ကျောက်စိမ်းသစ်ခွ။
Vol. 8 Ch. 93
ကျယ်ပြန့်လှသော တောင်တန်းနှင့် သစ်တောများအတွင်း မြူများဖုံးလွှမ်းနေသည်။ ထိုမြူအတွင်း လူရိပ်တစ်ရိပ် ရွေ့လျားနေ၏။
ထိုအရိပ်၏ ဦးတည်ရာသည် တောင်ထိပ်ပေါ်ရှိ ကျောက်တုံးကြီးတစ်တုံးထံ ဖြစ်သည်။ အဆုံးတွင် အရိပ်မှာ ရပ်သွားပြီး၊
“ နောက်ဆုံးမှာတော့ မင်းကိုငါတွေ့ပြီ။ ”
-ဟု ဆိုကာ လက်လှမ်းလိုက်တော့၏။
ယင်းသည် သာမန်ကျောက်တုံးတစ်လုံး ဖြစ်နေသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤဝင်္ကပါအတွင်း ပိတ်မိနေသည်မှာ (၆)လ တိုင်နေပြီဖြစ်၏။
အစောပိုင်းအချိန်၌ တိမ်မြူများ ပျက်ပြယ်အောင် ရပ်တန့်နိုင်မည်ဟု ထင်မိခဲ့ သော်လည်း ယင်းသည် လှည့်စားမှုတစ်ခုသာ ဖြစ်ခဲ့သည်။
အဆုံးတွင် မြူများပို၍ သိပ်သည်းလာနေသဖြင့် ဖြေရှင်းနည်းကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်ရ၏။
ကောင်းကင်တာအိုပေါင်းစည်းခြင်းကို အသုံးမပြုနိုင်သောကြောင့် အခြားနည်းစနစ်ကို မသုံးနိုင်ဟု မဆိုလိုချေ။ ၎င်းတွင် အခြားသော တွက်ချက်နည်းများ ရှိသေးသည်။
ထို့ကြောင့် တိမ်မြူများအတွင်း လပေါင်းများစွာ အချိန်ယူပြီး အခြားသော နက္ခတ်ဗေဒဂဏန်းသင်္ချာများကို သင်ယူခဲ့ရသည်။
ဤနည်းဖြင့် ဝင်္ကပါမျက်လုံး တည်နေရာကိုတွက်ထုတ်ကာ ဗဟိုချက်ကို တဖြည်းဖြည်းခြင်း ကန့်သတ်ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်လေသည်။
“ တကယ်ပဲ ... ငါ့ကို (၆)လလောက် ပိတ်ထားတာ ဒီကျောက်တုံးလေးတစ်တုံးလား။ ”
လက်ထဲရှိ ကျောက်တုံးထံကြည့်ပြီး သံသယအရိပ်အမြွက်များ ဝင်ရောက်လာ၏။ မည်သို့ပင်ကြည့်ရှုနေပါစေ ဤအရာသည် ဝင်္ကပါမျက်လုံးအဖြစ် ယူဆ၍မရချေ။
အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် အသက်ပြင်းပြင်းရှူကာ သူ့ဝိညာဉ်အသိကို ထည့်သွင်းလိုက်သည်။
“ ဘရူး ... ။ ”
မြင်ကွင်းများ ချက်ချင်း ပြောင်းသွားကာ အခြားသောဒေသသို့ တည်နေရာရွေ့ပြောင်း ပေးပို့ခြင်း ခံလိုက်ရချေပြီ။
“ ဒါ ... ။ ”
ယင်းသည် အိမ်မက်တစ္ဆေ ရေကန် ဒေသကြီးမဟုတ်ချေ။ အံ့အားသင့်စွာဖြင့် ချက်ချင်း လှည့်ပတ် ကြည့်မိ၏။
ကောင်းကင်ကြီး တစ်ခုလုံး မှောင်မိုက်နေကာ ကြယ်များ မပွင့်ချေ။ သို့တိုင် ပတ်ဝန်းကျင်သည် အလင်းရောင်များဖြင့် ထူးထူးခြားခြား တောက်ပနေသည်။
“ ဝှစ် ... ။ ”
အဝေးတွင် ကုန်းမြေကြီးအစွန်းကို မြင်လိုက်ရသဖြင့် ပျံသန်းသွားကြည့်လိုက်၏။ မြင်ကွင်းသည် သူ့ကို မှင်သပ်သွားစေသည်။
“ တကယ်ပဲ ကုန်မြေကြီးက အဆုံးသတ်ရှိနေတာလား။ ”
အံ့သြတကြီးဖြင့် တိခနဲရပ်သွားသော ကုန်းမြေကြီး၏ နယ်စပ်မျှဉ်းကြောင်းအတိုင်း လျှောက်လှမ်းသွားနေလျက်ဖြင့် မယုံနိုင် ဖြစ်နေခဲ့သည်။
ဒေသကြီးတစ်ခုလုံး အမှောင်များဖြင့် ကာရံထားပြီး မြေပြင်သည် ဝိညာဉ်စွမ်းအင်များ ကြွယ်ဝချေ၏။
လက်ဆန့်လျက် အမှောင်ထုကို အနည်းငယ် တို့ထိရန်ကြိုးစားစဉ် တုန့်ဆိုင်းသွားမိပြန်သည်။ အဆုံးတွင် လက်ပြန်ရုတ်ပြီး ကျင့်ကျိဓား ထုတ်ယူလိုက်၏။
“ ချွင် ... ။ ”
သို့သော် တုန့်ဆိုင်းလျက် အခြားသော ဓားတစ်လက် သိုလှောင်လက်စွပ်မှ ထုတ်ကာ အမှောင်ထုထဲ ထိုးသွင်းကြည့်သည်။
“ ထန် ... ။ ”
“ ဟမ့် တစ်ခုခု ရှိနေတာလား။ ”
အမှောင်ထုအတွင်း တစ်စုံတစ်ရာ၏ ပိတ်ဆို့ခံရမှုကြောင့် ဆက်မတိုးနိုင်တော့ချေ။ သက်ပြင်းချပြီးနောက် ၎င်းကိုထိကြည့်ရန် လက်လှမ်းကြည့်မိ၏။
အတားအဆီးအလွှာတစ်ခုကို ခံစားလိုက်ရလေသည်။ အထိအတွေ့သည် အနည်းငယ် ထူးဆန်းနေ၏။ အရာဝတ္တုတစ်ခုမှ ထွက်လာသော အပူချိန်မျိုးပေပင်။
ထို့နောက် နောက်ကျောသို့လှည့်ကာ အလင်းဘက်ခြမ်းထံ ဝိညာဉ်အသိကိုဖြန့်ထုတ် လိုက်သည်။ အာရုံခံစားမှု ပြန်ရပြီဖြစ်၏။
“ ဒါက ဘယ်လိုဒေသကြီးလဲ။ ”
အလင်းဘက်ခြမ်းအတွင်း လှည့်ပတ်ပျံသန်းကာ အဆုံး၌ အလယ်ဗဟိုသို့ ဆင်းသက်လိုက်သည်။
ဤဒေသကြီးသည် ဧကတစ်ထောင်ခန့် ကျယ်ပြီး တစ်ခုတည်းသောသက်ရှိမှာ ခြေဖျား အနားတွင် ရှိနေသည်။
ယင်းသည် ရိုးတံလေးပေါ်တွင် ပန်းပွင့်သေးသေးပွင့်နေသော သစ်ပင်ငယ် တစ်ပင်ဖြစ်၏။
အရွယ်အစားသည် လေးလက်မခန့်သာ ရှိနေသည်။ အရောင်သည် ကျောက်စိမ်းဖြူကဲ့သို့ ကြည်လင်နေပြီး ဘောလုံးပုံသဏ္ဍန် ဖြစ်၏။
စိုက်ကြည့်နေရုံဖြင့်ပင် စိတ်ဝိညာဉ် အေးချမ်းကာ ပူပန်သောကများအားလုံးကို ပျောက်ကင်းသွားစေခဲ့သည်။
မြေပြင်ပေါ် ထိုင်ချပြီး အပင်ငယ်ထံ စစ်ဆေးကြည့်ရန် ပြင်လေသည်။ ကမ္ဘာပေါ်တွင် ဝိညာဉ်စွမ်းအင်ရှိသော်လည်း ဆေးဘက်ဝင် အပင်မဟုတ်သည့် ရတနာများရှိ၏။
ဥပမာအားဖြင့် ဉာဏ်အလင်းသစ်ပင်၊ စွမ်းအင်စုဆောင်းခြင်းသစ်ပင်၊ ကံကြမ္မာသစ်ပင် စသည်တို့ဖြစ်သည်။
လူသိအများဆုံးမှာ ဝိညာဉ်လက်နက် သွန်းလုပ်ရာ၌ အသုံးပြုနိုင်သော သစ်ပင်များ ဖြစ်ကြ၏။
ချင်းမူဖန်တီးခြင်းသုတ္တန်တွင် အဂ္ဂိရတ်ပညာနှင့် ပတ်သတ်သမျှကို မှတ်တမ်း တင်ထားသော်လည်း အလုံးစုံပါဝင်ခြင်း ရှိ၊မရှိ မသိသေးချေ။
သည့်ပြင် သဘာဝရတနာများသည် စစ်ဆေးမှတ်တမ်းတင်ရန် ခက်ခဲသည်။ ၎င်းတို့ အနေဖြင့် တစ်ကြိမ်ပေါ်လာပြီးနောက် ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့သည်မှာများ၏။
လမ်းဘေးရှိ သာမန်ကျောက်တုံး တစ်တုံးသည်ပင် တခါတရံတွင် ဝိညာဉ်စွမ်းအင် စုစည်းလာပြီး သဘာဝရတနာဖြစ်နိုင်သည်။
“ နေဦး ... အသံရှင်က ဒီသစ်ပင်ကို ရည်ညွှန်းချင်နေတာလား။ ”
ရုတ်တရက် သတိရလာပြီးနောက် သံသယများဖြင့် အနည်းငယ်မျှသာပေါ်နေသော သစ်ပင်ငယ်ထံ ကြည့်လိုက်၏။
အသံရှင်စကားကို အတည်ပြုနိုင်ရန် နည်းလမ်းမရှိသည်မှာ နှမျောစရာပေပင်။ မဟုတ်သော် အဖြေကို သိနိုင်၏။
သို့သော် အသွင်အပြင်အရ ဤသည်မှာ သဘာဝရတနာ ဖြစ်မည်မှာ သေချာနေသည်။ ထိုစဉ် မျက်ဝန်းများက ပတ်ဝန်းကျင်ထံ ဝေ့ကြည့်လိုက်ကာ၊
“ ဒီထူးဆန်းတဲ့ကမ္ဘာကြီးက ... ငါ့ရှေ့ကသစ်ပင်လေးနဲ့များ သက်ဆိုင်နေမလား မြေပြင်မှပေါ်နေတဲ့ အပိုင်းက ကျောက်စိမ်းနဲ့ တူနေတယ် ... မင်းကို ကျောက်စိမ်းသစ်ခွလို့ ခေါ်ရအောင်။ ”
-ဟု အမည်ပေးလိုက်၏။
ထို့နောက် ဤဒေသကြီးမှ မည်သို့ထွက်ခွာရမည်ကို စတင်တွေးတော လိုက်သည်။ ဤသည်မှာ အသိစိတ်တစ်ခုသာ ဝင်ရောက်လာခြင်း မဟုတ်ချေ။
ရုပ်ခန္ဓာကြီးပါ လိုက်ပါလာ၏။ ဟိုဟိုသည်သည် လျှောက်လှမ်းသွားလျက်ဖြင့် ထွက်ပေါက်ကို ရှာကြည့်မိသည်။
ဝင်္ကပါအတွင်း ပိတ်မိရုံသာမက အမည်မသိကမ္ဘာအတွင်း ပိတ်မိနေပြန်သည်။ ထိုစဉ်က မြူများဖြစ်သော်လည်း အိမ်မက်တစ္ဆေ ရေကန်ရှိ တောင်တန်းတစ်နေရာအဖြစ် အတည်ပြုနိုင်သဖြင့် မကြောက်မိချေ။
ဤဒေသကြီးမှာမူ ထူးဆန်းပြီး သူ မသိနိုင်သော အရပ်ဖြစ်နေသည်။ အတွေးဖြင့် ကျောက်စိမ်းသစ်ခွထံ ပြန်ကြည့်၏။
ခန္ဓာကိုယ်တစ်ခုလုံး ရေခဲရေနှင့် လောင်းချလိုက်သကဲ့သို့ ကြောက်စိတ်များ ပြေပျောက်သွားသည်။
“ သဘာဝရတာနာသေချာပြီ။ ”
စိတ်ဝိညာဉ်ကို ငြိမ်းအေးစေသော သဘာဝရတနာ ဖြစ်ချေမည်။ ထိုသို့သော ရတနာများသည် ရှားပါး၏။
ထို့ပြင် ကျင့်ကြံခြင်းလောက၌ စိတ်ဝိညာဉ်သန်မာအောင် ကျင့်ကြံနိုင်သည့် နည်းစနစ်များ ရှားချေပြီ။ အတွေးဖြင့် ကျေနပ်သွား၏။
သို့သော် ၎င်းသည် သဘာဝရတနာ ဖြစ်နေသော်မှ ဤဒေသကြီးမှ ထွက်မသွားနိုင် ခဲ့ပါက အသုံးမဝင်ချေ။
ရုတ်တရက် မှောင်မိုက်နေသော ကောင်းကင်ပေါ်မော့ကြည့်ကာ ဝိညာဉ်အသိကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်း ပေတစ်ရာ အရောက်တွင် ပျောက်ကွယ်သွား၏။
“ ဒါက ... ။ ”
မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်ထံ ဝေ့ကြည့်လိုက်ရာ အမှောင်နံရံများပျောက်ကွယ် သွားသည်ကို မြင်လိုက်ရချေပြီ။
***