ဧကရာဇ်တစ်ပါးထံမှ ဖိတ်ခေါ်ချက်
Vol. 195 Ch. 2924
“တက္ကသိုလ်က ဒုက္ခရောက်နေပြီ… တက္ကသိုလ်ဂိုဏ်းချုပ်ကို မြန်မြန်ထွက်လာဖို့ ဖိတ်ခေါ်ကြ”
“ဂိုဏ်းချုပ်က ကောင်းကင်မြေကြီးနန်းတော်မှာ မရှိဘူး”
“ဂိုဏ်းချုပ်ရဲ့ တွက်ချက်နိုင်စွမ်းနဲ့ဆိုရင် သူက ဒီလိုဖြစ်လာမှာကို မသိဘူးလို့ မင်းထင်လို့လား… သူက ထွက်ပြေးသွားတာ ကြာလောက်ပြီ”
တပည့်ဂိုဏ်းသားများစွာသည် တက္ကသိုလ်ဂိုဏ်းချုပ်က လုံးဝပေါ်ထွက်လာမည် မဟုတ်ဘူးဆိုတာ တဖြည်းဖြည်း နားလည်သဘောပေါက်လာကြသည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က အပျက်အစီးပုံများအဖြစ် ပြောင်းလဲပြီး ဖျက်ဆီးခံရမည် ဆိုလျှင်တောင်…
သူတို့အားလုံးက ဤနေရာမှာ သေရမည်ဆိုလျှင်တောင် တက္ကသိုလ်ဂိုဏ်းချုပ်က ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
သည်းထန်သော မိုးပေါက်များကြားမှာ အုန်းအုန်းကျက်ကျက်အသံများနှင့် အော်ဟစ်သံများက ဖရိုဖရဲနှင့် ရောထွေးနေ၏။
တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက အပြင်ဘက်သို့ ပြေးထွက်နေကြသည်။
အကြီးအကဲခုနစ်ဦး အပါအဝင် တက္ကသိုလ်၏ အခြားသော ဘုရင်များနှင့် အမွေခံတပည့်များက အပြင်ဘက်သို့ ထိတ်လန့်တကြား ပြေးထွက်နေပြီး တက္ကသိုလ်မှာ ဆက်လက်၍ မနေရဲတော့ပေ။
လူတိုင်းသည် သံသရဖူဆောင်းအဘိုးအိုကို နက်ရှိုင်းသော အကြောက်တရားဖြင့် ကြည့်နေကြသည်။
တက္ကသိုလ်ဂိုဏ်းချုပ်က အသတ်မခံရသင့်ဟု သူတို့က ပြောဆိုမည်ဆိုလျှင်တောင် သူတို့က သေချာပေါက် သေရပေလိမ့်မည်။
သို့သော်လည်း ကျားဟွာနဲ့ အခြားသူများသည် တက္ကသိုလ်ဂိုဏ်းချုပ်က သေသင့်သေထိုက်သည်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သော်လည်း သူတို့သည်လည်း သေခြင်းတရားကနေ မလွတ်မြောက်နိုင်ခဲ့ပေ။
သံသရဖူဆောင်းအဘိုးအိုက ဘာကြောင့် လူတွေကို သတ်ဖြတ်နေသလဲ မည်သူကမှ မသိကြပေ။
ဤကဲ့သို့သော အခြေအနေအောက်မှာ လူတိုင်းသည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်ကနေ ထွက်ပြေးတိမ်းရှောင်ပြီး သံသရဖူဆောင်းအဘိုးအိုထံကနေ တတ်နိုင်သမျှမြန်မြန် ဝေးကွာဖို့သာ စဉ်းစားနိုင်ကြသည်။
သို့သော်လည်း ထူးဆန်းသော အခြေအနေတစ်ရပ် ပေါ်ထွက်လာသည်။
တက္ကသိုလ်မှ တပည့်ဂိုဏ်းသားတချို့သည် မိုးပေါက်များဖြင့် ထိမှန်ခံရပြီးနောက် သူတို့က သေချာပေါက် သေရတော့မည်ဟု တွေးထင်ထားကြသည်။
သို့သော်လည်း ထိုမိုးစက်များသည် သူတို့အပေါ်သို့ ဆင်းသက်လာသောအခါ မည်သည့် ပျက်စီးထိခိုက်မှုကိုမှ မဖြစ်စေသည်ကို သူတို့က အံ့အားသင့်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။
အဲဒါက သာမန်မိုးရေစက်များကဲ့သို့ပင်။
တက္ကသိုလ်မှ တပည့်ဂိုဏ်းသားတချို့ကတော့ သူတို့ဘယ်လောက်ပင် မြန်မြန်ဆန်ဆန် ထွက်ပြေးသည်ဖြစ်စေ… သူတို့သည် မိုးရေစက်များကြားမှာ ချမ်းသာမရပေ။
ဓားမိုးက ရွာသွန်းကျဆင်းပြီး ပြင်းထန်ကြမ်းတမ်းလာသည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်တစ်ခုလုံးက ဓားမိုးအောက်မှာ အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
တက္ကသိုလ်၏ လျှို့ဝှက်ကုန်းမြေတစ်ခုမှာ …
လင်းရွှမ်ကျီသည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး တိတ်တဆိတ် ဆွံ့အနေ၏။
လူအိုကြီးရွှမ်က သက်ပြင်းချလိုက်သည်။
“အရင်ဂိုဏ်းချုပ် စိုးရိမ်နေခဲ့တဲ့ အခြေအနေက ဖြစ်လာတာပါပဲလား”
“ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကို တည်ထောင်တုန်းက နောက်ကွယ်မှာ အကြီးအကဲ-၁၀ ဆိုတာ အမြဲတမ်းရှိခဲ့တယ်… သူ့ရဲ့ အဓိကတာဝန်က သူ့ကိုယ်သူ ကောင်းကောင်းဖုံးကွယ်နေဖို့ပဲ… တက္ကသိုလ်က ဖျက်ဆီးခံရမယ်ဆိုရင် သူက တက္ကသိုလ်ရဲ့ အမွေအနှစ်ကို ထိန်းသိမ်းပြီး အဲဒါကို လက်ဆင့်ကမ်းနိုင်ဦးမယ်”
“အရင်ဂိုဏ်းချုပ် မသေခင်က တက္ကသိုလ်ဂိုဏ်းချုပ်က အရမ်းကြံစည်တတ်ပြီး ရည်မှန်းချက် ကြီးမားလွန်းတဲ့အတွက် တက္ကသိုလ်အတွက် ပြဿနာတွေ ဆောင်ကြဉ်းပေးလာနိုင်တယ်လို့ သူက ငါ့ကို ထပ်ခါတလဲလဲ သတိပေးခဲ့တယ်… အခု သူ့ရဲ့စကားတွေက တကယ်အမှန်ဖြစ်လာတာပဲ”
လင်းရွှမ်ကျီက လူအိုကြီးရွှမ်ကို လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
“လူအိုကြီးရွှမ်… ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဖျက်ဆီးခံရတော့မယ်… ခင်ဗျား ဘာလို့ ဝမ်းနည်းတဲ့ပုံ မပေါ်တာလဲ”
လူအိုကြီးရွှမ်က ပြုံးပြလိုက်၏။
“အဲဒါလည်း ကောင်းတာပဲ… နဂိုတက္ကသိုလ်ကို တက္ကသိုလ်ဂိုဏ်းချုပ်က ဖျက်ဆီးသွားခဲ့ပြီ… အဲဒါကို အမြစ်က လှန်ပြီး ပြန်ပြောင်းဖို့ဆိုတာ မလွယ်တော့ဘူး… အဲဒီမှာ ဖျက်ဆီးမခံရတဲ့ ဘယ်အဆောက်အအုံမှ မကျန်တော့ဘူး… တက္ကသိုလ်ကို ဒီလိုပုံစံနဲ့ ဖျက်ဆီးပြီးမှပဲ ပြန်လည်တည်ဆောက်နိုင်လိမ့်မယ်”
“တက္ကသိုလ်က အဲဒီတပည့်ဂိုဏ်းသားတွေကို ကြည့်လိုက်”
လူအိုကြီးရွှမ်က ထိတ်လန့်တကြားဖြင့် ထွက်ပြေးနေကြသော တက္ကသိုလ်မှ ကျင့်ကြံသူများကို လက်ညှိုးထိုးပြလိုက်၏။
“အဲဒီကျင့်ကြံသူတွေက စောစောတုန်းက တက္ကသိုလ်နဲ့ ဂိုဏ်းချုပ်ကို ခုခံကာကွယ်ပေးနေခဲ့ကြတယ်… ဒါပေမဲ့ တက္ကသိုလ်က ဒုက္ခရောက်တာနဲ့ သူတို့တွေက ထွက်ပြေးတာ တခြားသူတွေထက်တောင် ပိုပြီးတော့ မြန်သေးတယ်”
“ဒါပေမဲ့ တက္ကသိုလ်ကို သစ္စာဖောက်တယ်လို့ အပြောခံရတဲ့သူတွေကတော့ အခုအချိန်ထိ ထွက်မသွားကြသေးဘူး”
လူအိုကြီးရွှမ်သည် စည်းကမ်းထိန်းသိမ်းရေးစင်ပေါ်မှာ ကျန်ရစ်ခဲ့သည့် ယန်လောရှု၊ မိုချင်နှင့် အခြားသူများကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်သည်။
သံသရဖူဆောင်းအဘိုးအို၏ ပေါ်ထွက်လာမှုကြောင့် ဤမြင်ကွင်းက တစ်မူထူးခြားစွာ ကွဲလွဲဆန့်ကျင်နေ၏။
လူအိုကြီးရွှမ်က ဆက်ပြောလိုက်သည်။
“တက္ကသိုလ်က အဲဒီတပည့်ဂိုဏ်းသားတွေက အသံကောင်းဟစ်နေပေမဲ့ တကယ်တမ်းမှာတော့ သူတို့တွေက သူတို့ရဲ့ ဂိုဏ်းသားရောင်းရင်းအချင်းချင်း ဖိနှိမ်ပြီး အနိုင်ကျင့်ဖို့အတွက် ဆင်ခြေပေးနေကြရုံပဲ”
“သူတို့မှာ အတူကျင့်ကြံပြီး အတူရှင်သန်နေထိုင်လာတဲ့ သူတို့ရဲ့ ဂိုဏ်းသားရောင်းရင်းတွေအပေါ်မှာ ဘာခံစားချက်မှ မရှိကြဘူး… သူတို့လိုလူတွေဆီက ငါတို့က ဘာတွေများ မျှော်လင့်လို့ရမှာလဲ… သူတို့မရှိလေ ပိုကောင်းလေပဲ”
လင်းရွှမ်ကျီက မျက်ခုံးအနည်းငယ် ပင့်လိုက်၏။
“ဒါဆိုရင် ကျုပ်တို့က သံသရဖူဆောင်းထားတဲ့ အဘိုးကြီးကို ကျေးဇူးတင်ရမှာလား… ဘာပဲဖြစ်ဖြစ် အဲဒီအဘိုးကြီးကလည်း စောစောတုန်းက တက္ကသိုလ်က တပည့်ဂိုဏ်းသားတွေ အများကြီးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာပဲ”
လူအိုကြီးရွှမ်က ညင်သာစွာ ပြုံးပြလိုက်၏။
“မင်း သေသေချာချာ အကဲခတ်ကြည့်… အဲဒီသံသရဖူဆောင်းအဘိုးအိုက အပြစ်မဲ့တဲ့လူတွေကို မသတ်ဘူးဆိုတာ မင်းတွေ့ရလိမ့်မယ်”
“သူသတ်လိုက်တဲ့လူတွေက ယန်လောရှုနဲ့ မိုချင်ကို အနိုင်ကျင့်ခဲ့တဲ့သူတွေနဲ့ တစ်ဖက်သူ ဒုက္ခရောက်ချိန်မှာ မြေနိမ့်ရာလှံစိုက်ပြီး လှောင်ပြောင်သရော်ခဲ့ကြတဲ့လူတွေပဲ”
“သူက တက္ကသိုလ်မှာ နှုတ်ဆိတ်နေတဲ့ တပည့်ဂိုဏ်းသားတွေကိုတောင်မှ ထိခိုက်အောင် မလုပ်ခဲ့ဘူး… အဲဒီအစား သူက သူတို့အတွက် အသက်ဓာတ် တစ်စွန်းတစ်စ ချန်ပေးထားတယ်”
“ဟုတ်တယ်ဟ တကယ်ပဲ”
လင်းရွှမ်ကျီက ခဏမျှ ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။
ကြည့်ရသည်မှာ သံသရဖူဆောင်းအဘိုးအိုသည် ကျားဟွာနှင့် အခြားသူများကို သတ်ဖြတ်ခဲ့သည်မှာ တက္ကသိုလ် ဂိုဏ်းချုပ်က သေသင့် မသေသင့်ဟူသော သူတို့၏ ထင်မြင်ချက်ကြောင့် မဟုတ်ပေ။ တက္ကသိုလ် ဂိုဏ်းချုပ်သည် ယန်လောရှုအတွက် ရပ်တည်ပေးလိုသောကြောင့် ကျားဟွာနှင့် အခြားသူများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
စည်းကမ်းထိန်းသိမ်းရေးစင်ပေါ်မှာ…
မိုချင်နှင့် အခြားသူများက ရှေ့သို့လှမ်းတက်ပြီး ယန်လောရှုနှင့် ရှုယဲ့အပေါ်မှ ချိန်းကြိုးများကို ဖြုတ်ကာ သူတို့ကို အောက်သို့ချပေးလိုက်၏။
သည်းထန်သော မိုးများက သူတို့အပေါ် ကျဆင်းလာသော်လည်း မည်သည့်ပျက်စီးထိခိုက်မှုမှ မဖြစ်စေပေ။
သံသရဖူဆောင်းအဘိုးအိုက ထွက်ခွာမသွားသေးပေ။
သူက တစ်ချိန်လုံး မျက်လုံးနှစ်ဖက်မှိတ်ကာ လေထဲမှာ မတ်တတ်ရပ်နေသည်။ သူ့ထံမှ ဧကရာဇ်နယ်ပယ်ပညာရှင်တစ်ဦး၏ ကြောက်စရာကောင်းသော အော်ရာက ဖြတ်ထွက်န၏။
ယန်လောရှုနဲ့ မင်းသမီးသက်တံနီက တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားကြသည်။
သူက ရှင်သန်နိုင်ခဲ့ပြီ။
သို့သော်လည်း ယန်လောရှု၏ ကျင့်ကြံမှုက ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။
ဓားမိုးများအောက်မှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
စည်းကမ်းထိန်းသိမ်းရေးစင်ပေါ်မှာ လူတချို့အပြင် အပျက်အစီးပုံများကြားမှာ မတ်တတ်ရပ်ပြီး တက္ကသိုလ်ကနေ ထွက်မသွားသော တပည့်ဂိုဏ်းသားတချို့ ရှိနေသေးလေပသည်။
တက္ကသိုလ်၏ အပြင်ဘက်သို့ ရောက်နှင့်နေသော တပည့်ဂိုဏ်းသားအချို့ကလည်း ပြန်လှည့်လာကြလေသည်။
မည်သို့ပင်ဆိုစေ သူတို့မှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့် ခွဲခြားမရသော ဆက်ဆံရေးတစ်ခု ရှိနေဆဲဖြစ်သည်။
တကယ်တော့ ကျန်ရှိနေခဲ့သော တပည့်ဂိုဏ်းသားများက အနည်းအကျဉ်းမျှသာဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က လုံးဝဖျက်ဆီးခံလိုက်ရပြီဟု ဆိုနိုင်သည်။
ဒါ့အပြင် သံသရဖူဆောင်းအဘိုးအိုက တစ်ချိန်လုံး လေထဲမှာ ထွက်ခွာမသွားပေ။ သူက နောက်တစ်ဖန် တိုက်ခိုက်လာပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်မလား မည်သူကမှ မသိရပေ။
တက္ကသိုလ်၏ အပျက်အစီးပုံများကြားမှာ ကျန်ရစ်နေခဲ့သော ကျင့်ကြံသူများသည် ကြီးမားသော အန္တရာယ်တစ်ခုကို စွန့်စားထားပြီး သိပ်သည်းပြင်းထန်သော ဖိအားအောက်မှာ ကျရောက်နေသည်။
ဓားမိုးက တစ်ရက်နှင့်တစ်ညလုံးလုံး ကြာမြင့်ခဲ့သည်။
နောက်ဆုံးမှာတော့ ၎င်းက ရပ်တန့်သွားသည်။
သံသရဖူဆောင်းအဘိုးအိုက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး စည်းကမ်းထိန်းသိမ်းရေးစင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
မိုချင်မှာ စိုးရိမ်ကြောင့်ကြသော အမူအရာတစ်ခု ရှိနေပြီး သူမက ယန်လောရှုနှင့် အခြားသူများကို ကာကွယ်ကာ ရှေ့သို့ ချက်ချင်းထွက်ရပ်လိုက်သည်။
အမွေခံတပည့်များစွာ မကျန်ရစ်ခဲ့ပေ။ သူမသည် သံသရဖူဆောင်းအဘိုးအိုကို မခုခံနိုင်ဘူးဆိုတာ သိရှိထားသော်လည်း သူမက ရှေ့သို့ထွက်လာဆဲဖြစ်သည်။
“မကြောက်ပါနဲ့”
သံသရဖူဆောင်းအဘိုးအို၏ လေသံက ညင်သာနေပြီး မိုချင်ကို ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူက သူမ၏ နောက်ဘက်မှာရှိသော ယန်လောရှုကို ကြည့်လိုက်၏။
“ယန်လောရှု… ငါထင်တာမမှားဘူးဆိုရင် မင်းက မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်ကို ကျင့်ကြံထားတာပဲ”
ယန်လောရှုက ခေါင်းညိတ်ပြလိုက်၏။
သံသရဖူဆောင်းအဘိုးအိုက ပြောလိုက်သည်။
“ငါက ဓားကမ္ဘာကပဲ… ငါ့ရဲ့ တာအိုဘွဲ့က သံသရဖူ… ငါက လွန်ခဲ့တဲ့ နှစ်ပေါင်းငါးသန်းက ဧကရာဇ်နယ်ပယ်ကို တက်လှမ်းလာခဲ့တယ်… မင်း ဓားကမ္ဘာကို ဝင်ရောက်လိုလား”
ထိုစကားလုံးများက လူတိုင်း၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သည်။
သူတို့ရှေ့မှလူသည် တကယ်ပင် ဧကရာဇ်နယ်ပယ်ပညာရှင်တစ်ဦး ဖြစ်နေသည်။
ဒါ့အပြင် သံသရဖူဆောင်းအဘိုးအိုသည် ဓားကမ္ဘာသို့ ဝင်ရောက်ဖို့ ယန်လောရှုကို အရင်စတင် ဖိတ်ခေါ်နေ၏။
မင်းသမီးသက်တံနီက ကျေနပ်သဘောကျသွားသည်။
သံသရဖူဆောင်းအဘိုးအိုက ဆက်ပြောလိုက်၏။
“မင်းကျင့်ကြံတဲ့ မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်က ဓားတာအိုအတွက် အသင့်လျော်ဆုံးပဲ… မင်းက ဓားကမ္ဘာကို ဝင်ရောက်မယ်ဆိုရင် မင်းက ငါ့ရဲ့လက်ရင်းတပည့် ဖြစ်လာနိုင်မယ်… ငါက မင်းကို ဓမ္မတာအို ကိုယ်တိုင်သင်ကြားပေးမယ်”
တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများက တုန်လှုပ်သွားကြသည်။
ဧကရာဇ်ပညာရှင်တစ်ဦးသည် ယန်လောရှုကို သူ၏ လက်ရင်းတပည့်အဖြစ် လက်ခံပြီး ဓမ္မတာအိုကို ကိုယ်တိုင်သင်ကြားပေးဖို့ အရင်စတင်ကမ်းလှမ်းနေသည်။
ဤသည်က မည်ကဲ့သို့သော အခွင့်အလမ်းမျိုးလဲ။
ယန်လောရှုက ငေးမောမှင်တက်နေ၏။
အခြားသူများသာဆိုလျှင် သူတို့သည် ဝမ်းသာအားရနှင့် ရှိခိုးဦးချမိပေလိမ့်မည်။
သို့သော်လည်း သူ့မှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့် ရင်းနှီးနေကျ ဤဇာတိမြေအပေါ် ဖော်မပြတတ်သော စွဲလမ်းမှုနဲ့ ခံစားချက်များ ရှိနေဆဲဖြစ်သည်။
သူသည် တက္ကသိုလ်ဂိုဏ်းချုပ်ကို မေးခွန်းထုတ်ခဲ့သည်မှာ တက္ကသိုလ်ဂိုဏ်းချုပ်သည် မှားသည့်ဘက်မှာ ရှိနေခဲ့သောကြောင့်ဖြစ်သည်။
သို့သော်လည်း သူသည် တက္ကသိုလ်ကနေ ထွက်သွားဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
အခြားမည်သူ့ထက်မဆို သူသည် တက္ကသိုလ်ကို ပိုမိုကောင်းမွန်လာစေချင်သည်။
“ဓားကမ္ဘာမှာဆိုရင် မင်းက ဒီလိုမျိုး စွပ်စွဲပြောဆိုမှုတွေ၊ အနိုင်ကျင့်မှုတွေနဲ့ ဒီလိုမျိုး ထိခိုက်နစ်နာမှုတွေကို တွေ့ကြုံခံစားရမှာ မဟုတ်ဘူး”
သံသရဖူဆောင်းအဘိုးအိုက ဆက်ပြောလိုက်သည်။
“မင်းရဲ့ ပင်ကိုယ်ပါရမီနဲ့ အရည်အချင်းက ထိပ်တန်းအဆင့်မှာ ရှိမနေဘူး”
ခဏမျှ ရပ်တန့်ပြီးနောက် သူက ထပ်ပြောလိုက်သည်။
“ဒါပေမဲ့ မင်းက လူကောင်းတစ်ယောက်ပဲ… ဓားကမ္ဘာက မင်းလိုလူကို ရရှိတာ ကောင်းချီးမင်္ဂလာပဲ… ငါက မင်းကို တပည့်အဖြစ် လက်ခံခွင့်ရတာ ငါ့အတွက် ကောင်းမွန်တဲ့ ကံကြမ္မာပဲ”
လူတိုင်းက ထိုစကားကို ကြားသောအခါ လှုပ်ရှားယိမ်းယိုင်သွားကြသည်။