ဓားမိုး
Vol. 195 Ch. 2923
သူတို့သည် ထိုစကားကိုကြားသောအခါ ပကတိအင်မော်တယ်တပည့်ဂိုဏ်းသားများ၏ မျက်လုံးများက ဝင်းလက်လာ၏။
“ဟားဟား… မိုချင် နင်ကလည်း ယန်လောရှု.. ဆူဇီမိုတို့နဲ့ တကယ်ပဲ အကြံတူကိုး… နင်က တက္ကသိုလ်ကို သစ္စာဖောက်ဖို့ ရည်ရွယ်နေတာပဲ”
“နင်က ပန်းချီဆွဲတတ်ရုံနဲ့ နင့်မှာ တောင်ပံတွေပေါက်နေပြီလို့ ထင်လို့လား… တက္ကသိုလ်နဲ့ ဂိုဏ်းချုပ်မရှိဘဲ ပန်းချီအင်မော်တယ်ဆိုတဲ့ နင့်ရဲ့နာမည်က ဘယ်လိုလုပ်ဖြစ်လာမှာလဲ”
“ကျေးဇူးကန်းတဲ့ခွေးမ… သူ့မျက်နှာကို ဆုတ်ဖြဲပစ်”
အစကတော့ ကျန်းဟွာနှင့် အခြားသူများသည် မိုချင်ကို ကိုင်တွယ်ဖို့အတွက် အကြောင်းပြချက်ရှာမရခဲ့ပေ။
စောစောက သူတို့သည် မိုချင်ကို ဤစကားပြောရန် ဖိအားပေးပြီးနောက် သူတို့သည် နောက်ဆုံးမှာ အကြောင်းပြချက်ကို ရှာတွေ့သွားသည်။
တက္ကသိုလ်မှ တပည့်ဂိုဏ်းသားတချို့သည် အမှန်တရားက တွန့်လိမ်သွားသည့်အလား တိတ်တဆိတ်စောင့်ကြည့်နေပြီး သူတို့၏ နှလုံးများက အေးစက်လာခဲ့သည်။
သူတို့၏ ဘေးပတ်လည်မှာ အော်ဟစ်ပြီးအောင်ပွဲခံနေသော တပည့်ဂိုဏ်းသားများစွာရှိနေကြသည်။ သူတို့က မိုချင်ဘက်ကနေထွက်၍ ရပ်တည်ပေးလိုသည်ဆိုလျှင်တောင်မှ သူတို့က အသံတစ်ချက်မထွက်ရဲတော့ပေ။
ထိုအခိုက်အတန့်မှာ မည်သည့်သံသယကိုမဆို ကျန်းဟွာနှင့်အခြားသူများက အစဆွဲထုတ်ပြီး သူတို့က သူတို့၏ဆရာနှင့် သူတို့ဂိုဏ်းကို သစ္စာဖောက်ခြင်းအဖြစ် အသွင်ပြောင်းပစ်ပေလိမ့်မည်။
“လက်စသတ်တော့ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က လူမဆန်တဲ့ခွေးတွေနဲ့ပြည့်နေတာပဲ”
ထိုစဉ်မှာပင် လေထဲကနေ အေးစက်နေသောအသံတစ်သံ ထွက်ပေါ်လာသည်။
လူတိုင်းက အသံထွက်ပေါ်လာရာဘက်သို့ အလိုလိုလှည့်ကြည့်ပြီး လေထဲမှာ အဖိုးအိုတစ်ဦးပေါ်ထွက်လာသည်ကို တွေ့မြင်လိုက်ရသည်။ သူ၏ ဦးခေါင်းထက်မှာ သံသရဖူတစ်ခုရှိနေပြီး သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ထားကာ သူ၏ အကြည့်က အေးစက်နေသည်။
“ဟမ်”
စည်းကမ်းထိန်းသိမ်းရေးစင်ပေါ်မှ အကြီးအကဲများ၏ အမူအရာများက အနည်းငယ်ပြောင်းလဲသွားပြီး သူတို့က တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်လိုက်ကြသည်။
သံသရဖူဆောင်းအဖိုးအိုက ဘယ်အချိန်မှာ ပေါ်ထွက်လာသည်ကို သူတို့ထဲမည်သူကမှ မသိရှိခဲ့ကြပေ။
သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကပင် တစ်ဖက်သူ၏ ကျင့်ကြံမှုနယ်ပယ်ကို မထောက်လှမ်းနိုင်ပေ။
အကြီးအကဲများက အကြည့်ချင်းဖလှယ်ပြီးနောက် မဆင်မခြင်မပြုမူရဲကြပေ။
အကြီးအကဲ-၂ ၏ အမူအရာက တည်တံ့လာပြီး သူကလေးနက်သောအသံဖြင့်မေးလိုက်၏။
“တာအိုရောင်းရင်း… ကျုပ်ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ… ခင်ဗျားက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဘာလို့ရောက်လာတာလဲ”
“ငါက ဒီကို သတ်ဖို့ရောက်လာတာပဲ”
သံသရဖူဆောင်းအဖိုးအိုက မှင်သေသေဖြင့် ပြောလိုက်သည်။
အကြီးအကဲများက ရင်တစ်ချက်ထိတ်သွားကြသည်။
ကြည့်ရသည်မှာ တစ်ဘက်သူက ရန်လိုနေသည်။
အကြီးအကဲတချို့သည် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များဖြင့် သတင်းတစ်ခုကို အလောတကြီးပို့လွှတ်ပြီး ဂိုဏ်းကာကွယ်ရေးဝင်္ကပါကို အသက်သွင်းဖို့ ပြင်လိုက်ကြသည်။
“ဘယ်သူ့ကို သတ်မှာလဲ”
အကြီးအကဲနှစ်က ထပ်မံ၍ မေးလိုက်၏။
သံသရဖူဆောင်းအဖိုအိုက ဖြည်းဖြည်းချင်းပြောလိုက်သည်။
“မင်းတို့ရဲ့ တက္ကသိုလ်ဂိုဏ်းချုပ်”
ထိုသို့သူပြောလိုက်သည့်မခဏမှာပင် တက္ကသိုလ်တစ်ခုလုံးက အုန်းအုန်းကျက်ကျက်ဖြစ်လာခဲ့သည်။
“ခင်ဗျားဘယ်လိုတောင် ပြောရဲတာလဲ”
“ခင်ဗျားအသက်ရှင်ရတာ ပင်ပန်းနေတာပဲဖြစ်ရမယ်”
“ဒီရူးကြောင်ကြောင်အဖိုးကြီးက ဘယ်ကနေရောက်လာတာလဲ… သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ဘယ်လိုတောင်မောက်မာစော်ကားရဲတာလဲ”
ချက်ချင်းပင် လူအုပ်ကြားထဲမှ အော်ဟစ်ဆဲဆိုသံများက ထွက်ပေါ်လာသည်။
သံသရဖူဆောင်းအဖိုးအို၏ အကြည့်က ယခုတင် သူ့ကို ဆူပူကြိမ်မောင်းနေသော လူတချို့ထံ ရွေ့လျားဖြတ်သန်းသွားလေသည်။ သူ၏ မျက်လုံးထဲမှာ ဓားအလင်းတစ်ချက် ဖျတ်ခနဲလက်သွား၏။
ဖောက်…
သွေးမြူများက လူအုပ်ကြားထဲမှာ ပေါက်ကွဲထွက်ပေါ်လာ၏။
သံသရဖူဆောင်းအဖိုးအိုက သူ၏ လက်ချောင်းတစ်ချောင်းကိုပင် လှုပ်ရှားခြင်းမရှိဘဲ စောစော ကျိန်ဆဲနေသော တက္ကသိုလ်တပည့်ဂိုဏ်းသားတချို့က သေဆုံးသွားလေသည်။
သူတို့ကြားမှာ အမွေခံတပည့်တစ်ဦးပင်ပါနေသည်။
ဟာ…
လူတိုင်းက တုန်လှုပ်စွာဖြင့် ပင့်သက်ကို ရှိုက်လိုက်ကြသည်။
ဒါက မည်ကဲ့သို့သော နည်းလမ်းမျိုးလဲ။
ဒါက မည်ကဲ့သို့သော စွမ်းအားမျိုးလဲ။
မြင်ကွင်းတစ်ခုလုံးက ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူတိုင်း၏ လည်ပင်းများကို မမြင်ရသောအင်အားတစ်ရပ်က ဖမ်းဆုပ်ထားပြီး သူတို့က အသံတစ်ချက်မထွက်ရဲသည့်အလားပင်။
အကြီးအကဲခုနှစ်ဦး၏ အမူအရာကလည်း သုန်မှုန်လာပြီး သူတို့က ဂိုဏ်းကာကွယ်ရေးဝင်္ကပါကို အသက်သွင်းဖို့ ပြင်လိုက်ကြပြီဖြစ်သည်။
အကြီးအကဲနှစ်က သူ၏ မျက်လုံးကို မှေးကျဉ်းပြီး လေးနက်သောအသံဖြင့် မေးလိုက်သည်။
“တာအိုရောင်းရင်း… ခင်ဗျားက တက္ကသိုလ်ဂိုဏ်းချုပ်ကို ဘာလို့သတ်ချင်တာလဲ ကျုပ်သိလို့ရမလား”
သံသရဖူဆောင်းအဖိုးအိုက မှင်သေသေဖြင့်ပြောလိုက်သည်။
“မင်းတို့ တက္ကသိုလ်ဂိုဏ်းချုပ်က နယ်ပယ်အကြီးနှစ်ခုပိုမိုမြင့်မားတဲ့ သူ့ရဲ့ကျင့်ကြံမှုအပေါ်မှီခိုပြီး ငါ့တို့ကမ္ဘာက တောင်ထွတ်သခင်တစ်ဦးကို သတ်ဖို့ကြိုးစားခဲ့တယ်… သူက သေသင့်သေထိုက်တယ်လို့ မင်းတို့တွေထင်လား”
တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက သူတို့၏ ခေါင်းများကို အလိုလိုခါယမ်းလိုက်ကြ၏။
သူ၏ ကျင့်ကြံမှုက တစ်ဘက်သူထက် နယ်ပယ်ကြီးနှစ်ခု ပိုမိုမြင့်မားနေတာတောင် သူက ကိုယ်တိုင်တိုက်ခိုက်ခဲ့လေသည်။ ဤသည်က တကယ့်ကို နိမ့်ကျသော လုပ်ရပ်ဖြစ်ပြီး အရှက်မဲ့လွန်းသည်ဟုပင် ဆိုနိုင်သည်။ သို့သော်လည်း ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ဘယ်သူက ဂိုဏ်းချုပ်ကို မေးခွန်းထုတ်ရဲမှာလဲ။
“ခင်ဗျားတို့ကမ္ဘာက တောင်ထွတ်သခင်က ဘယ်သူလဲ… သူက သေချာပေါက် လူကောင်းတစ်ယောက်မဟုတ်ဘူး”
“ဟုတ်တယ်… တက္ကသိုလ်ဂိုဏ်းချုပ်သတ်ဖြတ်ချင်တဲ့သူက သေသင့်သေထိုက်တဲ့လူပဲဖြစ်ရမယ်”
“ခင်ဗျားတို့ရဲ့ တောင်ထွတ်သခင်က ဘာအမှားမှလုပ်မထားရင် ဂိုဏ်းချုပ်က သူ့ကိုသတ်ဖို့ကြိုးစားမှာလား”
လူအုပ်ကြားထဲမှ ဟိုတစ်စဒီတစ်စအသံများက ထွက်ပေါ်လာ၏။
သံသရဖူဆောင်းအဖိုးအို၏ အကြည့်က ရွေ့လျားသွားပြီး အေးစက်စက်အလင်းတစ်ခု ဖျတ်ခနဲလက်လာ၏။
စကားပြောလိုက်သော တက္ကသိုလ်တပည့်ဂိုဏ်းသားတချို့က နေရာမှာပင် ထပ်မံ၍ သေဆုံးသွားသည်။
“တိုက်”
အကြီးအကဲခုနှစ်ဦးက မာန်သွင်းအော်ဟစ်ပြီး လက်ဟန်ချိပ်စည်းများကိုဆင့်ခေါ်ကာ လေဟာနယ်ထဲသို့ စိတ်ဝိညာဉ်အလင်းရောင်များကို ပစ်လွှတ်ပြီး ဂိုဏ်းကာကွယ်ရေးဝင်္ကပါများကို အသက်သွင်းလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် အကြီးအကဲခုနှစ်ဦးက သူတို့၏ ကောင်းကင်လိုဏ်ဂူများကို မြှောက်တင်ပြီး သံသရဖူဆောင်းအဖိုးကို ဝိုင်းပတ်လာခဲ့သည်။
သံသရဖူဆောင်းအဖိုးအိုက သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ထားဆဲဖြစ်ပြီး မလှုပ်မယှက်ရပ်နေ၏။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်ကနေ ကျိန်းစပ်နေသော ဓားအလင်းများ ပစ်လွင့်ထွက်ပေါ်လာပြီး ဂိုဏ်းကာကွယ်ရေးဝင်္ကပါ၏ အဟန့်အတားရှိရာသို့ ပစ်ဝင်သွားလေသည်။
ဘုန်း… ဘုန်း.. ဘုန်း…
ထိတွေ့ရိုက်ခတ်သံဆက်တိုက်ထွက်ပေါ်လာပြီးနောက် အင်မော်တယ်ဘုရင်ပညာရှင်များကို ဒဏ်ရာအပြင်းအထန်ရရှိစေနိုင်သော ဂိုဏ်းကာကွယ်ရေးဝင်္ကပါသည် ဓားချီဖြင့် ချက်ချင်းပင်ထိုးဖောက်ခံလိုက်ရသည်။
တစ်ခဏချင်းမှာပင် ၎င်းသည် စကာပေါက်ဖြစ်သွားပြီး လုံးဝပြိုကျသွားသည်။
သံသရဖူဆောင်းအဖိုးအိုက သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းပြီး အကြီးအကဲခုနှစ်ဦးရှိရာသို့ ခတ်ထုတ်လိုက်သည်။
အေးစက်နေသော အဖြူရောင်အလင်းတစ်ခုက တလိပ်လိပ်ထိုးတက်လာသည်။
အကြီးအကဲခုနှစ်ဦးသည် ယခုတင် ရှေ့သို့ပြေးတက်လာခဲ့သည်။ သူတို့က သံသရဖူဆောင်းအဖိုးအိုနားသို့ မချဉ်းကပ်နိုင်ခင် သူတို့နောက်ဘက်မှာရှိသော ကောင်းကင်လိုဏ်ဂူခုနှစ်ခုက ထိုသူ၏ ဝတ်ရုံစကြောင့် ကြေမွပျက်စီးသွားသည်။
ဖွီ…
အကြီးအကဲခုနှစ်ဦးက သွေးများကိုထွေးထုတ်ပြီး သူတို့၏ ခန္ဓာကိုယ်များက ကျိုးကြေမွလုနီးပါးဖြစ်သွားသည်။
သူတို့က စည်းကမ်ထိန်းသိမ်းရေးစင်ပေါ်သို့ ပစ်လဲကျသွားပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံးသွားရပြီဖြစ်သည်။
အကြီးအကဲခုနှစ်ဦးက တုန်လှုပ်နေကြသည်။
သံသရဖူဆောင်းအဖိုးအိုက သူတို့ကိုမသတ်ဖြတ်သော်လည်း ဓားချီက သူတို့၏ ခန္ဓာကိုယ်များထဲသို့ ဓားချီမုန်တိုင်းတစ်ခုလို တလိပ်လိပ်တိုးဝင်လာပြီး သူတို့၏ အသက်ဓာတ်အားကို မွှေနှောက်ဖျက်ဆီးနေသည်။
ဤကဲ့သို့သော အခြေအနေအောက်မှာ သူတို့သည် ကံကောင်းထောက်မစွာဖြင့် အသက်ရှင်နိုင်ခဲ့မည်ဆိုလျှင်တောင် သူတို့၏ ကျင့်ကြံမှုက ယိုယွင်းပျက်စီးသွားဖို့များလေသည်။
ရှေ့သို့ပြေးတက်လာတော့မည့် တက္ကသိုလ်မှ ဘုရင်တချို့က ထိုသည်ကိုတွေ့မြင်သောအခါ သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး အလောတကြီးနောက်သို့ဆုတ်လိုက်ကြသည်။ ထိုစွမ်းအားသည် သူတို့နားလည်နိုင်စွမ်းထက် အပြတ်အသတ်ကျော်လွန်နေလေသည်။
အမွေခံတပည့်များ၊ ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များကိုမပြောနှင့် အင်မော်တယ်ဘုရင်ပညာရှင်များပင် မဆင်မခြင်မပြုမူရဲကြပေ။
ဧကရာဇ်ပညာရှင်များ၏ တစ်မူထူးခြားသောအော်ရာက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကျင့်ကြံသူများအားလုံးသည် တားဆီးမရနိုင်သော ကြောက်စရာကောင်းသည့်စွမ်းပကားတစ်ခုကို အာရုံခံမိလာကြသည်။
သံသရဖူဆောင်းအဖိုးအိုက သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး မှင်သေသေဖြင့် မေးလိုက်သည်။
“ငါထပ်မေးမယ်… မင်းတို့ရဲ့ တက္ကသိုလ်ဂိုဏ်းချုပ်က သေသင့်သေထိုက်လား”
နေရာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားသည်။
တက္ကသိုလ်တပည့်ဂိုဏ်းသားများအားလုံးသည် ဤမြင်ကွင်းကို တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်နေကြသည်။
သံသရဖူဆောင်းအဖိုးအို၏ အကြည့်က ကျန်းဟွာနှင့် စည်းကမ်းထိန်းသိမ်းရေးစင်ပေါ်ရှိ အခြားသူများအပေါ် ရောက်ရှိသွားပြီး မေးလိုက်၏။
“မင်းတို့ရော ဘယ်လိုထင်လဲ.. မင်းတို့ရဲ့ တက္ကသိုလ်ဂိုဏ်းချုပ်က သေသင့်သေထိုက်လား”
ကျန့်ဟွားသည် အခြေအနေမကောင်းတော့သည်ကို တွေ့မြင်စဉ်ကတည်းက သူက ငြိမ်သက်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း သံသရဖူဆောင်းအဖိုးအိုက သူ့ကိုပစ်မှတ်ထားလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
“ဟုတ်..ဟုတ်ပါတယ်… သူက အသတ်ခံရသင့်ပါတယ်”
ကျန်းဟွာက တံတွေးကို အလျင်စလိုမျိုချပြီး ကြိုးစား၍ ပြုံးပြလိုက်၏။
သူ့နောက်မှာရှိသော အမွေခံတပည့်များကလည်း အလောတကြီးခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။
“ဟုတ်ပါတယ်”
“ဪ… အဲလိုလား”
သံသရဖူဆောင်းအဖိုးအိုက မျက်ခုံးအနည်းငယ်ပင့်ပြီး ထပ်မေးလိုက်၏။
“မင်းတို့က သူ့ကိုကျတော့ စောစောက တက္ကသိုလ်ဂိုဏ်းချုပ်ကို မေးခွန်းထုတ်ခွင့်တောင် မပေးခဲ့ဘူး… ဒါပေမဲ့ အခုတော့ တက္ကသိုလ်ဂိုဏ်းချုပ်က အသတ်ခံရသင့်တယ်လို့ မင်းတို့က ပြောနေကြတယ်”
ကျန်းဟွာက အလောတကြီးရှင်းပြလိုက်သည်။
“ဂိုဏ်းချုပ်က သူ့ရဲ့မြင့်မားတဲ့ကျင့်ကြံမှုပေါ်မူတည်ပြီး အားနည်းတဲ့သူကို အနိုင်ကျင့်ခဲ့တယ်… ကျုပ်တောင်မှ သူ့ဘက်ကနေ ရပ်တည်မပေးနိုင်တော့ဘူး”
“ဟုတ်ပါတယ်… တကယ်ပါပဲ… သူက သေသင့်သေထိုက်ပါတယ်”
“ဟုတ်ပြီလေ”
သံသရဖူဆောင်းအဖိုးအိုက ခေါင်းညိတ်လိုက်သည်။
“သူက သေသင့်သေထိုက်တယ်လို့ မင်းပြောမှတော့ မင်းတို့လည်း အတူတူပေါ့”
သံသရဖူဆောင်းအဖိုးအိုက သူ၏ လက်ဖဝါးတစ်ဖက်ကို ဆန့်ထုတ်ပြီး ကျန်းဟွာနှင့် အခြားသူများရှိရာဖက်သို့ ညင်သာစွာဖမ်းဆုပ်လိုက်၏။
ဖောက်
ဓားလင်းလုံးတစ်ခုက ဆင်းသက်လာပြီး ကျန်းဟွာနှင့် အခြားသောအမွေခံတပည့်များကို တိုက်ခတ်သွားကာ သူတို့ကို ချက်ချင်းပင် အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုက်သည်။ သူတို့၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရပြီး နေရာမှာတင်သေဆုံးသွားကြသည်။
စည်းကမ်းထိန်းသိမ်းရေးစင်ပေါ်မှ ကျန်းဟွာနှင့် အခြားသူများသည် ယန်လောရှုနှင့် အရမ်းကိုနီးကပ်စွာ မတ်တတ်ရပ်နေကြသည်။
ဓားအလင်းလုံးသည် စောစောက ယန်လောရှုကို ဖြတ်သန်းသွားသော်လည်း အဲဒါက သူ့ကိုမထိခိုက်စေခဲ့ပေ။
“ဓားမိုး”
သံသရဖုဆောင်းအဖိုးအိုက ကောင်းကင်ထက်ကို ထိုးညွှန်လိုက်၏။
ဝုန်းခနဲမြည်သံနှင့်အတူ မိုးခြိမ်းသံက ပေါက်ကွဲထွက်ပေါ်လာသည်။
ကောင်းကင်ထက်မှာ နက်မှောင်နေသောတိမ်စိုင်များက စုစည်းလာပြီး ရုတ်တရက်မိုးများရွာသွန်းကျဆင်းလာ၏။
မိုးများက မသည်းထန်သော်လည်း မိုးစက်တစ်စက်ချင်းစီသည် မနှိုင်းယှဥ်သာအောင်ထက်ရှပြီး အေးစက်နေသော အော်ရာတစ်ခုကို ဖြာထုတ်နေ၏။ သူတို့သည် ဆူးသွားများ၊ ဓားများကဲ့သို့ဖြစ်ပြီး ကြောက်စရာကောင်းသော အဖျက်စွမ်းအားကို ထုတ်ဖော်ထားလေသည်။ သူတို့က တက္ကသိုလ်ပေါ်သို့ဆင်းသက်လာသောအခါ သူတို့သည်အရာရာတိုင်းကို ထိုးဖောက်နိုင်လေသည်။
တက္ကသိုလ်တစ်ခုလုံးက ဓားမိုးဖြင့်လွှမ်းခြုံခံလိုက်ရသည်။
အဆောက်အအုံများ၊ နန်းတော်များနှင့် လိုဏ်ဂူခန်းဝါများအားလုံးသည် ဓားမိုး၏ ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိဘဲ လျင်မြန်စွာပြိုကျသွားသည်။
တက္ကသိုလ်တပည့်ဂိုဏ်းသားတချို့သည် အချိန်မီမရှောင်တိမ်းနိုင်ဘဲ သူတို့၏ ဦးခေါင်းများကပင် မိုးစက်များဖြင့်ထိုးဖောက်ခံရပြီး နေရာမှာပင် သေဆုံးသွားကြသည်။