← Chapters

အဆုံးသတ် ... ။

Vol. 8 Ch. 98

အဆုံးသတ် ... ။

Vol. 8 Ch. 98

စစ်သူကြီးတစ်ယောက်က သက်ပြင်းချလိုက်သည်။ အချိန်အတော်ကြာ ပြင်ဆင်ထားပြီးနောက် အဆုံးတွင် ဦးခေါင်း ပြန်မော့နိုင်မည်ဟု ထင်ခဲ့၏။

အပိုင်းပိုင်းဖြစ်သွားသော မင်ဝမ်ထံ ကြည့်ကာ ဦးရေပြားများ ထုံကျင်သွားသည်ကို မမေ့နိုင်သေးချေ။

တော်ဝင်မိသားစုသည် ယနေ့ ဆုံးရှုံးမှုအတွက် လက်စားချေ လာပေလိမ့်မည်။ သို့သော် လက်ရှိအချိန်၌ သူတို့လုပ်နိုင်သည်မှာ လက်နက်ချရန်သာ ဖြစ်၏။ မဟုတ်သော် သေရပေလိမ့်မည်။

ဤကာလအတွင်း ဖူစုနိုင်ငံအပေါ် သစ္စာစောင့်သိခဲ့သော်လည်း အကျင့်ပျက်ခြစားမှု အပေါ် စိတ်ကုန်နေသည်မှာ ကြာချေပြီ။

ဆိုလိုသည်မှာ သစ္စာရှိသော်မှ အသက်ပေး၍မဟုတ်ချေ။ ထို့ပြင် ကူမိသားစုနှင့် နွေဦးဓားနန်းတော်တို့ ပူးပေါင်းထားသော အင်အားစုကို ရင်ဆိုင်နေရသည်မှာ ပင်ပန်းလွန်းပြီဖြစ်သည်။

မင်ဝမ်ချင်းကျိမင် မရောက်ရှိလာသော် နောက်ထပ် ရက်အနည်းငယ်ကုန်လွန်ပြီးနောက် သူတို့လက်နက်ချရန် ဆုံးဖြတ်ပြီးဖြစ်၏။

ကူချန်က လက်နက်ကျလာသော လူတိုင်းအပေါ် ဝိညာဉ်အသိဖြင့် စစ်ဆေးပြီး မြို့ရိုးထံ ဆင်းသက်လိုက်သည်။

နောက်ဆက်တွဲ မြောက်များစွာသော အကြောင်းအရာများကို မိသားစုအကြီးအကဲများ ဆက်၍ဆောင်ရွက်ပေမည်။

“ အစ်ကို ... ။ ”

ချန်ယွင်က နှုတ်ဆက်သည်။ ကူချန်မှ သူ့ညီတွင် အဆင်ပြေနေကြောင်း မြင်ပြီးနောက် ခေါင်းညိတ်ကာ၊

“ မင်းဘာမှ မဖြစ်တာ ကံကောင်းတယ်၊ ငါနည်းနည်းနောက်ကျသွားတယ်။ ”

-ဟု ပြောက်ကြားလိုက်သည်။

“ မဟုတ်ဘူး၊ ငါကိုယ်တိုင် အားနည်းလွန်းတယ်။ ”

ချန်ယွင်က ခေါင်းယမ်းကာ အသက်ပြင်းပြင်းရှူပြီး ပြောကြားလာသည်။ ဤတိုက်ပွဲတွင် သူသည် ရှန်ရှင်းနယ်ပယ်နှင့် ယွမ်ဖူနယ်ပယ်ကြား ကွာဟချက်အပေါ် အပြည့်အဝနားလည်လာပြီဖြစ်၏။

သူသည်သာ သန်မာသော် ကူချန်ကို လိုအပ်နေမည်မဟုတ်ချေ။ ကူချန်မှ ပြုံး၏။

“ မင်း ... ငယ်သေးတယ် အနာဂတ်မှာ သေချာပေါက်ဖြစ်နိုင်တဲ့ အလာအလားရှိတယ်။ ”

ထိုစကားကြောင့် ချန်ယွင်မှ သက်သာရာရသွား၏။ အဘယ်ကြောင့်ဆိုသော် အားနည်းချက်သည် အပြစ်မဟုတ်သည်ကို နားလည်လာသောကြောင့် ဖြစ်သည်။

“ သခင်ငယ် ... ။ ”

ထိုစဉ် ကူမိသားစုမှ ဧည့်အကြီးအကဲနှင့် စစ်သူ​ကြီးများ လှမ်းတက်လာပြီး တလေးတစား နှုတ်ဆက်လေသည်။

သူတို့သည် ကူဖုန်းမွေးနေ့ပွဲ၌ အဆိပ်ခတ်ခြင်းခံရသည့် ဖြစ်စဉ်အပေါ် မေ့နိုင်ခြင်း မရှိသေးချေ။

ထိုစဉ်တည်းကပင် သခင်ငယ်သည် ရှန်ရှင်းနယ်ပယ်ကျွမ်းကျင်သူထက် သာလွန်မှန်း သတိပြုမိခဲ့၏။ ယခု ထိုမှန်းဆချက်ကို အတည်ပြုနိုင်ချေပြီ။

နွေဦးဓားနန်းတော်သခင် လီချင်းစုန်က ထိုမြင်ကွင်းထံ လူအုပ်ကြားမှ တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏။

ဤလူငယ်သည် ငယ်ရွယ်လွန်းသည်။ သို့သော် စမ်းရေကဲ့သို့တည်ငြိမ်ကာ အောင်မြင်မှု အပေါ် ဂုဏ်ယူဝံ့ကြွားခြင်း မရှိချေ။

“ ကောင်းပြီ ... ။ ”

ကူချန်မှ လူမများ၏ ချီးကျူးမှုကို ရပ်တန့်စေရန် အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။

“ ချန်ယွင်က ... ဒီမှာနောက်ဆက်တွဲ ကိစ္စတွေကို တာဝန်ယူလိမ့်မယ် နောက်ပြီး ဒီမှာ ဖြစ်ခဲ့သမျှကို ပြန့်နှံ့ခြင်းမရှိအောင် လုပ်ပါ ... နားလည်လား ... ။ ”

မိသားစုအကြီးအကဲများခမျာ မျက်ခုံးများကုပ်လျက် တိုက်ပွဲမြေပြင်ထံ မျှော်ကြည့်ပြီး တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကြ၏။

ယနေ့တိုက်ပွဲသတင်းအပေါ် မည်သို့ ပိတ်ပင်ထားနိုင်မည်နည်း။ လူတစ်ယောက်၏ ပါးစပ်ကို ပိတ်ရန်ပင် ခက်ခဲချေပြီ။

ကူချန်မှ ထိုအရာကို သိသည်။ သို့သော် စိတ်ဝင်စားခြင်းမရှိဘဲ လင်ရင်ဘုံကျောင်း၌ အေးချမ်းစွာ ကျင့်ကြံလို၏။

မဟုတ်သော် သာမန်လူများကြား ပျံ့နှံ့ခြင်းဖြင့် နေ့ရက်တိုင်း ခက်ခဲသွားပေမည်။ ကူချန်ထွက်သွားရန် ပြင်နေသဖြင့် အကြီးအကဲ တစ်ယောက်မှ လှမ်းတက်လာကာ၊

“ သခင်ငယ် ... ရှန့်နန်စစ်သူကြီး နှစ်ယောက်နဲ့ သူတို့သုံးယောက်ကို ငါတို့တွေ ဘာဆက်လုပ်သင့်လဲ။ ”

-ဟု မေးမြန်းလာ၏။

ဤလူများသည် ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူများဖြစ်ပြီး ၎င်းတို့ကို မည်သို့ ကိုင်တွယ်ရမည်မှန်း မသိတော့ချေ။

သခင်ငယ်ရှိနေခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း ထွက်သွားပြီးနောက်တွင် အနည်းငယ် ခက်ခဲလာနိုင်၏။ ၎င်းတို့သည် ကျွမ်းကျင်သူငါးဦးဖြစ်သည်။

ထိုအချိန်တွင် ကူမိသားစု၏ အကြီးအကဲအချို့သည် မြို့ရိုးပေါ်မှဆင်းကာ လက်နက်ချလာသည့် ရှန့်နန်စစ်သူကြီးများ အဖွဲ့ကို ခေါ်ဆောင်လာခဲ့သည်။

ငါးဦးသား ကြောက်ရွံ့နေကြပြီး ကူချန်ရှေ့အရောက်တွင် ဦးညွှတ်လျက်၊

“ မင်္ဂလာပါ သခင်ငယ်။ ”

-ဟု နှုတ်ဆက်လေသည်။

ကူချန်မှ သူတို့ကို စိုက်ကြည့်လျက် စကားမပြောချေ။ လေထုသည် အနည်းငယ် တင်းကြပ်လာသည်။ အထူးသဖြင့် ကူချန်မှ စကားမပြောဘဲ စိုက်ကြည့်နေခြင်းသည် သူတို့ကို အေးခဲလာစေ၏။

“ တော်ဝင်မိသားစုမှာ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေ ရှိနေတယ်ဆိုတာ ... မင်းတို့ သိနေတာလား။ ”

အချိန်များ မည်မျှ ကုန်လွန်သွားသည်ကို မသိချေ။ ကူချန်မှ ရုတ်တရက် မေးခွန်းထုတ်မှ သာလျှင် အနည်းငယ် အသက်ဝင်လာသည်။

သို့သော် ထိုမေးခွန်းသည် အချင်းချင်း ပြန်ကြည့်မိသည်အထိ ခက်ခဲချေပြီ။ ထို့‌နောက် အကူအညီမဲ့နေသည့် အရိပ်အမြွက်ဖြင့်၊

“ သခင်ငယ် ... နန်းတော်မှာ ယွမ်ဖူနယ်ပယ်ကျင့်ကြံသူရှိမှန်း အရင်က ငါတို့ မသိခဲ့ကြဘူး ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်ဆိုတာပဲ သိထားတာပါ။ ”

-ဟု ပြန်လည် ဖြေကြားလိုက်သည်။

ပတ်ဝန်းကျင်ရှိ လူအများသည် ထိုအဖြေကိုကြားသောအခါတွင် ရုတ်တရက် နားလည်လာကြ၏။

ဤလူများ ရုံးတော်အပေါ် သစ္စာစောင့်သိ နေသည်မှာ အံ့သြစရာ မရှိချေ။ ဆိုလိုသည်မှာ တော်ဝင်မိသားစု၏အင်အားကို သူတို့ သိရှိထားချေ၏။

“ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါ့အဖေရဲ့မွေးနေ့ပွဲမှာ ဘာဖြစ်ခဲ့လဲ ... မင်းတို့နဲ့ သက်ဆိုင်လား။ ”

ထိုမေးခွန်းသည် လူတိုင်းကို စိတ်ရှုပ်သွားစေသည်။ သူတို့အတွင်းမှ တစ်ဦး၏ မျက်လုံးတွင် ထိတ်လန့်သော အရိပ်အယောင် အချို့ ဖြတ်ပြေးသွား၏။

ထိုလူမှ ကူချန် မမြင်နိုင်စေရန် ခေါင်းငုံ့လိုက်သည်။ သို့သော် ဝိညာဉ်အသိများ အားကောင်းလွန်းသော ကူချန်အတွက်မူ မလွတ်မြောက်နိုင်ချေ။

“ မင်းမှာ ရှင်းပြချင်တာ မရှိဘူးလား။ ”

ကူချန်က လက်တစ်ဖက် လေထဲဆန့်တန်းကာ ထိုလူ၏ဦးခေါင်းကို အုပ်ကိုင်ကာ မေးမြန်းလိုက်လေသည်။

ထိုလူမှ ချက်ချင်း တိုက်ခိုက်ရန် ကြိုးစားတော့၏။ သို့သော် သူ့ခန္ဓာကိုယ်သည် မလှုပ်ရှားနိုင်တော့ကြောင်း သိရှိလိုက်သည်။ ထိတ်လန့်စွာမော့ကြည့်လျက် အံကြိတ်၏။

ကူချန်မှ ထိုအမူအရာထံ ဂရုမစိုက်ဘဲ လေထဲဆန့်ထားသောလက်ကို ဖြည်းညှင်းစွာ ကုပ်လိုက်သည်။

သဏ္ဍန်မဲ့ ဖိအားတစ်ခုက ထိုလူထံပြိုဆင်းသွား၏။ အရိုးကျိုးသံများသည် ကျယ်‌လောင်စွာ ထွက်ပေါ်လာသည်။

“ ခရစ် ... ။ ”

ထို့‌နောက် စွမ်းအင်လမ်းကြောင်းနှင့် အရွတ်များအားလုံးပျက်စီးကာ မေးရိုးပွင့်လာ တော့၏။ သူ့ကိုယ်သူ လွှမ်းခြုံထားသည့် စစ်မှန်သောစွမ်းအင်များ ချက်ချင်း ပျောက်ကွယ်သွားချေပြီ။

တစ်ဆက်တည်းမှာပင် ကူချန်မှ လွှတ်ချလိုက်ရာ မြေပြင်ပေါ်သို့ သတိလစ်လဲကျ သွားတော့သည်။

“ ဒီလူရဲ့ မူလက မရိုးရှင်းဘူး ... သူ့ကိုစစ်ဆေးကြည့်ပါ။ ”

“ ဟုတ်ကဲ့ ... ။ ”

အကြီးအကဲများအားလုံး ဦးညွှတ်ကာ တုံ့ပြန်ခဲ့ကြသည်။ ကူချန်မှ လျစ်လျူရှုူလျက် ကျန်သူများထံ ကြည့်ပြီး ခဏမျှစဉ်းစား၏။

ထိုကာလသည် လူတိုင်းအတွက် တစ်ကမ္ဘာမျှ ကြာရှည်ချေပြီ။ အဆုံး၌ ကူချန်မှ လက်ဖဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်၏။

“ ဘုန်း ... ။ ”

စစ်မှန်သောစွမ်းအင်များ လွင့်လာပြီး စွမ်းအင်လမ်းကြောင်းများနှင့် သွေးကြောများထဲ စိမ့်ဝင်လာချေပြီ။

“ အား ... ။ ”

လေးယောက်သား ညည်းတွားလျက် နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာကာ မယုံကြည်နိုင်စွာ ပြန်မော့ကြည့်၏။

ကူချန်သည် ဤမျှရက်စက် ကြမ်းကြုတ်လွန်းသော လုပ်ရပ်မျိုး ပြုမူလာ လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားချေ။

ကိုယ်တွင်းအင်္ဂါများ၌ သွေးများ ယိုစီးကျလျက် မြေပြင်ပေါ် လဲကျသေဆုံးသွား တော့၏။

***

All Chapters