← Chapters

အကျပ်အတည်းသို့ ကျရောက်နေခြင်း။

Vol. 8 Ch. 94

အကျပ်အတည်းသို့ ကျရောက်နေခြင်း။

Vol. 8 Ch. 94

အမြင်အာရုံမှုန်ဝါးဝါးလာပြီး ပြန်ကောင်းလာချိန်၌ အပြင်လောကသို့ ရောက်ရှိနေပြီဖြစ်၏။

တောတန်းများနှင့် တိမ်မြူများ ပြန်မြင်လာရသည်။ လက်ထဲရှိ ကျောက်တုံးကို ပြန်ငုံ့ကြည့်ပြီး အနည်းငယ် စိတ်လှုပ်ရှား သွား၏။

“ ခရစ် ... ။ ”

ကျောက်တုံးသည် သာမန်ကျောက်တုံး တစ်တုံးပေပင်။ လက်ဖြင့် ဖျစ်ညှစ်ကြည့်ရာ အပြင်လွှာကွဲကြေသွားပြီး လက်မအရွယ် ကျောက်တုံးတစ်လုံး ပေါ်လာသည်။

ကျောက်တုံးမျက်နှာပြင်တွင် ရွှေရောင်အစက်အပြောက်အချို့ ရှိနေတော့၏။ ယင်းသည် ပုံစံအမှန်ဖြစ်ပေမည်။

သူ့အသိပညာအရ ဤကျောက်တုံး၏ မူလကိုမမြင်နိုင်ချေ။ ထိုစဉ် ပတ်ဝန်းကျင်တွင် သာမန်မျက်စိနှင့်မြင်နိုင်သော အရှိန်အဟုန်ဖြင့် မြူများပါးလျကုန်သည်ကို သတိထားမိ၏။

ဤသို့ အချိန်အတော်ကြာ ပိတ်လှောင်ထားသော မြူများ‌ပျောက်ကွယ် သွားခြင်းသည် ကျောက်တုံးငယ်ဖြင့် ဆက်စပ်နေပုံရသည်။

အတွေးဖြင့် ရွှေကျောက်တုံးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်လေသည်။ သိုသော် မအောင်မြင်ချေ။

ဆန့်ကျင်ဘက် စွမ်းအင်နှစ်ခု တွန်းကန်နေသကဲ့သို့ သဟဇာတ မဖြစ်ခဲ့ချေ။ ၎င်းတို့နှစ်ခုကြား မမြင်နိုင်သောအလွှာတစ်ခု တားဆီးနေ၏။

“ ထည့်လို့ မရဘူးလား ... ဒီရွှေကျောက်တုံးက လေဟာနယ်ကျောက်တုံး တွေထက် ပိုအဆင့်မြင့်နေတာလား။ ”

‌ရွှေကျောက်တုံးကို နားမလည်နိုင်စွာဖြင့် လှည့်ပတ်ကြည့်မိ၏။ သို့သော် အမှောင်နံရံများ ကာရံထားသော ကမ္ဘာကြီးကို သတိရလာပြီး မျက်ဝန်းများ တောက်ပလာသည်။

ရွှေကျောက်တုံး၏ နေရာလွတ်သည် သိုလှောင်လက်စွပ်ထက်များစွာ သာလွန်ချေပြီ။ ဆိုလိုသည်မှာ ဤကျောက်တုံးကို သိုလှောင် လက်စွပ်အဖြစ် သုံးနိုင်၏။

အတွေးဖြင့် သိုလှောင်လက်စွပ်ကို ရွှေကျောက်တုံးအတွင်း ပြောင်းရွေ့ကြည့်၏။ အောင်မြင်သွားသည်။

“ ဒါပဲ ... ။ ”

ပြုံးလျက် သဘောကျသွားပြီး ခဏအကြာတွင် ကောင်းကင်ကို မော့ကြည့်ကာ အသက်ပြင်းပြင်းရှူလျက်၊

“ ငါဒီမှာ ပိတ်မိနေတာကြာပြီ ထွက်သွားဖို့ အချိန်တန်ပြီ။ ”

-ဟု ရေရွတ်လိုက်၏။

သူ ထွက်လာသည်မှာ (၆)ခန့် ကြာနေပြီဖြစ်၏။ ကျန်ရစ်ခဲ့သူများ သူ့အပေါ် စိတ်ပူနေနိုင်မည်။ အပြန်လမ်းသည် ပြဿနာမရှိခဲ့ချေ။

ရေကန်ဧရိယာမှ ထွက်ခွာပြီးနောက် မီးစာငှက်ကိုခေါ်ယူလိုက်သည်။ ချွယ်အာသည် သူ့ကိုမြင်ချိန်၌ ပျော်ရွှင်ကာ ပွတ်သပ်လာ၏။

ကူချန်မှ ပြုံးလျက် ပြန်၍ ပွတ်သပ်ပေးကာ ချင်းယွမ်ဈေးမြို့သို့ ဦးတည်လာခဲ့သည်။ သားရဲ တည်းခို‌ဆောင်များသည် အချိန်ကန့်သတ်ချက် မရှိထိန်းကျောင်းပေးကြ၏။

သို့သော် ကျွေးမွေးစရိတ်ပေးဆောင်ရန် လိုသည်။ အရေးအကြီးဆုံးမှာ သတ်မှတ်ကာလ အတွင်း သားရဲကို ပြန်လည်ခေါ်ယူခြင်းမရှိပါက တည်းခိုဆောင်တွင် စွန့်ပစ်ပိုင်ခွင့်ရှိ၏။

စျေးမြို့အတွင်း လိုအပ်သော ဆေးဘက်ဝင်အပင်အချို့ ထပ်မံဝယ်ယူကာ ချွယ်အာခေါင်းကို ပုတ်လိုက်၏။

“ သွားရအောင်၊ ငါတို့ပြန်သင့်ပြီ။ ”

“ ကျီး ... ။ ”

အပြန်ခရီးသည် ဆယ်ရက်သာ ကြာချေ၏။ သူထွက်လာခဲ့သည်မှာ ဖူစုပြက္ခဒိန်သက္ကရာဇ်၏ (၄၅၃)ခုနှစ် နွေရာသီဖြစ်သည်။ ယခုမူကား (၄၅၄)နှစ်ဦးကာလဖြစ်နေ၏။ ဆောင်းရာသီ နှောင်းပိုင်းရောက်ရှိနေချေပြီ။

လင်းရင်တောင်တန်းပေါ်ရှိ ဆီးနှင်းများ အရည်ပျော်ကာ မက်မွန်ပင်များ၌ အရွက်နုများ ပေါက်ရောက်နေ၏။

“ ဖရူး ... ။ ”

ချွယ်အာမှ ကျယ်လောင်စွာဖြင့် အော်မြည်လျက် မြေပြင်ပေါ်ဆင်းသက်သည်။ မင်ယွဲ့မှ ထိုအော်သံကြောင့် အခန်းထဲမှ အပြေးထွက်လာ၏။

“ စီနီယာ အစ်ကို ... ။ ”

ကူချန်က မင်ယွဲ့ဘက်လှည့်လိုက်ကာ သူမဦးခေါင်းကိုပုတ်ရန် လက်လှမ်းလိုက်သည်။ သို့သော် ချက်ချင်း ရပ်တန့်လိုက်၏။

ဤကောင်မလေး အရပ်ရှည်လာပြီ ဖြစ်သည်။ လက်ရှိအရွယ်တွင် ထိုသို့ရင်းနှီးသည့် အပြုအမူများ လျှော့ချရမည်ဖြစ်၏။

ထိုအတွေးများကို မင်ယွဲ့မှ မြင်နေချေပြီ။ ထို့ကြောင့် လေထဲရပ်နေသော ကူချန်လက်ဖဝါး အောက်သို့ ခေါင်းထိုးပေးလိုက်၏။

ကူချန်တစ်ယောက် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြုံးလိုက်လေသည်။ မင်ယွဲ့ခေါင်းကို ပုတ်လျက်၊

“ မင်းအရင်ထက် အများကြီး အရပ်ပိုရှည်လာတယ်။ ”

-ဟု အသိအမှတ်ပြုလိုက်၏။

ထို့နောက်တွင် ခြေသံကြားလိုက်ရပြီး တာအိုချင်းရှ ဝင်ရောက်လာကာ အဆုံးတွင် လေးနက်သော အသွင်အပြင်မျိုးဖြင့် သက်ပြင်းချလျက်၊

“ ချန် ... မင်းမရှိတဲ့ ဒီရက်တွေထဲမှာ အများကြီးဖြစ်ပျက်သွားတယ်။ ”

-ဟု ပြောကြားလာတော့သည်။

“ ဆရာ ... ဘာတွေဖြစ်သွားလဲ။ ”

ကူချန်တစ်ယောက် မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်တော့၏။

***

မိုးပြာခြံဝင်းအတွင်း ကူချန်နှင့် တာအိုချင်းရှသည် ကျောက်စားပွဲတွင် မျက်နှာချင်းဆိုင် ထိုင်နေကြ၏။

တာအိုချင်းရှသည် လွန်ခဲ့သည့် ခြောက်လအတွင်း ဖြစ်ပျက်သွားသော အကြောင်းအရာများကို ပြောပြပေးနေသည်။

“ မင်းထွက်သွားပြီး မကြာခင် ... ကူမိသားစုက ... စစ်သူကြီးသုံးယောက်ရဲ့ ပြည်နယ်ကို စစ်ချီခဲ့တယ် ... ဒါပေမယ့် သူတို့က ခုခံခြင်းမပြုဘဲ လက်နက်ချခဲ့တယ် ...

... ဒါကြောင့် ရှန့်နန်လမ်းမှာ ... တစ်ခုတည်းသော ကူမိသားစုထိတ်ချုပ်မှုကနေ လွတ်မြောက်နေတဲ့ပြည်နယ်က သံနက်စံအိမ် ထိန်းချုပ်ထားတဲ့ နယ်မြေနဲ့ ...

... ဖူစုရုံးတော်လက်အောက်က ပြည်နယ်ပဲကျန်တော့တယ် ... အဲဒီအချိန်မှာ အခြားပြည်နယ်သခင်တွေကလည်း ရုံးတော်ကို ကျူးကျော်လာကြတယ် ...

... ဒါပေမယ့် မထင်မှတ်ထားတဲ့ တုန့်ပြန်မှုတစ်ခုကို ဖူစုတော်ဝင်မိသားစုက ပြုလုပ်လာတယ် ... ။ ”

တာအိုချင်းရှက စကားခဏရပ်ကာ မင်ယွဲ့ပြင်ဆင်ပေးသော ရေနွေးကြမ်းခွက်ကို ကောက်ယူသောက်လိုက်ပြီး၊

“ လွန်ခဲ့တဲ့ သုံးလလောက်က ... ရုံးတော်လက်အောက်က ပြည်နယ်မှာ ယွမ်ဖူ နယ်ပယ်ကျင့်​ကြံသူတွေ အများ​​ကြီး ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။ ”

-ဟု ပြောကြားလိုက်၏။

“ ယွမ်ဖူနယ်ပယ်လား။ ”

ကူချန်မှ မျက်ခုံးပင့်လိုက်သည်။

“ မှန်တယ် ... အရေအတွက်ကို မသိရသေးပေမယ့် အနည်းဆုံးတော့ (၂)ဦး ဖြစ်နိုင်မယ်၊ သူတို့က ရုံးတော်အတွက် ...

... ပြည်နယ်တွေကို သိမ်းယူဖို့ ကူညီပေးခဲ့တယ် ... ယွမ်ဖူနယ်ပယ်ကျင့်ကြံသူ တစ်ယောက်က ပြည်နယ်ကို စောင့်ရှောက်ပြီး... ကျန်တစ်ယောက်က နယ်မြေတွေကို ပြန်သိမ်းယူပေးနေတယ်။ ”

... လွန်ခဲ့တဲ့ (၁၅)ရက်လောက်က ရှန့်နန်လမ်းမှာရှိတဲ့ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ တစ်ယောက်ကို သူတို့ကို ဟန့်တားခဲ့တယ်။ ”

ကူချန်တစ်ယောက် မျက်လုံးများ အနည်းငယ်မှေးစင်းသွားပြီး၊

“ ငါ့အဖေနဲ့ တခြားသူတွေ အဆင်ပြေတယ် မဟုတ်လား။ ”

-ဟု တိုးတိုးလေး မေးသည်။

တာအိုချင်းရှခမျာ တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ပြလာ၏။ ကူချန်မှ ထိုအမူအရာကို မကျေနပ်သဖြင့် မျက်မှောင်ကြုတ်သည်။

တာအိုချင်းရှတစ်ယောက် ပတ်ဝန်းကျင်ရှိ လေဖိအားကျဆင်းသွားသကဲ့သို့ အသက်ရှူရန် ခက်ခဲသွားချေပြီ။

“ စိတ်အေးအေးထားပါချန် ... မကြာသေးမီက အခြေအနေတွေ မကောင်း ကြပေမယ့် သူတို့ ဘာမှမဖြစ်ပါဘူး။ ”

“ ဆရာ ... မင်းငါ့ကို ဒီထက်ပိုပြီး ရှင်းရှင်းပြောပြတာ ပိုကောင်းမယ်။ ”

ကူချန်က တာအိုချင်းရှကို တည်ငြိမ်သောအမူအရာဖြင့် စိုက်ကြည့်ကာ ပြောကြားလိုက်၏။ တာအိုချင်းရှခမျာ ကူကယ်ရာမဲ့စွာ ပြုံးပြလျက်၊

“ ငါ ... ဘယ်လို ရှင်းပြရမလဲ။ ”

-ဟု တုန့်ပြန်လာ၏။

“ ဘာတွေဖြစ်နေတာလဲ။ ”

ကူချန်မှ ပို၍ စိတ်ပူလာသည်။

“ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ ပထမဆုံး ပြန်သိမ်းဖို့ကြိုးစားတဲ့မြို့ကို မင်းညီချန်ယွင်က စောင့်ကြပ်နေတယ် ... ဒါကြောင့် သူ့အသက်ကို မင်းပေးထားတဲ့အ‌ဆောင်က ကယ်ခဲ့တယ် ...

... ကံကောင်းစေတာက ကူမိသားစုမှာ ယွမ်ဖူနယ်ပယ်ကျင့်ကြံသူ ရှိနေတယ်ဆိုတာ သူ သိပြီး ... အဲဒီလူကတိုက်ပွဲကို ရပ်ထားတယ် ...

... ကူမိသားစုမှာ တစ်ယောက်ထက် ပိုများတဲ့ ယွမ်ဖူနယ်ပယ်ကျင့်ကြံသူ ရှိနေမှာ သူ စိုးရိမ်နေပုံပဲ ... ဒါပေမယ့် ဒါက သူ့ကို နည်းနည်း သည်းမခံနိုင်ဖြစ်စေတယ် ...

... မကြာသေးခင်ကပဲ သူက ပြည်နယ်သုံးခုကို စမ်းသပ်သိမ်းပိုက်ကြည့်တယ် မင်းသာ နောက်ထပ်နှစ်ရက်လောက် နောက်ကျ သွားခဲ့ရင် အကျိုးဆက်က ... ။ ”

အဆုံးတွင် တာအိုချင်းရှတစ်ယောက် လေးလံသော သက်ပြင်းများ မှုတ်ထုတ်လိုက် တော့၏။

ကူချန်နှင့် ဆက်ဆံရေးကြောင့် ကူမိသားစုအပေါ် အဆိုးများ ကျရောက်စေခြင်း မဖြစ်လိုချေ။

“ အဖေနဲ့ တခြားသူတွေ ဘယ်မှာလဲ။ ”

“ မင်းအဖေက နတ်နဂါးမြို့တော်မှာ ရှိလောက်မယ် ... မင်းညီကတော့ စစ်မြေပြင်မှာ ရှိနေတုန်းပဲ။ ”

ကူချန်မှ ခေါင်းညိတ်လျက် ချက်ချင်းထရပ်ပြီး၊

“ ငါသွားကြည့်လိုက်မယ်။ ”

-ဟုဆိုကာ ချက်ချင်း ပျောက်ကွယ် သွားတော့သည်။

တာအိုချင်းရှမှ တစ်ခုခုပြောရန် ခေါင်းအမော့တွင် မည်သူမျှ ရှိမနေတော့ချေ။ မည်သို့ပင်ဆိုစေကာမူ ကူချန် ပြန်ရောက်လာပြီ ဖြစ်သောကြောင့် သူ့အတွက် အနည်းငယ် စိတ်သက်သာရစေသည်။

***

All Chapters