ငါတို့သခင်ငယ်က ... စစ်ပွဲတွေကို မကြိုက်ဘူး ... ။
Vol. 8 Ch. 97
“ ဘယ်သူလဲ။ ”
မင်းသားမင်ဝမ်တစ်ယောက် ရုတ်တရက် အအေးဒဏ်ကို ခံစားလိုက်ရပြီး ထိတ်လန့်စွာ လှည့်ပတ်ကြည့်လိုက်လေသည်။
“ ရွှပ် ... ။ ”
ဓားအလင်းနှစ်လက် ကောင်းကင်မှ ကျဆင်းလာ၏။ ဓားတစ်လက်သည် မင်ဝမ်၏ ဓားအလင်းထံ ဖြစ်ပြီး ကျန်တစ်လက်သည် မင်ဝမ်ထံ ဖြစ်သည်။
“ ဟမ့် ... ။ ”
ထို့ကြောင့် တံဆိပ်များ ထုလုပ်ကာ စစ်မှန်သောစွမ်းအင်များကို ရေခဲအကာအကွယ် တစ်ခု အဖြစ် ဖန်တီးလိုက်သည်။
“ ဘရူး ... ။ ”
သို့သော် ဓားအလင်းသည် သက်ရှိတစ်ကောင်အလား ရှောင်ကွင်းလျက် ဘေးမှ ခုတ်ပိုင်းတော့၏။
“ သေစမ်း ... ။ ”
မင်ဝမ်တစ်ယောက် ထိတ်လန့်ကာ ချက်ချင်းရှောင်ထွက်လိုက်ရသည်။ သို့သော် အနည်းငယ် နောက်ကျနေသေး၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ကောင်းကင်ကြီး သွေးစွန်းသွားသကဲ့သို့ လက်တစ်ဖက်ပျံတက်လာသည်။ နာကျင်မှုကို အံကြိတ်ခံယူကာ နောက်သို့ ခြေလှမ်းတစ်ရာ ချက်ချင်းဆုတ်ခွာလိုက်၏။
မရေမတွက်နိုင်သော စစ်သည်များက ဤမြင်ကွင်းကို အံ့သြစွာဖြင့် ကြည့်နေကြသည်။ အင်မော်တယ် တစ်ပါးကဲ့သို့ ကြီးစိုးနေသူသည် လက်တစ်ဖက် ပြတ်သွားချေပြီ။
“ ဖူစုမင်ဝမ်ချင်ကျိမင် ... သစ္စာဖောက်ကူမိသားစုကို ကွပ်မျက်ဖို့ ဧကရာဇ် အမိန့်နဲ့ရောက်လာပြီ။ ”
ထိုမျှဝင့်ကြွားသည့် စကားလုံးများမှာ သူတို့၏နားထဲ ပဲ့တင်ထပ်နေစဉ် အခြားသော စကားသံ အစားထိုးကာ ထိတ်လန့်တကြား ဆုတ်ခွာပြေးသွားရသည်။
“ ဖူစုမင်ဝမ်ချင်းကျိမင် ... ဘယ်လောက်တောင် တန်ခိုးကြီးလဲ။ ”
ဤဝါကျကို မကြားမီ မင်ဝမ်သည် အမှန်တကယ်တန်ခိုးကြီးသော ကောင်းကင် အင်မော်တယ်တစ်ပါးဖြစ်၏။
ယခုမူ မင်ဝမ်သည် ဘယ်ဘက် လက်မောင်းရှိ သွေးထွက်နေသော ဒဏ်ရာကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့လိုက်ရသည်။ သွေးကြောများ ချက်ချင်းရပ်တန့်သွား၏။
( ရှက်စရာကောင်းလိုက်တာ။ )
ရန်သူကို မမြင်ရခင်မှာပင် လက်တစ်ဖက် ဆုံးရှုံးသွားရ၏။ မျက်နှာနီရဲလျက် မော့ကြည့် လိုက်လေသည်။
တိမ်ပင်လယ်အတွင်း တာအိုဝတ်လုံများ တဖျပ်ဖျပ်ခတ်လျက် လူငယ်တစ်ယောက် သူ့ထံ စိုက်ကြည့်နေသည်။ အဝေးမှပင် ဤလူငယ် ကြည့်ကောင်းသည်ကို သတိပြုနိုင်၏။
( ဒီကောင် ... အရမ်း ကြည့်ကောင်းလွန်းတယ်။ )
ဓားတစ်လက်သည် သူ့ဘေးတွင် တိတ်ဆိတ်စွာလွင့်မျောနေပြီး သန့်ရှင်းသော ရောင်ဝါများ ထုတ်ဖော်ထားသည်။
ဤကမ္ဘာသို့ ဆင်းသက်လာသော ဓားအင်မော်တယ်တစ်ပါးပေပင်။ ကူမိသားစုရှိ လူတိုင်း မြို့ရိုးပေါ်ရှိ ချန်ယွင်ထံ ပြန်ကြည့်၏။ ထိုအင်မော်တယ်နှင့် ဒုတိယသခင်ရုပ်သွင်မှာ အနည်းငယ်ဆင်တူနေချေပြီ။
ချန်ယွင်က ကောင်းကင်ပေါ်ရှိ ကူချန်ထံမော့ကြည့်ပြီး စိတ်ရှုပ်ထွေးနေ၏။ ရုတ်ချည်းထွက်လာပြီး ရန်သူကို လက်တစ်ဖက် ဖြတ်ပစ်သည်လော။ မည်မျှ ကြီးစိုးနေသနည်း။
ကူမိသားစု၏ အကြီးအကဲများသည် ကူချန်ကိုမြင်ဖူးထားသောကြောင့် အံ့သြပျော်ရွှင် ကုန်တော့သည်။
“ သခင်ငယ် ... ။ ”
အဆုံးတွင် အကြီးအကဲတစ်ဦးမှ ဦးဆောင်လျက် အလျင်အမြန်ဦးညွှတ်လိုက်၏။ ဤလူငယ်သည် ကူမိသား၏ ကျောရိုးပေပင်။ ယင်းကို သိရှိထားသော အခြားအကြီးအကဲများ သည်လည်း လိုက်ပါ ဦးညွှတ်တော့၏။
“ မင်္ဂလာပါ သခင်ငယ် ... ။ ”
ယင်းသည် အမှန်ပင် မင်္ဂလာရှိလှသော မြင်ကွင်းဖြစ်နေသဖြင့် သူတို့၏ အသံများသည် တိုက်ပွဲမြေပြင်အနှံ့ ပဲ့တင်ထပ်သွား၏။
“ မင်္ဂလာပါ သခင်ငယ်။ ”
ထို့ကြောင့် စစ်သည်တော်များမှာ အံ့အားသင့်လျက် ချက်ချင်း နှုတ်ဆက်လိုက်ရ လေသည်။
ကူချန်မှ ရန်သူ၏ လက်တစ်ဖက်ကို ချက်ချင်းဖြတ်ချလိုက်သော ဖြစ်စဉ်သည် သူတို့ နှလုံးသားအပေါ် အနိုင်ယူပြီး ဖြစ်ချေပြီ။
ဖူစုရုံးတော်၏ စစ်သည်တော်များအားလုံး ထိတ်လန့်စွာဖြင့် ခုခံကာကွယ်ရေး ဝင်္ကပါပုံစံ ဖွဲ့စည်းလိုက်ကြသည်။ သို့သော် ယင်းသည် အသုံးမဝင်ကြောင်း သူတို့သိ၏။
ကူမိသားစုတွင် သခင်ငယ်ဟူသည် တစ်ယောက်တည်းသာရှိ၏။ ဖူစုနိုင်ငံတဝှမ်း ချီလင်သားတော်အဖြစ် ကျော်ကြားသည်။
သို့သော် ထိုလူငယ်သည် မြင်ကွင်းမှ ပျောက်ကွယ်သွားသဖြင့် ကူမိသားစုသည်ပင် မေ့လုနီးပါး ဖြစ်နေပြီဖြစ်၏။
ယခုမူ ဆယ်နှစ်ကုန်လွန်ပြီးနောက် ဓားတစ်လက်နှင့်အတူ ယွမ်ဖူနယ်ပယ် တော်ဝင် မိသားစုဝင် မင်းသားမင်ဝမ်ချင်းကျိမင်လက်ကို ဖြတ်ကာ ထွက်ပေါ်လာသည်။ မည်မျှ ကြောက်စရာ ကောင်းမည်နည်း။
မင်ဝမ်ချင်းကျိမင် ကိုယ်တိုင်ပင် တုန်လှုပ်ခြောက်ခြားနေ၏။ ဒဏ်ရာမှ နာကျင်မှု ကိုပင် မေ့လျော့သွားသည်။
သူသည် ကူမိသားစုနှင့် ရင်ဆိုင်ရန် တာဝန်ပေးခံရပြီးနောက် မှတ်တမ်းများစွာကို ဖတ်ရှုခဲ့သည်။ ထို့ကြောင့် ထိုသခင်ငယ်သည် လျစ်လျူရှု၍ မရကြောင်း သိထား၏။
ဤသည်မှာ ထိုသခင်ငယ်သာဆိုသော် အသက်(၂၀)ကျော်ရုံမျှသာ ရှိပေမည်။ ထိုမျှ အသက်အရွယ်ဖြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခြင်းသည် အဓိပ္ပါယ်မရှိချေ။
အရေးကြီးသည်မှာ သူ့လက်ကို ဖြတ်သွားခြင်းဖြစ်သည်။ ဤရလာဒ်အတွက် ဖြစ်နိုင်ချေ နှစ်ချက်သာရှိနိုင်သည်။
ဆိုလိုသည်မှာ ပြိုင်ဘက်သည် ကြောက်မက်ဖွယ်ကောင်းပြီး ယွမ်ဖူနယ်ပယ် နှောင်းပိုင်းအဆင့်ဖြစ်နိုင်မည်။
သို့မဟုတ် လင်းရင်ဘုံကျောင်းသည် သာမာန်မဟုတ်သော ကျင့်ကြံခြင်းမြင့်မြတ်မြေ တစ်ခုဖြစ်နိုင်၏။
မည်သို့ပင်ဆိုစေကာမူ အသက်နှစ်ဆယ်ကျော် ယွမ်ဖူတစ်ယောက် ရှိနေခြင်းသည် သူ့ကို ချွေးပြန်စေသည်။ လက်ခံရန် ခက်ခဲလှ၏။
“ မင်း ... ငါ့ကူမိသားစုကို သုတ်သင်ဖို့ကြွေးကြော်နေတာ မဟုတ်လား။ ”
ကူချန်မှ တစ်ဖက်လူထံ ကြည့်ပြီး မေးမြန်းလေသည်။ ထိုနောက်လက်ဝှေ့ရမ်းကာ၊
“ ကူမိသားစုကူချန် ... ကျေးဇူးပြုပြီး။ ”
-ဟု ဖိတ်ခေါ်လိုက်၏။
ရှန့်နန်စစ်သူကြီးနှစ်ဦးမှ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လျက် ကူကယ်ရာမဲ့သွား တော့သည်။ တစ်ဖက်လူသည် အမှန်ပင် ကူမိသားစု၏ သခင်ငယ် ဖြစ်နေ၏။
“ သခင်ငယ် ... ဒီလူကို ရိုက် ... ။ ”
“ သခင်ငယ် ... ဒီလူကို ဖျက်ဆီး ... ။ ”
“ သခင်ငယ် ... ဒီလူကို သတ် ... ။ ”
ကူမိသားစု၏ အဖွဲ့ဝင်များသည်လည်း စိတ်လှုပ်ရှားကုန်ကြပြီး ကူချန်၏စိန်ခေါ်မှုကို အော်ဟစ်အားပေးလာကြ၏။
“ သခင်ငယ်လား ... ။ ”
လီချင်းစုန့်သာလျှင် ကူချန်ထံ မော့ကြည့်လျက် အနည်းငယ် တိတ်ဆိတ်နေ ပြီးနောက် စိတ်မသက်မသာဖြင့် ခေါင်းရမ်းလိုက်လေသည်။
“ ဘိုးဘေး မင်းအမှားလုပ်မိပြီ။ ”
လီရွှမ်အာသည် ကူမိသားစုတွင် ငယ်ရွယ်နုပျိုပြီး အလွန်သန်မာသော ဘိုးဘေး တစ်ဦးရှိသည်ဟု သတိပေးခဲ့၏။
ကြည့်ရသည်မှာ ဘိုးဘေးတစ်ယောက် သူ့မြေးထက်ပင် ငယ်လွန်းသော ဤသခင်ငယ် နှင့် တွေ့ဆုံခဲ့ပုံပေပင်။
တစ်ဖက်လူ၏ ငယ်ရွယ်ပြီး သန်မာနေခြင်းသည် ထိုမှတ်ချက်မျိုးကို ပေးမိခဲ့ပုံရချေပြီ။
တစ်ဖက်တွင် မင်ဝမ်ချင်းကျိမင်သည် စိတ်လှုပ်ရှားကာ မလှုပ်ဝံ့သေးချေ။ ကူချန်နှင့် မတိုက်ရသေးသော်လည်း သူ မယှဉ်နိုင်မှန်း ခံစားနိုင်သည်။ အသက်ပြင်းပြင်းရှူလျက်၊
“ ရှုံးနိမ့်တာကို ငါဝန်ခံတယ် ... ချက်ချင်း ရှန့်နန်လမ်းကနေ ဆုတ်ခွာပြီး ရှန့်နန်လမ်းကို ကူမိသားစုလက်အောက် ပေးလိုက်မယ်။ ”
-ဟု ညှိနှိုင်းလိုက်၏။
“ မင်းငါ့ကို ဖြေရှင်းနိုင်တဲ့အထိ စောင့်ကြည့်ဖို့ စဉ်းစားနေတာလား။ ”
ကူချန်မှ ပြန်မေးလိုက်သည်။ မင်ဝမ်ချင်းကျိမင်တစ်ယောက် မျက်နှာ ပျက်ယွင်းသွားတော့၏။
“ ငါ့ကူမိသားစုကို သုတ်သင်မယ်ဆိုတဲ့ မင်းရဲ့သတ္တိဘယ်ရောက်သွားလဲ၊ သွား ... မင်းကို ငါလိုက်ပို့ပေးမယ်။ ”
“ ဒါက ... ။ ”
ထိုစကားကြောင့် မင်ဝမ်ချင်းကျိမင်ခမျာ တစ်ကိုယ်လုံးတုန်ရင်လာလျက် အမြန်ရှင်းပြရန် ပြင်လိုက်၏။
“ ဝှစ် ... ။ ”
“ ထန် ... ထန် ... ။ ”
သို့သော် ဓားအလင်းတစ်လက် ကျဆင်းလာသဖြင့် ငွေဓားထံသို့ စစ်မှန်သော စွမ်းအင်များ လောင်းထည့်ကာ ချက်ချင်း ပယ်ဖျက်လိုက်ရလေသည်။
နှင်းကဲ့သို့ ဖြူဖွေးနေသော ဓားအလင်းတစ်လက် ပြေးထွက်သွားပြီး ကူချန်၏ဓားကို ဟန့်တားသွား၏။ ထို့ကြောင့် အနည်းငယ် ရွှင်မြူးလာကာ၊
“ မင်းကြိုးစားကြည့်လို့ရတယ် နောက်ဆုံးတော့ မင်းနဲ့ငါက ယွမ်ဖူနယ်ပယ် ... ။ ”
-ဟု စကားပြောရန် ကြိုးစားနေစဉ် စကားရပ်ပြီး ချက်ချင်း ရှောင်တိမ်းလိုက်ရသည်။
သို့သော် ထိုအရပ်တွင် လေဟာနယ်အက်ကွဲသွားကာ ထက်ရှသော ရောင်ဝါများ ရုတ်ချည်းပေါ်လာသဖြင့် မျက်ဝန်းများ ပြူးကျယ်လာ၏။
“ မလုပ်နဲ့ ... ။ ”
မျက်ဝန်းထဲ အလင်းရောင်သည် တဖြည်းဖြည်း တောက်ပလာ၏။ ရှောင်တိမ်းရန် လုံးဝ အချိန်မရှိတော့ချေ။ ကမ္ဘာကြီးသည် ရက်စက် လွန်း၏။
တံခါးပိတ်ကျင့်ကြံပြီး ထွက်လာစဉ် ဤသို့သော ကပ်ဘေး ကျရောက်လာသည်မှာ အကြင်နာတရား ကင်းမဲ့လွန်းချေပြီ။
ဓားများသည် တွန့်ဆုတ်ခြင်း အလျင်းကင်း၏။ ခန္ဓာကိုယ်အနှံ့ အလင်းပေါက် သုံးပေါက်ဖြစ်ပေါ်လာကာ မြေပြင်ပေါ် သုံးပိုင်း ပြတ်ကျသွားသည်။
“ ငါမင်းကို အခွင့်အရေး ပေးခဲ့တယ် ဒါပေမယ့် မင်းအရမ်း နုံအလွန်းတယ်။ ”
ကူချန်မှ အလောင်းထံ ငုံ့ကြည့်ပြီး မှတ်ချက်ပေးကာ ရန်သူအခြေစိုက်စခန်းထံ မျှော်ကြည့်လျက်၊
“ ငါ ... စစ်ပွဲတွေကို မကြိုက်ဘူး ... လက်နက်ချတဲ့လူတိုင်းကို အခွင့်အရေးပေးမယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ငါတို့သခင်ငယ်က ... စစ်ပွဲတွေကို မကြိုက်ဘူး ... လက်နက်ချတဲ့လူတိုင်းအတွက် အသက်ရှင်နိုင်မယ်။ ”
“ ငါတို့သခင်ငယ်က ... စစ်ပွဲတွေကို မကြိုက်ဘူး ... လက်နက်ချတဲ့လူတိုင်းအတွက် အသက်ရှင်နိုင်မယ်။ ”
“ ငါတို့သခင်ငယ်က ... စစ်ပွဲတွေကို မကြိုက်ဘူး ... လက်နက်ချတဲ့လူတိုင်းအတွက် အသက်ရှင်နိုင်မယ်။ ”
ကူချန်စကားကြောင့် ကူမိသားစုမှ စစ်သည်တော်များသည် လှံများကိုမြှောက်ပြီး တပြိုင်နက်တည်း အော်ဟစ်ကုန်၏။
“ ကလန် ... ။ ”
“ ချွင် ... ကလန် ... ။ ”
“ ချွင် ... ။ ”
ချက်ချင်း တိုက်ပွဲမြေပြင်အနှံ့ လက်နက်ချသံများ ဆူညံကုန်တော့၏။ ထိုမြင်ကွင်းက ကူမိသားစုစစ်သည်များအပေါ် စိတ်အားတက်ကြွ လာစေခဲ့သည်။
“ ငါတို့သခင်ငယ်က ... စစ်ပွဲတွေကို မကြိုက်ဘူး ... လက်နက်ချတဲ့လူတိုင်းအတွက် အသက်ရှင်နိုင်မယ်။ ”
“ ငါတို့သခင်ငယ်က ... စစ်ပွဲတွေကို မကြိုက်ဘူး ... ။ ”
“ ငါတို့သခင်ငယ်က ... ။ ”
***