← Chapters

အပိုင်း ၁၀၇

Vol. 8 Ch. 107

အပိုင်း ၁၀၇

Vol. 8 Ch. 107

နောက်တစ်နေ့ ချင်ယွဲ့ လေ့ကျင့်ရေးကွင်းကိုရောက်တဲ့အခါ သူ့မျက်နှာတစ်ခုလုံးက ‌သွေးဆုတ်ဖြူ‌ရော်နေသည်။ သူ့ခြေထောက်နှစ်ချောင်းကလည်း တဆတ်ဆတ်တုန်နေကာ အနိုင်ကျင့်ခံလိုက်ရတဲ့ ဇနီးလေးတစ်ယောက်လိုပင်။ လူတိုင်း မနေနိုင်ဘဲ သက်ပြင်းချမိကြတော့သည်။ အိုး နည်းပြရယ်၊ နည်းပြရဲ့နည်းလမ်းတွေက တကယ်ကို ရက်စက်လွန်းတာပဲ!

နျဉ်ယွိယွမ်တစ်ယောက် သူ့ရဲ့စစ်ဖိနပ်တွေနဲ့ လျှောက်ဝင်လာတဲ့အခါမှာတော့ လူတိုင်း အမှန်တရားကို နားလည်သွားကြသည်။ နည်းပြက ရက်စက်ရုံတင်မကဘူး ပုံမှန်လည်း မဟုတ်ဘူးဘဲ!

မနေ့က အပူချိန်က ၄၀ ဒီဂရီနီးပါးရှိပေမယ့် ဒီနေ့မှာတော့ နည်းပြတွေ အကုန်လုံးက ဂွမ်းအနွေးထည်တွေဝတ်ထားကြသည်။ သူတို့ဘာလုပ်ဖို့စီစဉ်နေတာပါိလိမ့်?

သို့ပေမယ့် ခပ်မြန်မြန်ပဲ လူတိုင်း နားလည်သွားကြသည်။ နျဉ်ယွိယွမ်တစ်ယောက် ရာသီဥတုပြောင်းတဲ့ကိရိယာကို အနုတ် ၅ ဒီဂရီအထိ အရူးအမူး ပြောင်းလိုက်သည်။ လေ့ကျင့်ရေးကွင်းတစ်ခုလုံး ပူပြင်းတဲ့နွေရာသီကနေ အေးစက်တဲ့ ဆောင်းရာသီကို ချက်ချင်းခုန်ဆင်းသွားတော့သည်။ အကူးအပြောင်းကာလလေးတောင် မရှိပါချေ။

လူတိုင်း ငိုမိတော့မည်ဖြစ်သည်။ သူတို့ရဲ့ အသက်ရှုတဲ့အငွေ့တွေတောင်မှ နှင်းခဲတွေအဖြစ် ပြောင်းလဲသွားလုမတတ်ပင်။ သူတို့အားလုံး အင်္ကျီလက်တိုလေးတွေဘဲ ဝတ်ထားကြတာဖြစ်သည်။ သူတို့ကိုကြိုအသိပေးပြီး အဝတ်အစားလဲခဲ့ခိုင်းလို့ မရဘူးလား?

“အဲဒီအတွက် မလိုဘူး” သူ့ကျောင်းသားတွေရဲ့ အတွေးတွေကို မြင်နေရသလိုမျိုး နျဉ်ယွိယွမ်က မျက်ခုံးပင့်လိုက်ကာ ဒီနေ့ လေ့ကျင့်ရေးအတွက်အစီအစဉ်ကို ကြေငြာလာသည်။ “ခဏနေကြရင် ငါတို့တွေ ဆောင်းရာသီ ရေကူးလေ့ကျင့်ကြမယ်။ ငါတို့ ဘာဝတ်ထားလဲဆိုတာ အရေးမကြီးဘူး"

"အခု ဟိုဘက်ကိုသွားရအောင်" နျဉ်ယွိယွမ်က ခေါင်းလှည့်ကာ တစ်ဖက်ကိုညွှန်ပြလိုက်သည်။ အဲ့ဒီနေရာမှာယာယီအ၀တ်လဲခန်းတစ်ခုရှိပြီး အရှေ့မှာ‌တော့ ရေကူးဝတ်စုံတွေကို ဝေနေတဲ့သူတွေရှိသည်။ “အားလုံးပဲ ရေကူးဝတ်စုံ လဲမယ်။ အချိန်ကန့်သတ်ချက်က ဆယ်မိနစ်။ အချိန်ကျော်သွားတဲ့သူတွေက အပြစ်ဒဏ်အနေနဲ့ ပြေးရမယ်"

အခုလိုအေးတဲ့ရာသီဥတုမှာ ရေကူးဝတ်စုံဝတ်ပြီးပြေးတာက အေးခဲပြီးမသေသွားရင်တောင် အရှက်ကွဲလိမ့်မည်ပင်။ ဒီစကားရဲ့ ဖိအားအောက်မှာ လူတိုင်းက အရမ်းမြန်သွားကြသည်။ ခဏကြာတော့ အဝတ်လဲခန်းထဲကနေ ထွက်လာကြသည်။

အဲဒီအထဲမှာ မျက်စိအဖမ်းစားဆုံးကတော့ ချောင်းဟုန်မိန် ဖြစ်သည်။ ဖန့်အဖွဲ့မှာ မိန်းကလေး အများအပြား မရှိတဲ့အတွက် ရေကူးဝတ်စုံက သူမရဲ့ခန္ဓာကိုယ်နဲ့ ချပ်ချပ်ကပ်ကပ် ရှိနေသည်။ အဲ့ဒါက သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်နေစေပြီး ယောက်ျားလေးအများစုရဲ့မျက်လုံးတွေကို တောက်ပသွားစေသည်။

ချောင်းဟုန်မိန်ရဲ့ 'မိုးပျံနေတဲ့ရင်သားတွေ' ကို ကြည့်ပြီးတော့ သူမရဲ့ သနားစရာကောင်းလှတဲ့ ဘန်းမုန့်လေးတွေကိုကြည့်လိုက်ကာ မော့ချူးမှာ မနေနိုင်ဘဲ ပုတ်လိုက်မိသည်။ အမ်းး၊ စိတ်ဓာတ်မကျနဲ့။ ငါက ငယ်သေးတယ်၊ ငါလည်း သေချာပေါက် ကြီးလာမှာ!

သူမကိုယ်သူမ နှစ်သိမ့်ပြီးသွားတော့ မော့ချူး ခေါင်းမော့လိုက်တဲ့အချိန် နျဉ်ယွိယွမ်ရဲ့စနောက်ချင်နေတဲ့အကြည့်နဲ့ဆုံသွားသည်။ သူမ မျက်နှာတစ်ခုလုံး ချက်ချင်း အေးခဲသွားတော့သည်။ ခုနတုန်းက မြင်ကွင်းကိုနျဉ်ယွိယွမ်တွေ့သွားတာလား? ငါ့ဘန်းမုန့်လေးတွေကို ပုတ်နေတာသူမြင်သွားတာလား?

မော့ချူး ရှက်နေတာကို ခံစားမိသွားတာကြောင့်ဖြစ်မည် နျဉ်ယွိယွမ်က ခပ်ဟဟရယ်ပြီး သူမကိုထောက်ထားသလို ခေါင်းကိုတစ်ဖက်လှည့်လိုက်သည်။ "ကောင်းပြီ၊ အားလုံး တန်းစီပြီး အရေအတွက်ကို သတင်းပို့"

"၁၊ ၂၊ .... ၃၀!" လူတိုင်းရှိသည်။

.....

"အရမ်းကောင်းတယ်" ခုနတုန်းက‌ မော့ချူးရဲ့ ရယ်စရာကောင်းတဲ့ အပြုအမူကြောင့်ဖြစ်မည် နျဉ်ယွိယွမ်တစ်ယောက် မနေနိုင်ဘဲပြုံးလိုက်မိသည်။ “ဒါဆို အဖွဲ့၃ဖွဲ့ ဖွဲ့မယ်၊ တစ်ဖွဲ့မှာ လူ၁၀ယောက်ရှိရမယ်။ မီတာ ၂၀၀ လမ်းကြောင်းကို အသွားအပြန် ကူးရမယ်။ အချိန်က ၄ မိနစ်အောက်လျော့ရင် အောင်မယ်။ အောင်သွားတဲ့ လူတွေက ဒီနေ့ရဲ့လေ့ကျင့်ရေးမှာ ပါစရာမလိုဘူး"

နျဉ်ယွိယွမ်က အဲ့ဒါကို ပေါ့ပေါ့ပါးပါး ပြောလိုက်တာဖြစ်သည်။

၄ မိနစ်အတွင်းမှာ မီတာ ၂၀၀ ကို အသွားအပြန်ကူးရမယ်? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

မော့ချူး မျက်လုံးပြူးသွားသည်။ ၂၁ ရာစုမှာတောင် အဲ့ဒီလို ရလဒ်မျိုးကို အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်တဲ့သူတွေက နှစ်ပေါင်းများစွာ လေ့ကျင့်ထားကြတဲ့ အိုလံပစ်အားကစားသမားတွေသာဖြစ်သည်။

"နည်းပြကိုသတင်းပို့ပါတယ်!" ချောင်းဟုန်မိန်က ရုတ်တရက် ပြောလာသည်။

“ပြောပါ” နျဉ်ယွိယွမ် သူမကို ကြည့်လိုက်သည်။ သူ့မှာ ဘာတုံ့ပြန်မှုမှ မရှိပါချေ။ သူ့ပုံက ပရောပရည်ကျတဲ့ မိန်းကလေးတစ်ယောက်ကို မြင်နေရတာမဟုတ်ဘဲ မှော်သားရဲတစ်ကောင်ကို မြင်နေရတဲ့အတိုင်းပင်။

"မိန်းကလေးတွေအတွက် လိုအပ်ချက်က ယောက်ျားလေးတွေထက် လျော့ပေါ့ပေးတာမျိုးရှိလား?" ချောင်းဟုန်မိန်က သူမ နှုတ်ခမ်းကို အသာဖိလိုက်သည်။ သူမရဲ့လေသံက တစ်နည်းတစ်ဖုံဆွဲဆောင်နေသလိုပင်။

ချောင်းဟုန်မိန်ကို သိပ်သဘောမကျပေမယ့် သူမရဲ့စကားကိုတော့ မော့ချူးသဘောတူမိသည်။ နောက်တစ်ခုက အမျိုးသားနဲ့ အမျိုးသမီးကြားမှာ ကိုယ်လုံးကိုယ်ပေါက် ကွာခြားမှုလည်း ရှိသည်။ ဒီကဏ္ဍမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ်တန်းတူလုပ်နိုင်မှာလဲ?

"ဟက်!” နျဉ်ယွိယွမ်က ခေါင်းငုံ့ကာခပ်တိုးတိုး ရယ်လိုက်သည်။ သူ့စကားတွေထဲမှာ ထေ့ငေါ့မှုတွေအပြည့်ပင်။ "မင်းတို့ရဲ့လိုအပ်ချက်တွေကို လျော့ပေါ့ပေးရမယ်? မင်း ငါ့ကို ဒီလိုမျိုးလာမပြောသင့်ဘူး။ ပင်လယ်ထဲက မှော်သားရဲတွေကို သွားပြောသင့်တာ! မင်းကမိန်းကလေးဆိုတော့ သူတို့တွေက မင်းကိုသေအောင်မကိုက်ဘဲ လွှတ်ပေးကြမလားဆိုတာ ကြည့်ကြတာပေါ့!"

“ငါတို့‌တွေဆောင်းရာသီမှာရေကူးဖို့ ဘာလို့ လေ့ကျင့်ကြတာလဲ? ဒါက အရမ်းခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ မင်းတို့တွေ အသက်ရှင်နိုင်ဖို့ အခွင့်အရေးပေးတာဘဲ။ ဒါတောင် မင်းတို့တွေက ငါ့ကိုဈေးလာဆစ်ရဲသေးတယ်။ ဒါကို စတားနက်ဆိုင်ရဲ့စင်တာလို့ထင်နေတာလား?"

နျဉ်ယွိယွမ်ရဲ့ ကြမ်းတမ်းတဲ့ စကားလုံးတွေနောက်မှာ လူတိုင်း ပါးစပ်ပိတ်သွားကြပြီး ပိုသတိထားလာကြသည်။ စီနီယာကျောင်းသားတွေတောင် သူတို့ရဲ့သဘောထားတွေကို ဖြောင့်ဖြောင့်ထားကြပြီး မဖြေလျော့ရဲကြပါချေ။

"ကောင်းပြီ၊ ပထမအဖွဲ့၊ အဆင်သင့်ပြင်ထားကြ!" နျဉ်ယွိယွမ်ရဲ့ အမိန့်ကို လိုက်နာပြီး ပထမအဖွဲ့ကကျောင်းသားတွေက ရေကူးလမ်းကြောင်းရှေ့မှာ ရပ်ပြီးသတိရှိရှိနဲ့စောင့်နေကြသည်။

"စတော့!" နျဉ်ယွိယွမ်က timer ကို နှိပ်လိုက်သည်။

ဗွမ်း! ဗွမ်း!

အားလုံး ရေကူးကန်ထဲ ခုန်ဆင်းသွားကြတော့ ရေ‌တွေနည်းနည်းပါးပါးစင်ထွက်လာသည်။ သွေးပူလေ့ကျင့်ခန်းတွေ လုပ်ပြီးသွားပြီဖြစ်ပေမယ့် ရေခဲရေနဲ့ ထိတွေ့မိတာနဲ့ မတတ်နိုင်ဘဲ အရိုးထဲထိစိမ့်သွားမိကြသည်။ အများစုမှာ လန့်သွားကြပြီး ပြန်မချိန်ညှိနိုင်ကြသေးပေ။

သို့ပေမယ့် သန်မာပြီး အလိုက်သင့်ပြောင်းလဲနိုင်တဲ့သူတွေလည်း ရှိသည်။ မီတာဒါဇင်ပေါင်းများစွာ ရေကူးပြီးတဲ့နောက် အသားကျလာကာ သူတို့ရဲ့အရှိန်တွေကို ချက်ချင်းမြှင့်လိုက်ကြသည်။ တုံ့ပြန်မှုနှေးတဲ့သူတွေလည်း ရှိသည်။ အတော်ကြာ ရေကူးပြီးမှပဲ သူတို့အခြေကျသွားကြသည်။

ခလုတ်ခုံပေါ်က timer ကိုကြည့်ရင်း နျဉ်ယွိယွမ်ရဲ့ အေးစက်တဲ့အသံက ထွက်လာခဲ့သည်။ “ပထမအဖွဲ့ အကုန်လုံးကျတယ်။ တစ်ယောက်မှမအောင်ဘူး"

"ကဲ၊ ဒုတိယအဖွဲ့ ထွက်မယ်"

မော့ချူး နည်းနည်း အသက်ပြင်းပြင်းရှူလိုက်ကာ ရှေ့ကိုမလှမ်းခင် သူမရဲ့ပြင်းထန်နေတဲ့ နှလုံးခုန်နှုန်းကို တည်ငြိမ်အောင် ခက်ခက်ခဲခဲ ကြိုးစားလိုက်သည်။ ဖြစ်ချင်တော့ သူမက ဒုတိယအဖွဲ့မှာ ရှိနေတာဖြစ်သည်။

All Chapters