← Chapters

ဘယ်လောက်တောင် တန်ခိုးကြီးလဲ။

Vol. 8 Ch. 96

ဘယ်လောက်တောင် တန်ခိုးကြီးလဲ။

Vol. 8 Ch. 96

ချန်ယွင်အနားတွင် ကြမ်းကြုတ်သော ဓားသမားစစ်သည်တော်တစ်ဦး ရှိနေလေသည်။ သူ့ဓားသည် ဟင်းသီးဟင်းရွက်များကို လှီးဖြတ် နေသကဲ့သို့ ရန်သူများကို သတ်ဖြတ်နေ၏။

ဤသည်မှာ နွေဦးဓားနန်းတော် ခေါင်းဆောင်လီချင်းစုန်၏သား လီစန်းကျန့် ဖြစ်သည်။

(ဒုတိယဓားမဟုတ်ပါ။ နံပါတ်စဉ် မသိသေးပါ။ လီချင်းစုန့်၏ သားသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ )

နွေဦးဓားနန်းတော်မှ ကူမိသားစု လက်အောက်သို့ ဝင်ရောက်ပြီးနောက် ချန်ယွင် အနားတွင် တာဝန်ယူခဲ့၏။

ဤမတိုင်မီ သူသည်လည်း ချန်ယွင်ကဲ့သို့ သခင်ငယ်ဘွဲ့ကို ခံယူနိုင်သူဖြစ်သည်။ ယခုတွင် ချန်ယွင်၏ လက်အောက်ခံတစ်ယောက် ဖြစ်နေပေ၏။

သို့သော် သူ့တွင် မကျေနပ်မှု မရှိချေ။ သူသည် ဓားသာစွဲလမ်းပြီး အဆင့်အတန်းကို လုံးဝ ဂရုမစိုက်သူ ဖြစ်၏။

ထို့ကြောင့် ချန်ယွင်ပြသနေသော အံ့ဩစရာကောင်းသည့် အရည်အချင်းများသည် သူ့ကို သဘောကျစေသည်။

အဘယ့်ကြောင့် ဆိုသော် ချန်ယွင်သည် ဓားလှံကိုကျွမ်းကျင်ကာ သူနှင့်အတူ သီးသန့် လေ့ကျင့်မှုများ ပြုခဲ့ဖူးသည်။

အသက် (၂၀)ကျော် ကွာလှသော်လည်း သူငယ်ချင်းများ ဖြစ်နေပြီဖြစ်၏။ လီစန်းကျန့်က ရန်သူ့စခန်း၏ လှုပ်ရှားမှုအခြေအနေကို သတိထားမိလာပြီး၊

“ ဒုတိယ သခင်လေး ... သူတို့လှုပ်ရှားလာပြီ။ ”

-ဟု သတိပေးလိုက်သည်။

“ ပြန်ဆုတ် ... ။ ”

ချန်ယွင်မှ တစ်ချက် မော့ကြည့်ကာ အမိန့်ပေး၏။ ကူမိသားစုသည် လီချင်းစုန့်နှင့် အခြားသော ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူများ ပေးပို့ထားခဲ့သည်။

ရှန်ရှင်းနယ်ပယ် ကျင့်ကြံသူများကြား ထိပ်တိုက်ရင်ဆိုင်မှု၌ ချီစုစည်းခြင်းနယ်ပယ်မှာ မပါဝင်နိုင်တော့ချေ။

တစ်ဖက်တွင် သူတို့ထက် ပိုသန်မာသော လူများရှိနေမည်ကို စိတ်ပူသည်။ သန်မာသူနှင့် အားနည်းသူ။ ယင်းသည် တိုက်ပွဲအပေါ် အဆုံးအဖြတ်ပေး၏။

ချန်ယွင်အတွက် ဆုံးဖြတ်ချက်မှာ ပြတ်သား၏။ လက်အောက်ငယ်သားများကို သတ်ပစ်ခြင်းဖြင့် ရန်သူ၏အုတ်မြစ်အပေါ် ယိုင်နဲ့အောင် လုပ်ယူလိုသည်။

ဤနည်းဖြင့် သန်မာသူသည် တစ်ယောက်တည်းကျန်ရစ်ကာ အနိုင်ရလျှင်ပင် မြို့ကိုသိမ်းရန် ခက်ခဲသွားပေမည်။

ဖူစုရုံးတော်၏ စစ်သူကြီးငါးဦးကို သူ ကောင်းကောင်းသိသည်။ သူတို့အားလုံးသည် ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူများဖြစ်၏။

သူ့ လုပ်ဖော်ကိုင်ဖက် ဟောင်းတွေပင်။ ရှန့်နန်စစ်သူကြီး (၁၂)ယောက်တွင် ငါးယောက် အပေါ် သူ စည်းရုံးခဲ့၏။

ကျန်(၅)ယောက်သည် ရုံးတော်ထံ ဆက်၍သစ္စာစောင့်သိပြီး (၃)ဦးသည် ခွဲထွက် ပုန်ကန်ခဲ့ကြသည်။

လက်ရှိတွင် ကူမိသားစုသည် စစ်မြေပြင်ဆီသို့ ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူ ခြောက်ဦးကို စေလွှတ်ခဲ့သည်။

လီချင်းစုန့်သည် ၎င်းတို့အတွင်းမှ တစ်ဦးဖြစ်ကာ သုံးဦးသည် ကူမိသားစုဝင်ဖြစ်ပြီး နှစ်ဦးသည် ဧည့်အကြီးအကဲများပေပင်။

ထိုငါးယောက်အတွင်း သုံးယောက်သည် ကူချန်ပေးသော ဆေးပြားအကူအညီနှင့် ရှန်ရှင်း နယ်ပယ်ထံ တက်ရောက်လာခြင်းဖြစ်၏။

မြို့ရိုးပေါ် ပြန်ဆုတ်ခွာပြီးနောက် ရှန်ရှင်းနယ်ပယ်ကျင့်ကြံသူများ၏ တိုက်ပွဲထံ မျှော်ကြည့်လျက် ချန်ယွင်တစ်ယောက် တည်ငြိမ်လာသည်။

“ ထူးဆန်းတယ် ... ။ ”

ရန်သူသည် တိုက်ပွဲအဟုန်ကို မြင့်တင်သည်မှာ အနည်းငယ်စိတ်ဝင်စားစရာ ကောင်းနေ၏။

မည်သို့သော အကြောင်းတရားသည် ထိုသူများအပေါ် ဤသို့ခိုင်မာသောဆုံးဖြတ်ချက် ဖြစ်စေသနည်း။ တစ်ခုခု သိသွား၍ပင်လော။

ဖူစုရုံးတော်၏ ဆုံးဖြတ်ချက်သည် ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးနေ၏။ ချန်ယွင် တစ်ယောက် ရုတ်တရက် မျက်မှောင်ကြုတ်ပြီး တစ်စုံတစ်ရာကို တွေးမိလာခဲ့သည်။

“ အချက်အလက် ပေါက်ကြားခြင်း။”

ယခု ကူမိသားစုမှ ပေးပို့ထားသည့် ရှန်ရှင်းနယ်ပယ်ကျွမ်းကျင်သူများသည် အလုံးစုံ သစ္စာရှိနိုင်မည်လော။

တစ်စုံတစ်ယောက်သည် ရုံးတော်နှင့် ပတ်သတ်နိုင်မည်လော။ ထိုအဖြေကို မည်သူမျှ မသိနိုင်ချေ။ ထိုမေးခွန်းသည် ချန်ယွင်အတွက် သက်ပြင်းတစ်ချက် ရှိုက်မိစေ၏။

ရုတ်တရက် စစ်မြေပြင်ထံ ဝင်ရောက်လာသော ရှန်ရှင်းအဆင့်ကျွမ်းကျင်သူ ငါးယောက်လုံးကို သူသိသည်။ ထိုအတွင်းမှ စစ်သူကြီးနှစ်ယောက်ကို လီချင်းစုန့် တစ်ယောက်တည်း ဟန့်တားထား၏။

ထို့ကြောင့်ပင် ကျန်ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူများသည် ဖိအားများမရှိတော့ဘဲ စစ်သည်တော်များကို သတ်ဖြတ်နေနိုင်၏။

“ အားနည်းတယ် ... ။ ”

လီချင်းစုန်မှ သူ့ရှေ့ရှိ ရှန့်နန် စစ်သူကြီးနှစ်ယောက်ကို ရိုက်နှက်နေရာမှ မှတ်ချက်ပေးလိုက်သည်။

“ မင်းတို့နှစ်ယောက်က ဆေးပြားတွေသောက်ပြီး အောင်မြင်မှု ရယူခဲ့တာလား။”

သူ့စကားသည် မထီမဲ့မြင် နိုင်လွန်းသောကြောင့် စစ်သူကြီးနှစ်ဦးမှာ မျက်နှာပျက်ယွင်းသွား၏။

ဤလူသည် နွေးဦးဓားနန်းတော်၏ သခင်ဖြစ်သည်။ ရှန်ရှင်းနယ်ပယ်သို့ နှစ်ပေါင်း များစွာ ရောက်ရှိထားသော မြေခွေးကြီးဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူ၏ ဓားသည် သူတို့ကို ထိတ်လန့်စေသည်။

“ ငါတို့ အားနည်းတာမှန်တယ် ဒါပေမယ့် ငါတို့မှာ ယွမ်ဖူနယ်ပယ်ကျင့်ကြံသူတွေ ရှိတယ် လီချင်းစုန် ... မင်း ငါတို့ကို တားနိုင်မလား။ ”

စစ်သူကြီးတစ်ယောက်မှ အံကြိတ်လျက် တုန့်ပြန်ပြောကြားလာ၏။ လီချင်းစုန့်မှ အဝေးရှိ မင်ဝမ်ထံ မျှော်ကြည့်လိုက်သည်။ ဤသည်မှာ အမှန်ပင် ဒုက္ခဖြစ်သည်။

ယွမ်ဖူနယ်ပယ်ကျင့်ကြံသူများ မည်မျှအစွမ်းထက်သည်ကို သူ့ဘိုးဘေးသည် သက်သေဖြစ်၏။ ထိုအဆင့် ကျွမ်းကျင်သူသည် ရှန်ရှင်းနယ်ပယ် ဆယ်ယောက်ကို ရင်ဆိုင်နိုင်မည်။

သို့သော် သူ စိတ်ဓာတ်ကျခြင်းမရှိချေ။ ပြိုင်ဘက်သည် ကူမိသားစု၌ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ ရှိ၊မရှိ စုံစမ်းနေခြင်းဖြစ်သည်။

ကူမိသားစုတွင် တစ်စုံတစ်ယောက် ရှိနေကြောင်း သူ အသိဆုံးဖြစ်၏။ မဟုတ်သော် ဘိုးဘေးသည် ကူမိသားစုထံ ဓားနန်းတော်ကို ထားခဲ့မည် မဟုတ်ချေ။

ထိုသို့ဆိုသော် အဘယ့်ကြောင့် ထွက်ပေါ်မလာသနည်း။ ကြီးမားသော တစ်စုံတစ်ရာ ကြံစည်နေသည်လော။

သို့မဟုတ် တံခါးပိတ်ကျင့်ကြံနေသဖြင့် အဆက်အသွယ် မရသည်လော။ မည်သို့ပင် ဆိုစေကာမူ သေချာသည်မှာ ထိုလူရှိ၏။ လီချင်းစုန့်မှ တုန်လှုပ်ခြင်းမပြုဘဲ၊

“ ဒါက မင်းတို့သိဖို့ အရည်အချင်း မပြည့်မီသေးဘူး အနည်းဆုံးတော့ မင်းတို့က ငါ့လက်မှာ အရိုက်မခံရအောင် အရင်ကြိုးစားပါ ဟားဟားဟား ... ။ ”

ထိုတုန့်ပြန်မှုသည် စစ်သူကြီး နှစ်ယောက်အပေါ် ရှက်ရွံ့ပြီး အကြောက်တရား ကင်းမဲ့သော တိုက်ပွဲဝင်ဆန္ဒများ ပေါ်လာစေ၏။

“ စွပ် ... ။ ”

ထိုစဉ် ကောင်းကင်မှ ဓားတစ်လက် ပြုတ်ကျလာသဖြင့် နှစ်ယောက်သားအလျင်စလို ရှောင်ထွက်လိုက်ရ၏။

“ ဝုန်း ... ။ ”

ယင်းသည် အရှိန်ပြင်းသော မြစ်တစ်စင်းကဲ့သို့ မြေပြင်ကို ပျက်စီးသွား စေသည်။

“ အမှိုက်တွေ ... ။ ”

မင်ဝမ်မှ ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်ပျက်သွား၏။ ပြိုင်ဘက်အင်အားစုထံတွင် ရှန်ရှင်းနယ်ပယ် ကျင့်ကြံသူ (၆)ဦးရှိသည်။

ထိုသူများသည် စစ်မြေပြင်ကို သွေးလွှမ်းအောင် သတ်ဖြတ်၏။ ယင်းကြောင့် ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူငါးယောက်ဖြင့် ဟန့်တားရန် အမိန့်ပေးခဲ့သည်။

ဆိုလိုသည်မှာ လူအရေအတွက်ရ ပြိုင်ဘက်ထက် လျော့နည်းသော်လည်း ဤမျှ ညံ့ဖျင်းမနေသင့်ချေ။

ယခုမူ စစ်သူကြီးနှစ်ယောက်သည် ပြိုင်ဘက်တစ်ဦးကိုပင် ဖြတ်ကျော်နိုင်ခြင်း မရှိ ဖြစ်နေတော့သည်။

တိုက်ပွဲတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေသည်။ အခြားသော နည်းလမ်းများ ရှိမည်ပုံ မရချေ။ ကူမိသားစု နောက်ခံသည် သူတို့ထင်ထား သည်ထက် ပိုခိုင်မာနေပုံရ၏။

လက်ရှိတွင်ပင် ရှန်းရှင်းနယ်ပယ် ကျင့်ကြံသူ(၆)ဦးအထိ ပေးပို့ထား၏။ နတ်နဂါး မြို့‌‌တော်၌ မည်မျှရှိမည်ကို မတွက်ဆနိုင်ချေ။

အနိမ့်ဆုံး ရှန်ရှင်းနယ်ပယ် (၁၀)ယောက်ကျော် ကျန်ရှိနေနိုင်မည်။ မည်မျှ ကြောက်စရာကောင်းသော အုတ်မြစ်ပေနည်း။

သို့သော် ဤသည်ပင် စဉ်းစားစရာ ဖြစ်နေသည်။ (၂)နှစ်အတွင်း ဤမျှစွာသော ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူများ မည်သို့ ပိုင်ဆိုင်လာသနည်း။

ထိုနှစ်နှစ်အတွင်း ကူမိသားစုသည် မည်သို့သော အခွင့်အရေးများ ကြုံခဲ့ရသနည်း။ မင်းသားမင်ဝမ်တစ်ယောက် ဝေဝါးလာ၏။

“ အရှင်မင်းသား ... ။ ”

အဝေးမှ ထိတ်လန့်တကြား အော်ဟစ်သံကြောင့် အတွေးများ ပြတ်တောက် သွားပြီး မျှော်ကြည့်လိုက်ချိန်၌ အနည်းငယ် တုန်လှုပ်သွား၏။

ထို့နောက်တွင် ရိပ်ခနဲ ပျောက်ကွယ် သွားတော့သည်။ ရုတ်တရက် လေပြင်းများစွာ တိုက်ပွဲမြေပြင်ပေါ် ဖြတ်တိုက်သွား၏။

“ ဝူး ... ။ ”

“ လေတွေတိုက်လာတာလား။ ”

ရှန်ရှင်းနယ်ပယ်ကျင့်ကြံသူများက တိုက်ခိုက်နေရာမှ ထိုလေပြင်းကြောင့် လွင့်စဉ် ကုန်ချေပြီ။

ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် ငြိမ်သက်သွား၏။ နှစ်ဖက်စလုံးရှိ စစ်သည်တော် များက အံ့သြတကြီး ပြန်ကြည့်သည်။

( ဘယ်သူလဲ ... ။ )

( ဘာကြောင့် ဒီလောက် ကြောက်စရာကောင်းတဲ့ လေပြင်းကို ခေါ်ဆောင်လာတာလဲ။ )

ကောင်းကင်၌ တစ်စုံတစ်ယောက် ရပ်ကာနေ၏။ ဤသည်မှာ လူအများစုအတွက် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပေပင်။

မင်ဝမ်သည် လက်ဝှေ့ရမ်းကာ ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူများကို ဆုတ်ခွာ စေပြီးနောက် ညာလက်ဆန့်တန်းလျက် ဓားတစ်လက် ဆင့်ခေါ်လိုက်သည်။

“ ဖူစုရဲ့မင်ဝမ်ချင်းကျိမင် ... သစ္စာဖောက် ကူမိသားစုတွေကို ကွပ်မျက်ဖို့ ဧကရာဇ်မင်းရဲ့ အမိန့်အရ ငါရောက်နေပြီ။ ”

စကားပြောပြီးသည်နှင့် ငွေဓားထံ စွမ်းအင်များ လောင်းထည့်လိုက်ရာ ဓားဖျားမှ အဖြူရောင် ဓားမီးတောက် ပြေးထွက်လာ၏။

“ ဖျစ် ... ဖျစ် ... ။ ”

လမ်းတစ်လျှောက် လေဟာနယ် အေးခဲသွားပြီး ထိုဓားအလင်းကို ဝိညာဉ်အသိ ဖြင့်ပင် ကြည့်ရန် မမီတော့ချေ။

တိုက်ပွဲမြေပြင်ရှိ လီချင်းစုန်နှင့် ကူမိသားစုဝင်များအားလုံး မျက်နှာများ ဖြူဖျော့ သွားလေသည်။ ဤဓားကို မည်သို့ ပယ်ဖျက်ရမည်နည်း။

ချန်ယွင်တစ်ယောက် မြို့ရိုးပေါ်တွင်ရပ်လျက် ထိုမြင်ကွင်းထံ စူးရှစွာ ကြည့်နေတော့သည်။

( အစ်ကို ... ။ )

ပြိုင်ဘက်သည် ကောင်းကင်၌ ရပ်ကာ နတ်ဘုရားကဲ့သို့ ဝင့်ကြွားနေ၏။ ထို့ကြောင့် ကူချန်ကို သတိရလာပြီး နှလုံးသားထဲမှ တမ်းတလိုက်မိသည်။

သို့သော် ထိုအသံကို တစ်စုံတစ်ယောက် ကြားသွားသကဲ့သို့ ထူးခြားသော အသံတစ်သံ ကောင်းကင်၌ ချက်ချင်းပဲ့တင်ထပ်လာ၏။

“ ဖူစုရဲ့ မင်ဝမ်ချင်းကျိမင်လား ... ဘယ်လောက်တောင် တန်ခိုးကြီးလဲ။ ”

***

All Chapters