အပိုင်း ၁၀၅
Vol. 7 Ch. 105
“မဆိုးပါဘူး” မော့ချူး မော့ယန်လက်ရာကို အရမ်းသဘောကျသွားသည်။ နောက်တော့ သူမက ခလုတ်ခုံကနေ ခုန်ပျံသားရဲဥကို ယူလိုက်ကာ မော့ယန်ကို ပေးလိုက်သည်။ "ပြီးရင် ခုန်ပျံသားရဲ ဥကိုဖောက်ပြီး ဥထဲကအရည်ကို ဇလုံတစ်ခုထဲထည့်ရမယ်"
"ချူးလေး၊ ဒါ... ဒါက မကောင်းဘူးနော်။ ဒါကိုစားပြီးရင် ဗိုက်အရမ်းနာတာ” မော့ယန်က လက်ထဲမှာ သားရဲဥကိုကိုင်ထားရင်း မတတ်နိုင်ဘဲ မျက်မှောင်အသာကြုတ်လိုက်သည်။ ခရိုင် ၉ မှာတုန်းက ချူးလေး သားရဲဥတွေကိုတွေ့တော့ ဝမ်းသာသွားသည်။ သူမက အဲ့ဒါတွေကိုရတနာတစ်ခုလို ယူပြီး ခလုတ်ခုံထဲမှာတောင် သေသေချာချာ ထားခဲ့သည်။ အဲ့ဒီအချိန်တုန်းက သူ မော့ချူးကို ပြောချင်ပေမယ့် သူမရဲ့စိတ်လှုပ်ရှားနေတဲ့ အမူအရာကို မြင်လိုက်ရတဲ့အခါ သူ ပြောမယ့်စကားကို မျိုချလိုက်ရသည်။
သူ ခရိုင် ၁၂ မှာ မစ်ရှင်လုပ်တုန်းက ရိက္ခာတွေ ကုန်သွားတော့ ဒီဟာကို စားဖို့ ကြိုးစားခဲ့ဖူးသည်။ ဒါပေမယ့် အရသာက တကယ်ကို ကြောက်စရာကောင်းသည်။ ငါးညှီနံ့ပြင်းပြင်းရှိသည်သာမက ခဏအကြာ သူတို့အားလုံး ဗိုက်ထဲမှာ ပြင်းပြင်းထန်ထန်ကို ပူလောင်နာကျင်တာ ခံစားလိုက်ရသည်။ သူတို့သာ ကုသရေးကိရိယာနဲ့ အချိန်မီမကုသပါက အချိန်အတိုင်းအတာတစ်ခုအထိ သူတို့တွေအနေနဲ့ ကြောက်စရာကောင်းအောင်ခံစားနေရမည်ပင်။
ဒီအတွက်ကြောင့် ခုန်ပျံသားရဲဥတွေက မှော်ဒေသတစ်ခုလုံးမှာ ပြန့်ကျဲနေပေမယ့်၊ အဲ့ဒါတွေကို ယူဖို့တော့ ဘယ်သူမှ အလုပ်ရှုပ်မခံပေ။ တကယ်တော့ ဒီဟာက အသုံးမဝင်သလို ဈေးမြင့်မြင့်နဲ့လည်း ရောင်းလို့မရပါချေ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? မော့ချူးက ဥတွေကို သူမရဲ့နှာခေါင်းနားအထိ ယူလာပြီး အသာလေးအနံ့ခံလိုက်သည်။ ဒါက ရှင်းရှင်းလင်းလင်းကို ဥအနံ့ပဲလေ!
“အစ်ကို၊ ညီမလေးပြောတဲ့အတိုင်းလုပ်ပါ။ နောက်မှဘာတွေဖြစ်လာမလဲဆိုတာလဲ ကြည့်ကြည့်မယ်"
“ကောင်းပြီ” မော့ယန်လည်း ခေါင်းညိတ်လိုက်သည်။ သူ့ညီမမှာ မှော်ဆန်တဲ့လက်တစ်စုံရှိတယ် ဆိုတာ သူမှတ်မိပါသေးသည်။ သူမက အမှိုက်တွေကိုတောင် ရတနာအဖြစ် ပြောင်းလဲနိုင်တယ်ဆိုတာ ဘယ်သူသိမှာလဲ။ ဒါကြောင့် မော့ယန်က လက်တစ်ဖက်စီမှာ သားရဲဥတစ်လုံးစီကိုင်ကာ ပန်းကန်လုံးဘေးမှာ အသာလေးခေါက်လိုက်သည်။ သူ့လက်ချောင်းတွေက နည်းနည်းနောက်ပြန်ဆုတ်သွားပြီး အထဲကဥထဲကအရည်က ပန်းကန်လုံးထဲလျှောကျသွားသည်။ ဥအခွံက သူ့လက်ထဲမှာ ရှိနေပြီး ပန်းကန်လုံးထဲကို လုံးဝပြုတ်ကျမသွားပါချေ။
ပန်းကန်လုံးထဲကို ဥခြောက်လုံး ခွဲထည့်ပြီးမှ မော့ယန်က ပန်းကန်လုံးကို ချူးလေးဆီ လွှဲပေးလိုက်သည်။ “လာ”
ကြည့်စရာတောင်မလိုပေ။ ငါးညှီနံ့တွေ ထွက်လာခဲ့သည်။ မော့ချူးက နှာခေါင်းကို အလျင်အမြန်အုပ်လိုက်ပြီး ငုံ့ကာ ကြည့်လိုက်သည်။ ဟက်၊ မျှော်လင့်ထားတဲ့အတိုင်းပဲ! အဝါဖျော့ဖျော့ဥအရည်ကို အနက်ရောင်ဓာတ်ငွေ့လွှာဖြင့် ဖုံးအုပ်ထားသည်။ ဒီအတိုင်းသာ တကယ်ကြီးစားလိုက်ရင် တစ်ခုခုတော့ ဖြစ်လာမှာ သေချာပေါက်ပင်။
ဒီဥတွေက စားလို့မရတာများလား? နှမြောစရာပဲ! သူမရဲ့ ခလုတ်ခုံထဲမှာ သိမ်းထားတဲ့ ဥရာပေါင်းများစွာကို တွေးမိရင်း မော့ချူးရင်ထဲမှာ မတတ်နိုင်ဘဲ တင်းကြပ်သွားရသည်။
မျက်မှောင်ကြုတ်ကာ တွေးနေရင်းနဲ့ မော့ချူးရဲ့အကြည့်တွေက ဘေးနားရှိ ရေမှော်ပင်တွေပေါ်ရုတ်တရက် ရောက်သွားသည်။ ကြက်သွန်နီ၊ ဂျင်းနဲ့ ကြက်သွန်ဖြူတွေဟာ အဆိပ်ပြေ စေတဲ့ အာနိသင်တွေရှိကြောင်း သူမသတိရလိုက်သည်။ "အစ်ကို၊ ရေမှော်ပင်အပိုင်းတွေကို ထည့်လိုက်ရင်ရော?"
မော့ယန်က ပဟေဠိဖြစ်နေပေမယ့် သူ့လက်ကိုသုံးကာ လှီးထားတဲ့ ရေမှော်ပင်အပိုင်းအချို့သားရဲဥအရည်ထဲထည့်လိုက်သေးသည်။
မော့ချူးက တူချောင်းတစ်ချောင်းကို ယူလိုက်ပြီး မွှေလိုက်သည်။ ရေမှော်ပင် အပိုင်းတွေကို သားရဲဥအရည်ထဲရောမွှေလိုက်တော့ သူ့ရဲ့ ပေါ်နေတဲ့ အနက်ရောင်ဓာတ်ငွေ့တွေဟာ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။
အခွင့်အရေးရှိသေးတယ်! မော့ချူးရဲ့ မျက်လုံးတွေ မနေနိုင်ဘဲ တောက်ပသွားသည်။
"အစ်ကို၊ နောက်တစ်လုံး ထပ်ထည့်လိုက်" မော့ယန်က မော့ချူးရဲ့ ညွှန်ကြားချက်အတိုင်းလိုက်ကာ နောက်တစ်လုံးကို ယူလာသည်။ မော့ချူးက ဥအရည်ကို မွှေလိုက်တဲ့အခါ အနက်ရောင် ဓာတ်ငွေ့တွေက လုံးဝ ပျောက်ကွယ်သွားကာ အဝါဖျော့ရောင်သားရဲဥအရည်သာကျန်ခဲ့တော့သည်။
ပျောက်သွားပြီ!
“ကောင်းပြီ” မော့ချူးက ပန်းကန်လုံးကို မော့ယန်ဆီ ပြန်ပေးလိုက်သည်။ ခုနတုန်းကလိုမျိုး ငါးညှီနံ့ပြင်းပြင်းက ပျောက်သွားသည်။ "အစ်ကို၊ ပန်းကန်လုံးထဲကို ဆားနည်းနည်းထည့်ပြီး ရေနည်းနည်းထည့်လိုက်"
“ကောင်းပြီ” မော့ယန်က ချက်ချင်း သဘောတူလိုက်သည်။ အဲ့ဒါကို သူကြားလိုက်ရတော့ အရမ်းရိုးရှင်းတယ်လို့ ခံစားလိုက်ရသည်။ တကယ်လုပ်ရတဲ့အခါကျတော့ မော့ယန်မှာ ဘာလုပ်ရမှန်းမသိတော့ပေ။ ဆားနည်းနည်းက၊ ဘယ်လောက်နည်းနည်းထည့်ရမှာလဲ? တစ်ဇွန်းဆို ရပြီလား? ရေထည့်ရင်ရော ဘယ်လောက်ထည့်ရမှာလဲ?
မော့ယန်ရဲ့ ကြက်သေသေနေတဲ့အမူအရာကိုကြည့်ရင်း မော့ချူး သူမမျက်နှာပေါ်က အပြုံးကို ထိန်းကာ အသေးစိတ် ရှင်းပြလိုက်သည်– “ဟုတ်တယ်၊ ဆားအများကြီး မလိုဘူး။ တစ်ဇွန်းရဲ့ သုံးပုံတစ်ပုံလောက်ဆိုရပြီ။ ရေကိုတော့ ပန်းကန်လုံးတစ်ဝက်လောက်ထည့်ရုံဘဲ"
တိကျတဲ့ အတိုင်းအတာတွေနဲ့ဆိုတော့ မော့ယန်ကအားတက်သွားသလိုမျိုး လှုပ်ရှားစပြုလာသည်။
“ကောင်းပြီ၊ အခု မီးညှိပြီး ဆီထည့်လိုက်တော့။ ဆီကနေအငွေ့ထွက်လာတဲ့အခါကျရင် ဥအရည်ကို ထည့်ရမယ်” မော့ချူးက မော့ယန်ကို ညွှန်ကြားပေးသည်။ သားရဲဥက ပုံစံပေါ်လာပြီးဆိုတာကို မြင်တော့ မော့ချူးက ဆက်ပြောခဲ့သည်။ “အခု ယောက်မကိုသုံးပြီး ဥကိုခွဲလိုက်တော့။ ဟုတ်တယ် အဲ့ဒီလိုမျိုး။ ကောင်းပြီ၊ ဥကို ပြန်ခပ်လိုက်တော့"
အဝါရောင်သန်းနေတဲ့ သားရဲဥကို ဘေးမှာထားလိုက်တော့ ထူးခြားတဲ့ရနံ့တွေ လွင့်ပျံလာသည်။ ဝိုင်းဝိုင်းနဲ့ မြေခွေးပျံတို့ရဲ့မျက်လုံးတွေကတော့ ကျွတ်ထွက်မတတ်ပင်။
အစားအသောက်မက်တဲ့ နှစ်ယောက်ကို လျစ်လျူရှုကာ မော့ချူးက ဆက်ပြောလိုက်သည်။ “အိုးထဲကို ဆီနည်းနည်းထည့်ပြီး လှီးထားတဲ့ ခရမ်းချဉ်သီးတွေကို မွှေကြော်လိုက်။ ဟုတ်ပြီ၊ အခု မီးပြင်းပြင်း ပြောင်းလိုက်တော့။ ခရမ်းချဉ်သီးတွေ ဆူရင် မွှေထားတဲ့ ကြက်ဥတွေကို ထည့်ရမယ်"
“နောက်ဆုံးမှာ ရေမှော်ပင်ကို ထည့်ပြီး မွှေလိုက်။ ဆားနည်းနည်းထည့်ရမယ်"
ဝိုင်းဝိုင်းနဲ့ မြေခွေးပျံလေးတို့မှာ အခု စားလို့မရသေးပေမယ့် သူတို့က ဘေးနားမှာစောင့်နေဖို့ ဆန္ဒရှိနေကြသည်။ ရံဖန်ရံခါ မော့ယန်က အချိန်မီ မတုံ့ပြန်နိုင်ဘဲ နေရာမှာဘဲ ကြောင်နေတတ်သည်။ သူ့ပုံက ကြောင်တောင်တောင်ဖြစ်နေတဲ့အခါ အသေးလေးနှစ်ကောင်က အကျယ်ကြီးရယ်ကြပြီး မော့ယန်ကို လုံးဝမျက်နှာသာမပေးပါချေ။
“ကောင်းပြီ” မော့ချူးက အသေးလေးနှစ်ကောင်ကို စိုက်ကြည့်လိုက်ပြီး "အစ်ကိုကြီးကို လှောင်ပြောင်နေရင် နောက်ကျစားဖို့ မစဉ်းစားကြနဲ့!"
ဒီစကားကိုကြားတော့၊ အထိန်းအကွပ်မဲ့နေကြတဲ့ ချစ်စရာကောင်းတဲ့ သားရဲနှစ်ကောင်မှာ ချက်ချင်းဆိုသလိုဘဲ သူတို့မျက်နှာမှာ အပြုံးတွေဆင်မြန်းလိုက်ကြသည်။ သူတို့သည် မော့ယန်ကို မျက်နှာချိုသွေးတဲ့ ပုံစံနဲ့ ကြည့်လိုက်ကြသည်။
မော့ယန်မှာ သူတို့နဲ့ မရှုပ်အားပေ။ ဒီရိုးရှင်းတဲ့ ခရမ်းချဉ်သီး ကြက်ဥကြော်က သူ့ကို ဗြောင်းဆန်သွားစေဖို့ လုံလောက်သည်။ ဟင်းမရခင် အချိန်တော်တော်ကြာသွားသည်။
အစားအသောက်မက်တဲ့ ဝိုင်းဝိုင်းနဲ့ မြေခွေးပျံလေးတို့ကတော့ ထမင်းစားပွဲမှာ စိတ်မရှည်စွာနဲ့ ထိုင်နေကြသည်။ သူတို့က စိတ်အားထက်သန်နေတဲ့ မျက်လုံးတွေနဲ့ မော့ယန်ရဲ့လက်ထဲက ပန်းကန်ကို စိုက်ကြည့်နေကြသည်။ သူတို့က တံတွေးတွေ စီးကျနေပြီး ရံဖန်ရံခါ အသံတွေတောင် ထွက်လာသည်။ သူတို့ရဲ့မျက်လုံးတွေက မျှော်လင့်စောင့်စားမှုတွေနဲ့ တောက်ပနေသည်။