တည်းမှာပင် သူက အပြစ်ပေးကျာပွတ်ကို ကိုင်မြှောက်ပြီး ယန်လောရှုကို အဆက်မပြတ် ရိုက်ချလိုက်၏။

ကျာပွတ်ရိုက်ချက် တစ်ချက်ချင်းစီတိုင်းက အရမ်းကို နက်ရှိုင်းပြီး သူ့အရိုးများကိုပင် တွေ့မြင်နေရသည်။

ယန်လောရှု ခန္ဓာကိုယ်ကလည်း တုန်ယင်လာခဲ့သည်။

သို့သော်လည်း သူက အညံ့မခံလိုပေ။ သူသည် ကျန်းဟွာကို အေးစက်စွာကြည့်ပြီး အော်ပြောလိုက်၏။

“ငါက သူအပြစ်ကင်းတယ်ဆိုတာကို သိထားလို့ ဂျူနီယာညီဆူကို အရိုအသေပေးဖို့ သွားခဲ့တာပဲ”

“သူက ဘာအမှားမှ မလုပ်ခဲ့သလို တက္ကသိုလ်နဲ့ တက္ကသိုလ်ဂိုဏ်းချုပ်ကိုလည်း စိတ်မပျက်စေခဲ့ရဘူး… တက္ကသိုလ်ဂိုဏ်းချုပ်ကသာ သူ့ကို စိတ်ပျက်စေခဲ့တဲ့သူပဲ… ဂိုဏ်းချုပ်က သူ့ရဲ့ ကိုယ်ကျိုးအတ္တအတွက် ဂျူနီယာညီဆူရဲ့ ဖန်တီးခြင်းကြာပဒုမ္မာကို ရယူချင်ခဲ့တယ်… အဲဒါကြောင့် သူက ရွေးချယ်စရာမရှိဘဲ ခုခံဆန့်ကျင်ခဲ့ရတာပဲ”

“အရင်တုန်းက ဂျူနီယာညီဆူကို တက္ကသိုလ်ကို ခေါ်လာခဲ့တဲ့သူက ငါပဲ… ငါ့ကြောင့်မဟုတ်ရင် သူက ဒီလိုမျိုးကပ်ဘေးနဲ့ ကြုံတွေ့ရမှာ မဟုတ်ဘူး.. ငါ ဒီနေ့သေရမယ်ဆိုရင်တောင် သူ့ရဲ့နာမည်ကို ရှင်းလင်းပေးရမယ်”

“မင်းပါးစပ်ကို ပိတ်ထား”

“သူ့ကို ဆက်ပြီး စကားပြောခွင့်မပေးနဲ့တော့”

ပကတိအင်မော်တယ်တစ်အုပ်စုက ကျယ်လောင်စွာ အော်လိုက်ကြ၏။

“မင်းတို့တွေ ငါပြောတာကို မယုံဘူးဆိုရင် ဂိုဏ်းချုပ်ကိုခေါ်ပြီး ငါနဲ့ မျက်နှာချင်းဆိုင် ရှင်းခိုင်းလိုက်”

ယန်လောရှုက လှောင်ရယ်လိုက်သည်။

ကျန်းဟွာက သူ၏ ကျာပွတ်ကို နောက်တစ်ဖန် ကိုင်မြှောက်ပြီး ကျယ်လောင်စွာ အော်ငေါက်လိုက်၏။

“မင်း သစ္စာဖောက်ကောင်… မင်းက ဂိုဏ်းချုပ်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ ဘယ်လိုလုပ် အဆင့်မီမှာလဲ”

ယန်လောရှု၏ ခန္ဓာကိုယ်သည် ကျန်းဟွာ၏ လက်ထဲရှိ အပြစ်ပေးကျာပွတ်ကြောင့် စိစိညက်ညက်ကြေလုနီးပါး ဖြစ်နေလေပြီ။ သူ၏ ခြေရင်းမှာ သွေးအိုင်တစ်အိုင် ရှိနေပြီး သူ၏ ခန္ဓာကိုယ်ကနေ စုတ်ပြဲသွားသော အသားစများက ပြန့်ကျဲနေ၏။

ထိုသို့ဆိုလျှင်တောင် ယန်လောရှုသည် သူ၏ ရင်ထဲရှိ မှန်ကန်ဖြောင့်မတ်မှုအပေါ် မှီခိုပြီး ပြတ်သားသော အကြည့်နဲ့အတူ နောက်ဆုတ်ခြင်းမရှိပေ။

မင်းသမီးသက်တံနီက ငိုယိုနေ၏။

မိုချင်က သူမကို တားဆီးထားခြင်းကြောင့် မဟုတ်လျှင် သူမသည် ရှေ့သို့ပြေးဝင်ကာ ယန်လောရှုနှင့်အတူ ဤကဲ့သို့သော ဆင်းရဲဒုက္ခများကို ကြိတ်မှိတ်ခံစားပေလိမ့်မည်။

အောက်ဘက်ရှိ တက္ကသိုလ်တပည့်ဂိုဏ်းသားများက ထိုသည်ကို တွေ့မြင်သောအခါ တွေဝေရှုပ်ထွေးလာကြသည်။

သူတို့ထဲမှ များစွာက နားမလည်နိုင်ကြပေ။

ဘာလို့လဲ…

အမှန်တရားက အဲ့လောက်ထိ အရေးပါလို့လား…

သူက ဘာလို့ အဲ့လောက်ထိ ခေါင်းမာနေရတာလဲ…

သူက အခုအချိန်မှာ ဦးညွှတ်ပြီး အမှားကို ဝန်ခံလိုက်မယ်ဆိုရင် ပိုမကောင်းဘူးလား… သူက ဤမျှအထိ ခေါင်းမာနေစရာ လိုလို့လား…

တကယ်ဆို တက္ကသိုလ်မှ တပည့်ဂိုဏ်းသားတချို့သည် လှောင်ပြောင်သရော်ပြီး အထင်သေးစွာဖြင့် ပြောဆိုလာကြသည်။

“ဘယ်လောက်တောင် ရူးမိုက်လိုက်လဲ”

ကျန်းဟွာ၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတစ်ချက် ဖျတ်ခနဲ ပေါ်ထွက်လာ၏။ ရုတ်တရက် သူက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ယန်လောရှု၏ နှာရောင်ကို ပစ်ရိုက်ကာ ဖမ်းဆွဲလိုက်၏။

ယန်လောရှု၏ တာအိုသစ်သီးက ကျန်းဟွာ၏ လက်ဖဝါးထဲမှာ ပါလာခဲ့သည်။

“မင်းက ဘယ်လိုတောင် လျှာစောင်းထက်နေရဲတာလဲ… ငါမင်းရဲ့ တာအိုသစ်သီးကို ဖျက်ဆီးပြမယ်… ကြည့်နေ”

ကျန်းဟွာက သူ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်လိုက်ပြီး အမြုတေစိတ်ဝိညာဉ်ကို စုဖွဲ့လိုက်၏။ အက်ကွဲသံနှင့်အတူ သူသည် ယန်လောရှု၏ တာအိုသစ်သီးကို ခြေမွှလိုက်ပြီး ဓမ္မပညာရပ်များစွာကို ပျက်ပြယ်သွားစေလေသည်။ တာအိုသစ်သီး အပိုင်းအစများက မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွားသည်။

ရုတ်တရက် လောကက ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားသည်။

မိုချင်က သူမ၏ ပါးစပ်ကို အနည်းငယ် ဖွင့်ဟလိုက်၏။ ကျန်းဟွာသည် ဤမျှအထိ ရက်စက်ကြမ်းကြုတ်ပြီး ယန်လောရှု၏ တာအိုသစ်သီးကို တိုက်ရိုက်ဖျက်ဆီးပစ်လိမ့်မည်ဟု သူမက ထင်မှတ်မထားခဲ့ပေ။

ယန်လောရှု၏ ကျင့်ကြံမှုကို ဖျက်ဆီးခြင်းသည် သူ့ကို သတ်ဖြတ်သည်ထက်ပင် ပိုမိုရက်စက်ရာကျသည်။

သူသည် အသက်ရှင်နေခဲ့ပြီး ဂိုဏ်းကနေ နှင်ထုတ်ခံရမည်ဆိုလျှင် သူ့အနေဖြင့် သူ၏ ကျင့်ကြံမှုမရှိဘဲ ကျင့်ကြံရေးလောကမှာ ရှင်သန်ဖို့ မလွယ်ကူပေ။

“လောရှု...”

မင်းသမီးသက်တံနီက စူးစူးဝါးဝါး အော်ငိုပြီး မိုချင်၏ လက်ထဲကနေ ရုန်းထွက်ကာ ယန်လောရှု၏ ဘေးသို့ ခုန်ဝင်လာခဲ့သည်။

တာအိုသစ်သီး မရှိဘဲ ယန်လောရှု၏ အော်ရာက ပို၍ပင် အားနည်းလာခဲ့သည်။

အစကတော့ သူက ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့သည်။ သို့သော်လည်း သူသည် မည်သို့ပင်ဆိုစေ သူ၏ အသိစိတ်ထဲမှာ တာအိုသစ်သီး ရှိနေသေးပြီး သူက အသက်ရှင်နိုင်ခဲ့သည်။

သို့သော် ယခု သူ၏ ကိုယ်ထဲရှိ အသက်ဓာတ်အား တစ်စွန်းတစ်စကပင် ပျက်ပြယ်လာတော့မည် ဖြစ်သည်။

“သက်တံနီ… ငါ တောင်းပန်ပါတယ်”

ယန်လောရှုက သူ၏ ခေါင်းကိုငုံ့ပြီး သူ၏ ခြေရင်းမှာ ပုံလျက်သား လဲကျနေသော မင်းသမီးသက်တံနီကို သူ၏ မျက်လုံးထဲရှိ နက်ရှိုင်းသော မလုံမလဲမှုနှင့် ဝန်လေးမှုနှင့်အတူ ကြည့်နေ၏။

တကယ်တော့ ကျန်းဟွာသည် ယန်လောရှုကို တိုက်ရိုက်သတ်ဖြတ်နိုင်သော်လည်း အဲဒါက သူ၏ ရင်ထဲရှိ အမျက်ဒေါသများကို ဖွင့်ထုတ်နိုင်ဖို့ မလုံလောက်ပေ။

ထိုသူကို လူတိုင်းရှေ့မှာ အညံ့ခံစေပြီး ဝန်ခံချက်ပေးစေခြင်းဖြင့်သာ တက္ကသိုလ်ဂိုဏ်းချုပ်ရှေ့မှာ သူ၏ နည်းလမ်းများကို ပြသနိုင်မည်ဖြစ်သည်။

အစကတော့ ကျန်းဟွာသည် ယန်လောရှုကို တစ်စုံတစ်ရာ ပြုလုပ်ခိုင်းနိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း မင်းသမီးသက်တံနီကို တွေ့မြင်သောအခါ သူ၏ အကြည့်က သူမ၏ ဝမ်းဗိုက်ပေါ်သို့ ဆင်းသက်ရောက်ရှိသွား၏။

အတွေးတစ်ခုက သူ၏ စိတ်ထဲမှာ ဖျတ်ခနဲ ပေါ်ထွက်လာပြီး သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွား၏။

“ယန်လောရှု... မင်းက အမှားကို ဝန်ခံဖို့ ခက်ခဲနေမှာပဲ”

ရုတ်တရက် ကျန်းဟွာက ပြောလိုက်၏။

“မင်းက မင်းကိုယ်မင်း မငဲ့ကွက်ဘူးဆိုရင်တောင် မင်းကလေးကို ဘာလို့ထည့်ပြီး မစဉ်းစားတာလဲ”

ယန်လောရှု၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ နောက်ဆုံးလက်ကျန်ခွန်အားကို ညှစ်ထုတ်ကာ အံကိုကြိတ်ပြီး မုန်းတီးစွာဖြင့် ပြောလိုက်၏။

“ကျန်းဟွာ… မင်းဘာလုပ်နေတာလဲ… ဒါက ငါ့ကိစ္စပဲ… တခြားသူတွေနဲ့ ဘာမှမဆိုင်ဘူး… အပြစ်မရှိတဲ့လူတွေကို ဆွဲမထည့်နဲ့”

“ဟဲဟဲ...”

ကျန်းဟွာက ယန်လောရှု၏ တုံ့ပြန်ပုံကို တွေ့မြင်သောအခါ သူက ပို၍ပင် အူမြူးအားရလာပြီး ရယ်မောပြောဆိုလိုက်၏။

“မင်းသမီးသက်တံနဲ့ သူ့ဗိုက်ထဲက ကလေးက အပြစ်မကင်းဘူး”

ကျန်းဟွာသည် ယန်လောရှု၏ အားနည်းချက်ကို ဖမ်းဆုပ်မိသွားပြီဆိုတာ နားလည်သဘောပေါက်လိုက်ပြီး ဆက်ပြောလိုက်၏။

“အဲဒီကလေးက မွေးဖွားလာတဲ့ အချိန်မှာပဲ အပြစ်သားတစ်ယောက် ဖြစ်လာလိမ့်မယ်… သူက အထင်အမြင်သေးခံရပြီး သေချာပေါက် အနိုင်ကျင့်ခံရလိမ့်မယ်… ငါဘာလုပ်ရင်ကောင်းမလဲ… ငါက သူ့ကို ငါ့ရဲ့ လက်အောက်ကို သွတ်သွင်းပြီး သူ့ကို တာအိုကို ကိုယ်တိုင်သင်ကြားပေးရမလား”

“သူ့အဖေက သူ့ဆရာနဲ့ သူ့ဂိုဏ်းကို သစ္စာဖောက်ခဲ့တဲ့ အပြစ်သားတစ်ယောက်ဖြစ်ပြီး တက္ကသိုလ်ရဲ့ သစ္စာဖောက်တစ်ယောက်ဖြစ်တယ်လို့ ငါ သူ့ကို ပြောပြမယ်… သူ့ကို အနာဂတ်မှာ သူ့အဖေလိုမနေဖို့ ငါသူ့ကို ပြောပြမယ်”

“ကျန်းဟွာ... မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”

“ထွီ...”

ယန်လောရှုက မကျေမချမ်း ဖြစ်လာပြီး သူ၏ ပါးစပ်ထဲရှိ သွေးများကို ထွေးထုတ်လိုက်၏။

“ဒူးထောက်ပြီး အမှားကို ဝန်ခံစမ်း”

ကျန်းဟွာက ပြုံး၍ သူ့ရှေ့ကို လက်ညှိုးထိုးပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“တော်လောက်ပြီ”

မိုချင်က ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ရှေ့သို့ ထွက်လာကာ အော်ပြောလိုက်၏။

“ကျန်းဟွာ... ဂျူနီယာမောင်ယန်က အမှန်တရားကို ပြောတာ မပြောတာကို အသာထားဦး… နင်က သူ့ကလေးနဲ့ သူ့ကို ခြိမ်းခြောက်နေတာ နင် လူရောဟုတ်သေးရဲ့လား”

ကျန်းဟွာက မိုချင်ကို တစ်ချက်ကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

မဟာနတ်မိမယ်လေးပါးထဲက တစ်ပါးအနေဖြင့် မိုချင်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာသာမက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာပါ အလွန်တရာ ကျော်ကြားသည်။

“စီနီယာအစ်မမိုချင်က အဲဒီသစ္စာဖောက် ဆူဇီမိုနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေတယ်လို့ ငါကြားဖူးထားတယ်”

ထိုစဉ်မှာပင် လူအုပ်ကြားထဲကနေ အသံတစ်သံ ထွက်ပေါ်လာသည်။

“အဲဒါက ဟုတ်နေတဲ့ပုံပဲ… အရင်ကဆို စီနီယာအစ်မမိုချင်က ဆူဇီမိုနဲ့ ဆက်ဆံရေးကောင်းရှိပြီး သူ့အတွက် မကြာခဏ ရပ်တည်ပေးခဲ့တယ်”

“စီနီယာအစ်မမိုချင်က ယန်လောရှုကို အရမ်းကာကွယ်ပေးလွန်းတယ်… သူက ဆူဇီမိုကို ယုံကြည်ထားပြီး တက္ကသိုလ်ကို သံသယဝင်နေတာလား”

“သူက ပန်းချီအင်မော်တယ်ဆိုတော့ရော ဘာဖြစ်လဲ… သူက တက္ကသိုလ်ဂိုဏ်းချုပ်ကို သံသယဝင်တယ်ဆိုရင် သူက မှားတဲ့ဘက်မှာ ရှိနေတာပဲ”

တဖြည်းဖြည်း လူအုပ်ကြားထဲမှာ အုန်းအုန်းကျက်ကျက်အသံများ ထွက်ပေါ်လာ၏။

မိုချင်က သူမ၏ ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

သူမအပေါ် ကျင့်ကြံသူများစွာ၏ အကြည့်က စတင်ပြောင်းလဲလာခဲ့ပြီဖြစ်သည်။

ထိုအကြည့်သည် စောစောက ယန်လောရှုကို သူတို့ ကြည့်နေခဲ့ပုံနှင့် အတူတူပင်ဖြစ်သည်။

နီရဲနေသော မျက်လုံးများနှင့် ဆာလောင်နေသော ဝံပုလွေတစ်အုပ်စုကဲ့သို့ သူတို့သည် သူမအပေါ် ခုန်အုပ်ပြီး သူမကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်နေကြသည်။

ကျန်းဟွာက မိုချင်ကိုကြည့်ပြီး ပြုံးပြလိုက်၏။

“စီနီယာအစ်မမိုချင်… ခင်ဗျားလည်း မြင်တဲ့အတိုင်းပဲ… အားလုံးက ခင်ဗျားကို သံသယဝင်လာပြီ… ခင်ဗျား လူတိုင်းရှေ့မှာ ဘာလို့မရှင်းပြတာလဲ”

“ဆူဇီမိုက သစ္စာဖောက်တစ်ယောက်ဖြစ်တယ်လို့ ခင်ဗျားက ကိုယ်တိုင်ဝန်ခံပြောဆိုပြီး သူနဲ့ စည်းတစ်ခုခြားလိုက်တာနဲ့ ဘယ်သူကမှ ခင်ဗျားကို ဒီနေ့ အခက်တွေ့အောင် လုပ်မှာမဟုတ်တော့ဘူး”

မိုချင်က ဒေါသချောင်းချောင်းထွက်လာပြီး မေးလိုက်၏။

“ငါ အဲဒါကို ဝန်ခံမှာ မဟုတ်ဘူး… နင်ဘာလုပ်ချင်လဲ ပြော”

“ဒါဆိုရင်တော့... နင်ကလည်း သစ္စာဖောက်ပဲ”

“သူ့ကို တုပ်နှောင်ပြီး သူ့မျက်နှာကို ဆုတ်ဖြဲပစ်လိုက်”

နတ်မိမယ်နှစ်ပါးက ပြင်းထန်ကြမ်းတမ်းစွာ အော်ပြောလိုက်၏။

ဤနှစ်များမှာ ပန်းချီအင်မော်တယ်သည် တက္ကသိုလ်၏ နံပါတ်တစ် နတ်မိမယ်အဖြစ် သူမ၏ အဆင့်အတန်းကို ထိန်းသိမ်းထားခဲ့သည်။

မိုချင်သည် အမြဲတမ်း အမြင့်မှာ ထည်ဝါစွာဖြင့် ရှိနေခဲ့သည်။ သူတို့က ဘယ်လိုပင် ကြိုးစားသည်ဖြစ်စေ… သူတို့သည် ပန်းချီအင်မော်တယ်မိုချင်ကို ဘယ်တော့မှ မယှဉ်နိုင်ဘဲ သူမကို မော်ကြည့်ရုံသာ တတ်နိုင်လေသည်။

သို့သော် ယခု သူတို့သည် ပန်းချီအင်မော်တယ်မိုချင်ကို သူမ၏ ပလ္လင်ပေါ်ကနေ ဆွဲချနိုင်မည့် အခွင့်အရေးတစ်ခုကို တွေ့မြင်လာသည်။

“လာခဲ့လေ”

မိုချင်က သူမ၏ သိုလှောင်အိတ်ကို ပုတ်ပြီး သူမ၏ ပန်းချီစာအုပ်ကို ဆွဲထုတ်လိုက်၏။ သူမက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“ဒီနေ့ ဂျူနီယာမောင်ယန်နဲ့အတူ ငါရပ်တည်ပေးမယ်”

“ငါ အညံ့ခံမှာ မဟုတ်ဘူး… ဂျူနီယာမောင်ယန်ကို ထပ်ပြီးထိရဲတဲ့ ဘယ်သူမဆို ငါတို့ရဲ့ ဂိုဏ်းသားရောင်းရင်း ဆက်ဆံရေးကို မထောက်ထားတဲ့အတွက် ငါ့ကိုလာပြီး အပြစ်မတင်နဲ့တော့”

“မိုချင်… နင်က တက္ကသိုလ်ကို သစ္စာဖောက်နေတာပဲ”

ကျန်းဟွာက အော်ငေါက်လိုက်သည်။

မိုချင်က အသက်တစ်ချက်ရှိုက်ပြီး သူမ၏ ကျင့်ကြံရေးဘဝတစ်ခုလုံးမှာ အကြမ်းတမ်းဆုံးနှင့် အရဲရင့်ဆုံးစကားကို ပြောလိုက်၏။

“ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဒီအခြေအနေထိ လျှောကျလာခဲ့ပြီဆိုမှတော့.. ငါက သစ္စာဖောက်တယ်ဆိုတော့ရော ဘာဖြစ်လဲ။”

All Chapters