အရာရာကို ခွဲခြမ်းစိတ်ဖြာခြင်း။
Vol. 8 Ch. 100
“ လမ်းတဝက်မှာ အရှုံးမပေးနဲ့ … ။ ”
ထိုစကားသည် ကူဖုန်းနှလုံးသားကို ထိမှန်သွားချေပြီ။ တစ်ချိန်က အိမ်မက်အပေါ် ပြန်သတိရလာ၏။ လက်ရှိအချိန်သည် ခက်ခဲသောကာလ ဖြစ်သည်။
ဆိုလိုသည်မှာ အကျပ်အတည်းနှင့် အခွင့်အလမ်း ယှဉ်တွဲနေသည့် ကာလဖြစ်၏။ သို့သော် သူ့ကိုလက်ခံရန် ခက်ခဲနေသည့် တစ်ခုတည်းသော အရာမှာ ခွန်အားပေပင်။
သူ့ တည်ရှိမှုသည် ဤကာလအတွင်း အရေးမပါဘဲ ကူချန်ထံ၌သာ အားကိုးခဲ့ရသည်။ ယင်းသည် သူ့ကို အပြစ်ပြုသူတစ်ဦးကဲ့သို့ ခံစားရချေပြီ။
အမှန်တွင် ကူချန်သည် သူ့လမ်းကို ဤမတိုင်မီနှစ်များစွာကပင် ပြတ်သားစွာ ရွေးချယ် ထားခဲ့သည်။
ယခုမူ သူ၏ ညံ့ဖျင်းမှုကြောင့် ရပ်တန့်ကာကူညီနေရသည်။ ထိုအဖြစ်က သူ့ကို တုံ့ဆိုင်းသွားစေခြင်းဖြစ်၏။
ကူချန်တစ်ယောက် ကူဖုန်း၏ ပြောင်းလဲနေသော အမူအရာကို ကြည့်နေလိုက် လေသည်။ ဖခင်၏ စိတ်ထဲရှုပ်ထွေးမှုများကို သူကောင်းကောင်းသိသည်။
သူ့ဖခင်သည် အလွန်သစ္စာရှိသော ပုဂ္ဂိုလ်ဖြစ်သည်။ သူ့အမေ ဆုံးပါးသွားပြီးနောက် နောက်အိမ်ထောင် မပြုတော့ချေ။
သူ့ကဲ့သို့ လူတစ်ယောက်အတွက် ဇနီးမယားသုံးယောက်နှင့် ကိုယ်လုပ်တော်များ ရှိခြင်းသည် သာမန်ကိစ္စဖြစ်သည်။
သို့သော် အမျိုးသမီးတစ်ယောက် တည်းကိုသာယူပြီး ဇနီးကွယ်လွန်သွားချိန်တွင် တစ်ကိုယ်တည်းဆက်နေခဲ့သည်။
သူ့ဘဝကို သားနှစ်ယောက်ထံ ထားရှိလိုက်ချိန်တွင် ကူချန်သည် လင်းရင် ဘုံကျောင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ယင်းသည် ကူဖုန်းအတွက် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်သည်။
ထို့ကြောင့် လက်ရှိအရှုပ်အထွေးအတွင်း သားကိုဆွဲသွင်းမိသည်ဟူသော ခံစားချက်မျိုးနှင့် မလုံခြုံသလို ခံစားနေရခြင်းဖြစ်သည်။
တစ်ဖက်တွင် ကူချန်သည်လည်း သူ့ဖခင်အပေါ် စောင့်ကြည့်နေ၏။ ကူဖုန်းသည် သူ့စကားများအပေါ် နားမလည်ခဲ့သော်လည်း အတင်းအကြပ် မလုပ်ချေ။
သူ့ရွေးချယ်မှုကို လေးစားခြင်းပေပင်။ သူသည်အခြားကမ္ဘာမှ ပြန်၍မွေးဖွားလာခြင်း ဖြစ်သော်လည်း ဤကမ္ဘာတွင် ကူဖုန်းနှင့် သွေးသားတော်စပ်နေ၏။
သည့်ပြင် ကူမိသားစုသည် သူ့အပေါ် အလုံးစုံမှီခိုနေရသည့် အနေအထားသို့ ရောက်ရှိ နေသည်။ ထိုအခြေအနေ၌ ရပ်ကြည့်နေရန် မသင့်တော့ချေ။
ထာဝရအသက်လမ်းခရီးတွင် လောကီရေးရာများအားလုံးကို မေ့လျော့ထား နိုင်သော်လည်း ဖြတ်တောက်ရန် မလိုဟု ခံစားမိသည်။ ထို့ကြောင့် တုန့်ဆိုင်းနေသော ကူဖုန်းထံ ပြန်ကြည့်ကာ၊
“ ငါက ကူမိသားစုဝင် တစ်ယောက်ပါ ငါတို့လမ်းမတူပေမယ့် သွေးသားတော်စပ်မှုကို ဖြတ်တောက်လို့ မရဘူး။ ”
-ဟု ပြောကြားလိုက်သည်။
ကူဖုန်းတစ်ယောက် အံ့အားသင့်သွားသည်။ သူ့သားသည် သူ့စိတ်ထဲမှ အတွေးများကို သိမြင် ခဲ့ကြောင်း နားလည်လာ၏။
ယင်းသည် ပို၍အပြစ်ရှိသလို ခံစားရကာ အနည်းငယ်သည်လည်း စိတ်သက်သာရာရလာ စေတော့သည်။
ကူဖုန်းက လက်သီးကို တင်းတင်းဆုပ်လျက် အသက်ပြင်းပြင်းရှူကာ၊
“ မင်းမှန်တယ်၊ ငါတို့လမ်းတစ်ဝက်မှာ အရူံးမပေးသင့်ဘူး။ ”
-ဟု ရေရွတ်လိုက်သည်။
ကူချန်သည်သာ သူ့ကို ကူညီမည်ဆိုသော် ဤဘဝတွင် သူ့အိမ်မက်များပုံပေါ်မလာနိုင်စရာ အကြောင်းမရှိချေ။ သို့သော် ကူချန်ထံကြည့်ပြီး၊
“ အခု ယွမ်ဖူနယ်ပယ်ကျင့်ကြံသူကို သတ်လိုက်တာက ငါတို့အပေါ် သက်ရောက်မှု ရှိလာမှာလား။ ”
-ဟု မေးလိုက်သည်။ ထို့နောက် သတိရသွားကာ၊
“ ဖူစုနိုင်ငံတော်မှာ ခရမ်းရောင်နေမင်း ကျင့်ကြံသူရှိတယ်လို့ ... မင်းပြောခဲ့ဖူးတာကို ငါမှတ်မိတယ် ... အဲဒီလူဟာ တော်ဝင် မိသားစုထဲက ဖြစ်နိုင်သလား။ ”
သူ့ဖခင် အဆင်ပြေလာသည်ကို မြင်လိုက်ရသဖြင့် စိတ်သက်သာရာရသွားပြီ အဖြေမပေးခင် ထိုအကြောင်း ခဏလောက် စဉ်းစားခဲ့သည်။
“ ဖြစ်နိုင်ပါတယ် ... ဖူစုနိုင်ငံမှာ ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူတွေ ရှိနိုင်တယ်ဆိုရင် အဖြစ်နိုင်ဆုံးက ...
... တော်ဝင်မိသားစုပါပဲ ဒါပေမယ့် သူ့အခြေအနေက ... ဒီလောက်အထိလည်း စိုးရိမ်စရာ မရှိသေးပါဘူး။ ”
“ ဘာကိုဆိုလိုချင်တာလဲ။ ”
ကူဖုန်းက ထိုစကားအပေါ် နားမလည်နိုင်ဖြစ်သွားသည်။
“ ဖူစုနိုင်ငံက ... ဒီနှစ်ပေါင်းသုံးဆယ် အတွင်းမှာ ယို့ယွင်းလာနေပြီး သူရဲကောင်းတွေ အများကြီး ထွက်ပေါ်လာနေတယ် ...
... ဒီအခြေအနေမျိုးမှာ သူသာ ကောင်းမွန်နေရင် တည်ငြိမ်အောင်လုပ်ဖို့ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေကို လွှတ်ပြီး ဒီထက်မြန်မြန် အရေးယူသင့်တယ် ...
... ပြီးတော့ ရုံးတော်ကလည်း တော်ဝင်မိသားစုမှာ ... ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေ ရှိနေတာကို မသိခဲ့ဘူး ...
... ဒါက ဖူစုနိုင်ငံမှာ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဖို့ တားမြစ်ထားပုံရတယ် ... ကြည့်ရတာ ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူက အခုသူတို့ကို အမိန့်ပေးနိုင်ပုံပဲ။ ”
“ ဒါဆို ဘာလို့ သူက အခုချိန်မှ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေကို စေလွှတ် လာရတာလဲ။ ”
“ ဖြစ်နိုင်ချေ နှစ်ချက်ရှိတယ်၊ နံပါတ်တစ် ဖြစ်နိုင်ချေမှာ ခရမ်းရောင်နေမင်း နယ်ပယ်က ကျင့်ကြံသူဟာ စောင့်ကြည့်နေတာ ဒါမှမဟုတ် နှစ်အတော်ကြာ တံခါးပိတ် ကျင့်ကြံနေတာ ...
... ယွမ်ဖူနယ်ပယ် ကျင့်ကြံသူအတွက် အနည်းဆုံး နှစ်ပေါင်း ဆယ်ဂဏန်းဆိုတာက သာမန်ဖြစ်ရိုးဖြစ်စဉ်ပဲ ...
... နံပါတ်နှစ် ဖြစ်နိုင်ချေက ... သူ ကောင်းမွန်တဲ့အဖြေအနေမှာ ရှိမနေတော့လို့ပဲ ဒဏ်ရာကုသနေတာမျိုး ဒါမှမဟုတ် အကြောင်း တစ်ခုခုကြောင့် လှုပ်ရှားလို့ မရတော့တာမျိုး။ ”
ဤစကားကို ကြားပြီးနောက် ကူဖုန်းတစ်ယောက် နားလည်ကြောင်း ခေါင်းညိတ်ပြ၏။
“ ပထမ ဖြစ်နိုင်ချေကို ဘာကြောင့် ပယ်ချခဲ့တာလဲ။ ”
ကူချန်မှ ပြုံးသည်။
“ ကူမိသားစုက အင်အားစုအသစ်ပဲ ဒါကြောင့် တော်ဝင်မိသားစုရဲ့ အချို့အရာများကို ငါတို့မသိနိုင်ခဲ့ဘူး ဒါက အခြားအင်အားစု တွေလည်း မသိဘူးလို့ မဆိုလိုပါဘူး ... ။ ”
တော်ဝင်မိသားစု၌ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူကို ကူမိသားစုထက် အရေအတွက် များစွာ ပိုင်ဆိုင်ထား၏။ ထိုအကြောင်းကို ကူမိသားစု မသိသော်လည်း အခြားသော အင်အားစုများမှ မသိဟု မဆိုလိုချေ။
ဆိုလိုသည်မှာ တော်ဝင်မိသားစု၏ ခရမ်းရောင်နေမင်းကျင့်ကြံသူ အခြေအနေ မကောင်းကြောင်းကို သူတို့သိထားနိုင်၏။
“ ဒါပေမယ့် ... အခုအချိန်မှာ ဒီယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေက အမိန့်ကို လက်ခံပြီး စစ်မြေပြင်ကို ဆင်းလာတာက သူ ပြန်ကောင်းလာပြီလို့ ဆိုလိုနေတာလား။ ”
ကူဖုန်းတစ်ယောက် အတွေးများကို ထုတ်ဖော်ရေရွတ်လိုက်သည်။ ကူချန်မှ ပြုံး၏။
“ နောက်ထပ် လအနည်းငယ်အတွင်း ကူမိသားစုအတွက် ဘာမှဖြစ်လာမှာ မဟုတ်ဘူး စိတ်ချနေပါ ... ငါတွက်ထားပြီးသားပါ ...
... ပြီးတော့ ယွမ်ဖူနယ်ပယ်ကို သတ်တာ ငါပဲလေ သူက ဥပမာတစ်ခုခု ပေးချင်ရင် ငါ့ဆီ လာရှာလိမ့်မယ် ... ဒါပမေယ့် လအနည်းငယ် အတွင်း လာဦးမှာမဟုတ်တာ သေချာတယ်။ ”
“ နားလည်ပြီ ... ။ ”
ကူဖုန်းက တစ်စုံတစ်ရာ တွေးနေသကဲ့သို့ ငြိမ်သက်သွားချေပြီ။
ကူအိမ်တော်မှ ထွက်ခွာလာပြီးနောက် ကူချန်သည် လင်းရင်ဘုံကျောင်းသို့ တည့်တည့် ပြန်လာခဲ့သည်။ တာအိုချင်းရှက ချက်ချင်း ရောက်လာကာ၊
“ ဖြေရှင်းပြီးပြီလား ... ။ ”
-ဟု အံ့အားသင့်စွာ မေးမြန်းလာ၏။
ကူချန်မှ ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်လျက်၊
“ ဘာများ အံ့အားသင်စရာရှိနေလို့လဲ။”
-ဟု ပြန်မေးသည်။
( အရမ်း မြန်တယ် ... ငါဒီမှာ ရေနွေးအိုးတောင် မပူသေးဘူး။ )
တာအိုချင်းရှက မျက်လုံးများ ပြူးကျယ်လျက် ကူချန်ထံ ပြန်ကြည့်သည်။ ထိုအရပ်သို့သွားသော ခရီးအကွာအဝေးမဆိုနှင့် ရန်သူသည်ပင် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်၏။
“ မျှော်လင့်ထားသလိုပါပဲ ... မင်းလို ဘီလူးတစ်ကောင်ကို ယေဘူယျအသိတရားနဲ့ အကဲဖြတ်လို့ မရဘူးဆိုတာ ... ။ ”
ကူချန်မှ တုန့်ပြန်ခြင်း မပြုတော့ချေ။ ရေနွေးကြမ်းခွက်ပြန်ချလျက် ပြန်ရောက်ချိန်၌ ချင်းဖန်တစ်ယောက် မတွေ့ခဲ့ကြောင်း ရုတ်တရက် သတိရသွား၏။
မဟုတ်သော် ထိုလူငယ်သည် ပြန်ရောက်သည်နှင့် သူ့ထံမှ အတွေ့အကြုံကို အမြဲတမ်း မေးမြန်းတတ်ချေသည်။
“ ဒီကလေး ... မက်မွန်သီး သွားရောင်းနေပြန်ပြီလား။ ”
ကူချန်မှ မင်ယွဲ့ထံ လှည့်မေးလိုက်သည်။ မင်ယွဲ့တစ်ယောက် အနည်းငယ် တုန်ခါသွားပြီး ခေါင်းမော့လာကာ၊
“ စီနီယာအစ်ကို ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ... အတွေ့အကြုံရဖို့ဆိုပြီး တောင်ပေါ်ကနေ ဆင်းသွားပါတယ်။ ”
-ဟု ပြန်ဖြေ၏။
ကူချန်မှ အနည်းငယ် မျက်မှောင်ကြုတ်လျက် လက်ချောင်းများကို ရေတွက်လိုက်သည်။ အသက်ရှင်သေးသည်ကို သိရှိပြီးနောက် ခေါင်းယမ်းလိုက်ကာ၊
“ ဒီကလေး အသက်ရှင်နေသေးတယ် ... ကံကြမ္မာက သူ့ကို လွယ်လွယ် မသေနိုင်စေဘူး သူ့ကိုထားလိုက်ရအောင် ... ။ ”
***