← Chapters

အပိုင်း ၁၀၉

Vol. 8 Ch. 109

အပိုင်း ၁၀၉

Vol. 8 Ch. 109

နျဉ်ယွိယွမ် အမိန့်ပေးပြီးသွားတော့ မော့ယန်နဲ့ ချင်ယွဲ့တို့လည်း ရွေးချယ်စရာလမ်းမရှိတော့ဘဲ ဂွမ်းအနွေးထည်တွေကိုချွတ်ကာ ရေကူးလမ်းကြောင်းရှေ့တည့်တည့်ကိုလျှောက်သွားလိုက်သည်။

သူတို့မခုန်ချခင်မှာ အာမေဋိတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာပြီး လေ့ကျင့်ရေးရဲ့ ပုံမှန်အခြေအနေကို ဖျက်စီးလိုက်သည်။

"နည်းပြ၊ တာတစ်ခုခု ဖြစ်သွားပြီ!"

"ချောင်းဟုန်မိန် မူးသွားတဲ့ပုံပဲ!"

ဒါကိုကြားတော့ နျဉ်ယွိယွမ် မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ အရင်ဆုံး ချောင်းဟုန်မိန်ဘက်ကို သူ မပြေးသွားခင် သူတို့ကိုခဏရပ်ထားဖို့အမူအရာပြလိုက်သည်။

အဲ့ဒီအချိန်တွင် ချောင်ဟုန်မိန်က အခြားကျောင်းသူတစ်ယောက်ပေါ်မှာ ကိုယ်တစ်ပိုင်း လဲနေသည်။ သူမရဲ့မျက်နှာလေးကဖြူဖျော့နေပြီး မျက်လုံးတွေကိုအသာမှိတ်ထားသည်။ သူမရဲ့ရှည်လျားဖြောင့်စင်းနေတဲ့ခြေထောက်နှစ်ချောင်းက နည်းနည်းခွေကျနေပြီး သူမရဲ့ယခင်က ညုတုတုအသွင်အပြင်နှင့် ယှဉ်ပါက နည်းနည်းနူးညံ့ကာ သနားစရာကောင်းပုံပေါ်နေသည်။

"မင်း ဘာဖြစ်တာလဲ?" နျဉ်ယွိယွမ်ရဲ့လေသံက ရေခဲသဖွယ် အေးစက်နေဆဲပင်။

"ကျွန်မ တစ်ကိုယ်လုံး အရမ်းအေးနေတယ်" ချောင်းဟုန်မိန်က နှုတ်ခမ်းတွေပါ တုန်ရီးနေပြီး စကားမထစ်အောင်မနည်းကြိုးစားနေရသည်။ ဒါကိုမြင်တော့ သူမဘေးနားက ယောက်ျားသားတွေ အားလုံးရဲ့ရင်ထဲ နာကျင်သွားကြ‌တော့သည်။ အခုချက်ချင်း သူမကိုဖက်ထားတဲ့ ကောင်မလေးအစား သူတို့ပဲ ကောင်းကောင်းကြီးနှစ်သိမ့်ပေးချင်သွားကြသည်။

“အိုး" နျဉ်ယွိယွမ်က ခေါင်းအသာညိတ်ပြလိုက်ပြီး သူ့မျက်လုံးတွေကတော့ မတုန်မလှုပ်ပင်။ “ဒါက မင်းခန္ဓာကိုယ်အတွက် အရမ်းအေးသွားတာကြောင့်ဖြစ်မယ်၊ တောင့်ခံနိုင်သေးလား?"

ဒါကိုကြားတော့ သူမ ဘေးနားရှိ ယောက်ျားသားတွေက နျဉ်ယွိယွမ်ကို စူးရှစွာနဲ့ကြည့်လိုက်ကြသည်။ ချောင်းဟုန်မိန်အပေါ်ထားတဲ့ သူတို့ရဲ့အချစ်တွေက နည်းပြဆရာအပေါ်ထားတဲ့ သူတို့ရဲ့အကြောက်တရားတွေကို လုံးဝကျော်ဖြတ်နိုင်လိုက်သည်။ ဟ! ငါ့နတ်သမီးလေး မူးနေတာကို မမြင်ဘူးလား? သူ့ကို တောင့်ခံနိုင်သေးလားလို့ မေးလိုက်? ဒီလောက်ထိ သွေးအေး ရက်စက်ပြီး နှလုံးသားမရှိတဲ့သူ ဖြစ်ရဲသေးတယ်လား!

“နည်းပြ၊ နည်းပြ ကျွန်မကို ဆေးပေးခန်း ပို့ပေးလို့ရမလား?” ချောင်းဟုန်မိန်က မျက်လုံးကို အသာဖွင့်လိုက်သည်။ သူမရဲ့ စွဲမက်ဖွယ်ကောင်းတဲ့အကြည့်တွေက နူးညံ့မှုတချို့ရောထွေးနေကာ ပိုလို့တောင်ငြင်းရက်စရာမရှိပေ။

“နည်းပြက၊ ကျောင်းသားတွေကို လေ့ကျင့်ပေးရဦးမှာ။ ကျွန်တော်ပဲ ချောင်းဟုန်မိန်ကို လိုက်ပို့ပေးပါရစေ!" ကျောင်းသားတစ်ယောက်က တင်းတင်းမာမာပြောလာပေမယ့် သူ့ရင်ထဲမှာတော့ စိတ်လှုပ်ရှားနေမိသည်။ အိုး ဟုတ်ပြီကွ! အခုတော့ သူ့နတ်ဘုရားမနဲ့ နီးစပ်နိုင်ပြီ!

"မဟုတ်ဘူး ငါသွားမယ်"

"ဒီလိုကိစ္စမျိုးနဲ့ မင်းတို့နှစ်ယောက်ကို ဘယ်လိုလုပ်ဒုက္ခပေးရမှာလဲ? ငါပဲ သွားလိုက်မယ်!”

ခဏလောက်တော့ လူအုပ်ကြီးက ပြင်းပြင်းထန်ထန် ငြင်းခုံနေကြကာ သူတို့မျက်နှာတွေလည်း နီရဲလာကြသည်။

"မလိုဘူး မင်းတို့ဘယ်သူမှ သွားစရာ မလိုဘူး!" နျဉ်ယွိယွမ်က အားလုံးရဲ့အသံတွေကိုဖိနှိမ်လိုက်သည်။

ချောင်းဟုန်မိန်က ခေါင်းငုံ့လိုက်ပြီး နည်းနည်းကွေးတက်သွားတဲ့ သူမရဲ့နှုတ်ခမ်းတွေကို ကွယ်လိုက်သည်။ ဒီတော့... နည်းပြက ဒီလိုပုံစံမျိုးသဘောကျတာပေါ့လေ!

"ကျန်းချင် ဒီကိုလာခဲ့" မမျှော်လင့်ထားစွာနဲ့ နျဉ်ယွိယွမ်က သူ့ဘေးက လက်ထောက်နည်းပြကို ခေါ်ပြီး ချောင်းဟုန်မိန်ကို လက်ညှိုးထိုးပြလိုက်သည်။ "သူ့ကို ဆေးပေးခန်းလိုက်ပို့ပေးလိုက်!"

ချောင်းဟုန်မိန်ရဲ့ မျက်နှာပေါ်က အပြုံးက ချက်ချင်း အေးခဲသွားတော့သည်။

“ဟုတ်ကဲ့!” ကျန်းချင်က ပြန်ဖြေလိုက်ပြီး အပြေးရောက်လာသည်။ သူ လူတိုင်းအနား ကပ်လာတဲ့အခါ သူက အရမ်းအရပ်ရှည်ပြီး တောင့်တင်းလှသည်။ သူ့မျက်လုံးတွေက ကြေးခေါင်းလောင်းနဲ့တူကာ ကြောက်စရာကောင်းတဲ့အရောင်အဝါရှိနေသည်။

မြေပြင်ပေါ်မှာ လဲနေတဲ့ကောင်မလေးကို ကြည့်လိုက်ပြီး ကျန်းချင်က သိချင်စိတ်နဲ့မေးလိုက်သည် “သူမ ဘာဖြစ်သွားတာလဲ?"

“တစ်လှည့်ပြီးသွားတာနဲ့ မခံနိုင်တော့လို့” နျဉ်ယွိယွမ်ကအတိုချုံးရှင်းပြလိုက်သည်။

"အရမ်းအားနည်းတယ်လား!?" ကျန်းချင်ရဲ့ အသံက အမြဲတမ်း ကျယ်လောင်နေတတ်တာကြောင့် အခုလည်းလေ့ကျင့်ရေးကွင်း တစ်ခုလုံးကိုကျယ်ကျယ်လောင်လောင်နဲ့ဟိန်းထွက်သွားသည်။ “ဒီလို အရည်အချင်းမျိုးနဲ့ အဖွဲ့ချုပ် စစ်တက္ကသိုလ်ကို ဘယ်လိုလုပ်ဝင်လာတာလဲ? သူမ လိမ်ထားတာများလား?"

“လုံလောက်ပြီ” နျဉ်ယွိယွမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ချောင်းဟုန်မိန်အပေါ် ရှုတ်ချချင်တဲ့သူ့လေသံကို လုံးဝမဖုံးကွယ်ထားပါချေ။ "မြန်မြန် သူ့ကိုဆေးပေးခန်းပို့ပေးလိုက်။ သူမ ပြန်လာရင် ငါတို့ လေ့ကျင့်တာဆက်လုပ်မယ်”

“ဟုတ်ကဲ့!” ကျန်းချင်က ကျယ်ကျယ်လောင်လောင် ပြန်ဖြေလိုက်သည်။ သူက လိင်အမျိုးအစားတွေပေါ် မျှမျှတတပဲထားကာ နည်းနည်းလေးမှ စာနာစိတ်မရှိပါချေ။ သူ့ရဲ့လက်ဖဝါးကြီးနဲ့ ချောင်းဟုန်မိန်ကို သေဆုံးနေတဲ့မှော်သားရဲလိုမျိုး မချီလိုက်သည်။ နောက်တော့ သူ့ပုခုံးပေါ် အတင်းဆွဲတင်လိုက်သည်။ နူးညံ့တဲ့အသားအရည်ရှိတဲ့ ချောင်းဟုန်မိန်မှာ ကြွက်သားတွေနဲ့ပြည့်နေတဲ့ ကျန်းချင်နဲ့ မယှဉ်နိုင်ပါချေ။ သူ့ကိုယ်ပေါ်ရောက်တဲ့အခါ ဘုတ်ခနဲမြည်သံထွက်လာခဲ့သည်။

ဒီအသံကိုကြားတော့ လူတိုင်း မထိန်းနိုင်ဘဲကုပ်သွားကြသည်။ အာ့! အဲ့ဒါကဘယ်လောက်တောင် နာမလဲမသိဘူး?!

တခြားသူတွေ သူ့ကို ထူးထူးဆန်းဆန်းကြည့်နေကြတာကို ကျန်းချင်ကတော့ သတိမထားမိပေ။ သူ့မျက်နှာက တည်ငြိမ်နေပြီး သူ့ပုခုံးပေါ် မှာအိတ်ထမ်းထားရသလိုမျိုး ရှေ့ကိုလှမ်းသွားခဲ့သည်။

အီနားရှားဂုဏ်သတ္တိကြောင့် ချောင်းဟုန်မိန်ရဲ့ခေါင်းက ‌ကျန်းချင်ရဲ့ကျောကို ရံဖန်ရံခါ တိုက်တိုက်မိနေသည်။ သို့ပေမယ့် ဒီကြမ်းတမ်းတဲ့လူကတော့ အဲ့ဒါကို လုံးဝမခံစားရပါပေ။ သူ့ခြေဖဝါးအောက်က လေတွေမှာ သူရှေ့ကိုဆက်သွားတိုင်း ဝေ့ဝဲတိုက်ခတ်နေသည်။ ချောင်းဟုန်မိန်အတွက်တော့ သနားစရာပင်။ အခုဆို သူမနဖူးကရောင်နေတော့မယ်ထင်တယ်!

"မင်းတို့တွေ သတိပြန်ဝင်လာကြပြီလား?" နျဉ်ယွိယွမ်ရဲ့အေးအေးစက်စက်အသံက ရုတ်တရက် သူတို့နားထဲဝင်လာသည်။ “ကြည့်ရတာ မင်းတို့တွေ တော်တော်တက်ကြွနေတဲ့ပုံပဲ၊ မဆိုးပါဘူး”

နည်းပြရဲ့ ချီးမွမ်းစကားတွေကို ကြားလိုက်ရတော့ အကြောင်းကြောင်းကြောင့် သူတို့ကျောရိုးထဲ ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။ ဒီအခြေအနေက မုန်တိုင်းမတိုက်ခင် ငြိမ်သက်နေတဲ့ပုံနဲ့အရမ်းဆင်သည်။

မျှော်လင့်ထားတဲ့အတိုင်း နျဉ်ယွိယွမ်ရဲ့ နောက်ထပ်ပြောလာတဲ့စကားတွေက သူတို့ရဲ့အတွေးတွေမှန်ကန်ကြောင်း သက်သေပြလာသည်။

"ချောင်းဟုန်မိန်ကို ဆေးပေးခန်းပို့ပေးဖို့ တိုက်ပွဲဝင်နေတဲ့သူတွေ၊ ရှေ့ကိုထွက်လာခဲ့ကြ!"

နျဉ်ယွိယွမ်ရဲ့ မှတ်ဉာဏ်က အရမ်းအံ့အားသင့်ဖို့ကောင်းသည်။ နျဉ်ယွိယွမ်တစ်ယောက် မော့ချူးနဲ့အနီးကပ်တိုက်ပွဲတုန်းက သူတို့ရဲ့တိုက်ပွဲရလဒ်တွေကို ဘယ်လိုမှတ်ထားပြီး လမ်းညွှန်ခဲ့လဲဆိုတာကို ပေါ်လာစေသည်။ ဒီအခိုက်အတန့်မှာ ဘယ်သူမှ ပြဿနာမရှာရဲဘဲ နာနာခံခံ ရှေ့ထွက်လာကြသည်။

"အရမ်းကောင်းတယ်၊ တစ်ယောက်မှ မကျန်ခဲ့ဘူး" နျဉ်ယွိယွမ်ရဲ့ နှုတ်ခမ်းထောင့်တွေက နည်းနည်း ကွေးသွားသည်။ “မင်းတို့တွေ အရမ်းတက်ကြွနေတယ်ဆိုတော့ ဒီလေးမိနစ်စာ အချိန်ကန့်သတ်ချက်က မင်းတို့အတွက် ဖြုန်းတီးလွန်းတယ်ထင်တယ်။ ဒီလိုဆိုတော့ မင်းတို့ရဲ့ချိန်ကို သုံးမိနစ်ခွဲအဖြစ် ပြောင်းလိုက်မယ်!"

ဒါကိုကြားတော့ ရှေ့ထွက်ရပ်နေကြတဲ့လူတွေ အံ့သြသွားကြသည်။ လေးမိနစ်နဲ့တောင် ကူးဖို့မလုံလောက်တာကို။ သုံးမိနစ်ခွဲဆိုရင်တော့ တကယ်မျှော်လင့်ချက်မဲ့ပြီ။ ကြည့်ရတာ သူတို့တွေ တစ်နေကုန် ရေကူးကန်ထဲမှာ စိမ်နေရမယ့်ပုံပဲ!

"ဘာလဲ? ကန့်ကွက်ချင်တာ ရှိလို့လား?” နျဉ်ယွိယွမ် မျက်ခုံးပင့်လိုက်သည်။

"မရှိပါဘူး၊ မရှိပါဘူး!" သူတို့ရင်ထဲ ခါးသီးမှုတွေနဲ့ပြည့်နေပေမယ့် ထုတ်မပြောရဲပေ!

All Chapters