← Chapters

အပိုင်း ၁၁၀

Vol. 8 Ch. 110

အပိုင်း ၁၁၀

Vol. 8 Ch. 110

မနေ့က တစ်နေ့လုံး ဆောင်းရာသီ ရေကူးလေ့ကျင့်မှုကြောင့် လူတော်တော်များများ အေးခဲသွားခဲ့ရသည်။ ချင်ယွဲ့နဲ့ မော့ယန်တို့ရဲ့ ကွက်ကွက်ကွင်းကွင်း ဖော်ပြချက်အရ၊ ဝမ်းနည်းစရာကောင်းတဲ့ မြင်ကွင်းကို စကားလုံးရှစ်လုံးနဲ့ ဖော်ပြနိုင်သည် — အလောင်းတွေက မြေပြင်ပေါ်မှာ အရိုးတွေ အေးစက်ရင်း ပြန့်ကျဲနေကြတယ်

"မော့ချူး၊ မင်းအခုထိ မသိသေးဘူးမဟုတ်လား?" ချင်ယွဲ့က တစ်ဖက်ကို တစ်ချက်ကြည့်ပြီး အသံတိုးတိုးနဲ့ပြောလာသည်။ "လူ ၂၀ ကျော်လောက် ခရိုင် ၃ မှာရှိတဲ့ ဆေးဘက်ဆိုင်ရာဌာနကို ပို့လိုက်ရတယ်လို့ကြားတယ်"

"ဒီလောက်တောင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားကြတာလား?" မော့ချူး အံ့သြတကြီးနဲ့ မျက်လုံးတွေပြူးသွားသည်။

၂၁ ရာစုရဲ့ဆေးဘက်ဆိုင်ရာစနစ်တွေနဲ့မတူဘဲ၊ အဖွဲ့ချုပ်မှ တီထွင်ထားသည့် ဆေးဘက်ဆိုင်ရာ ကိရိယာတွေက အရမ်းအဆင့်မြင့်သည်။ ဒဏ်ရာတွေနဲ့ ရောဂါအများစုကို ပျောက်ကင်းအောင် ကုသနိုင်သည်။ အခြေအနေက အရမ်းပြင်းထန်တဲ့အခါ ဒါမှမဟုတ် ခက်ခဲရှုပ်ထွေးတဲ့ရောဂါတွေ ရှိမှသာ ခရိုင်အသီးသီးရှိ ဆေးဘက်ဆိုင်ရာဌာနတွေဆီ ပို့ဆောင်ပေးမည်ဖြစ်သည်။

"အဲ့ဒီလိုမဟုတ်ဘူး" ချင်ယွဲ့က ပြုံးကာသူ့လက်ကို ခါလိုက်သည်။ “အဓိက အကြောင်းရင်းက ကျောင်းရဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေ မလုံလောက်လို့။ သူတို့ကို ဆေးဘက်ဆိုင်ရာဌာနကိုပဲ ပို့လိုက်ရတယ်”

ဒီအထိပြောသွားတော့ ချင်ယွဲ့က စိတ်အေးသွားသလို သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။ “ကံကောင်းလို့ ငါ့မှာ မင်းပေးခဲ့တဲ့ ဂွမ်းအနွေးထည်ရှိနေလို့ ။ မဟုတ်ရင် ငါလည်း သူတို့ထဲက တစ်ယောက်ဖြစ်သွားနိုင်တယ်"

အကယ်၍ ဒီလိုသာဆိုရင်၊ သူ့အနေနဲ့ ချင်မိသားစုကို လုံးဝ အရှက်ခွဲမိသွားမှာ! အဖွဲ့ချုပ်စစ်တက္ကသိုလ်က ကျောင်းသားတွေကို ကျောင်းရဲ့ စစ်ရေးလေ့ကျင့်မှုကြောင့် ဆေးဘက်ဆိုင်ရာဌာနဆီ တကယ်ကြီးပို့ခဲ့ရတယ်ဆိုတာ သိထားရမည်။ ဒီဟာက ပထမဆုံးအကြိမ် ဖြစ်တောင်ဖြစ်နေလိမ့်မယ်!

“ဒါပေမယ့် အဲဒါကြောင့်ပဲလေ" အနားက မော့ယန်က ရေတစ်ငုံသောက်လိုက်ပြီး ပေါ့ပေါ့ပါးပါး ဆက်ပြောလာသည်။ “ဒီနေ့ လေ့ကျင့်ရေးက လေ့ကျင့်ခန်းတွေအားလုံးကို ဖျက်သိမ်းလိုက်တာ။ လူတိုင်းလည်း နည်းနည်းပါးပါး အနားယူလို့ရသွားတာပေါ့"

"မှန်တယ်" ချင်ယွဲ့က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ မနေ့က လူတိုင်း ဘယ်လိုအပြင်းအထန် လေ့ကျင့်ခဲ့ရလဲဆိုတာကို ပြန်တွေးကြည့်ရင် သူ့မှာကြောက်နေမိတုန်းပင် “မင်းထွက်သွားတော့ နည်းပြတစ်ယောက် ဘယ်လောက်တောင် ရက်စက်တယ်ဆိုတာ မမြင်လိုက်ရဘူးဘဲ ကျွတ်စ် ကျွတ်စ်!"

"ဘာဖြစ်လို့လဲ? တခြားတစ်ခုခု ဖြစ်ခဲ့လို့လား?” မော့ချူး စိတ်ဝင်တစား မေးလိုက်သည်။

"ဟုတ်တယ်!" ချင်ယွဲ့က ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်သည်။ "ချောင်းဟုန်မိန် မူးသွားတော့ သူ့ကို ဆေးပေးခန်းပို့ပေးလိုက်ပြီး နျဉ်ယွိယွမ်က ကျန်တဲ့သူတွေကို ဆက်လေ့ကျင့် ပေးခဲ့တယ်။ မင်းအစ်ကိုနဲ့ ငါက တတိယအုပ်စုမှာ မဟုတ်လား? အဲ့ဒီထဲမှာ ရေမကူးတတ်တဲ့ကလေးတစ်ယောက်ရှိနေမယ်လို့ ဘယ်သူထင်မှာလဲ!”

"ရေမကူးတတ်ဘူးလား?" မော့ချူး အံ့သြတကြီးနဲ့ ပါးစပ်က အကျယ်ကြီးဟသွားသည်။ ဒါဆို ဆောင်းရာသီရေကူးတော့?

"ဟုတ်တယ်! ငါတို့အားလုံး ရေထဲကိုခုန်ချပြီး ရေကူးလမ်းကြောင်းထဲမှာ ကူးနေကြပေမယ့် သူက နေရာမှာပဲ မိန်း‌မောနေပြီး ခြေထောက်တွေ တုန်ပြီးရပ်နေတာ"

......

"နည်းပြမျက်နှာက မည်းမှောင်သွားရော သူက အေးစက်စက်နဲ့ 'မင်းဘာရပ်လုပ်နေလဲ?' ဆိုပြီးမေးလိုက်တယ်"

"အဲ့ဒီကလေးက တဆဇာက်ကန်းဖြစ်လောက်တယ်။ သူရေဘယ်လို ကူးရမလဲမသိဘူးလို့ မပြောခင်မှာ အကြိမ်နည်းနည်းလောက် စကားထစ်သွား သေးတယ်။ နောက်ဆုံးမှ 'ကျွန်တော် စစ်တက္ကသိုလ်ကို ဝင်ကတည်းရေဘယ်လို ကူးရမလဲဆိုတာကိုမသိဘူး၊' ဆိုပြီးတော့ပြောလာတာ"

"ဒီလိုပြောပြီး သူ သေမင်းကိုဖိတ်ခေါ်နေတာလို့မထင်ဘူးလား?"

"အဲ့ဒါနဲ့ နျဉ်ယွိယွမ်က ချက်ချင်း အေးစက်စက်ပြုံးပြီး ပြောလာတယ် 'အဲ့ဒီလိုလား? ကိစ္စမရှိဘူး။ နည်းနည်းလောက်ကူးပြီးသွားရင် ဘယ်လိုကူးရမလဲဆိုတာမင်းသိသွားလိမ့်မယ်' တဲ့"

"ပြီးတော့ ဘယ်သူမှမတုံ့ပြန်နိုင်ခင်မှာဘဲ သူက အဲ့ဒီကလေးကို ကန်ချပစ်လိုက်တယ်။ ဗွမ်းခနဲရေပွက်အကြီးကြီးကို လုပ်ပစ်လိုက်တာ!"

"ပြီးတော့ရော?" မော့ချူးက အားရပါးရနားထောင်နေသည်။

“ပြီးတော့” ချင်ယွဲ့ရဲ့ မျက်လုံးတွေက စာနာစိတ်အပြည့်နဲ့ဖြစ်သွားပြီး “အဲ့ဒီကလေးက ရေဘယ်လိုကူးရမှန်းမသိဘူး။ ဒီလိုအေးတဲ့ရာသီဥတုမှာ ရေကလည်း ရေခဲလိုအေးနေတာ။ ရေနည်းနည်းလောက်ပါးစပ်ထဲ မျိုချလိုက်မိပြီးတာနဲ့ သူလည်း ချက်ချင်း ရေနစ်သွားတယ်”

“နည်းပြကလည်း ရက်စက်တယ်။ သူက ငါတို့ကို သွားမကယ်ခိုင်းဘူး၊ အဲ့ဒါနဲ့ ငါတို့မှာ အဲ့ဒီကလေး ရုန်းကန်နေတာကိုပဲ ကြည့်နေရတယ်။ သူက ကလေးသေခါနီးဖြစ်ပြီး ရေထဲမြုပ်တဲ့အထိ စောင့်နေပြီးမှ ကယ်တယ်"

“ပြီးတော့ သူနိုးလာတဲ့အထိစောင့်ပြီး ပြန်ကန်ချပြန်ရော! အဲ့ဒီလိုမျိုးက ဆက်တိုက်ဖြစ်နေတာ။ နောက်ဆုံးတော့ အဲ့ဒီကလေး နည်းပြကိုကြောက်ရွံ့တဲ့ မျက်လုံးတွေနဲ့ ကြည့်လာတော့တယ်"

မော့ချူး တံတွေး မျိုချလိုက်မိသည်။ နျဉ်ယွိယွမ်ရဲ့ ရက်စက်တဲ့အပြုအမူကြောင့် သူမလည်း ထိတ်လန့်သွားသည်။ "အဲဒီလူ အဆင်ပြေရဲ့လား?"

ချင်ယွဲ့က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ဘာဖြစ်သွားနိုင်မှာမို့လို့လဲ? သူက လူကြီးတစ်ယောက်လေ။ ကုသရေးကိရိယာထဲမှာ လေးနာရီ၊ငါးနာရီလောက်ကြာအောင်နေပြီးရင် သူပြန်ကောင်းသွားလိမ့်မယ်"

"တော်ပါသေးတယ်" မော့ချူး စကားမဆုံးခင်မှာ အော်ဟစ်သံတွေ ဆက်တိုက်ထွက်လာခဲ့သည်။

အသံလာရာရင်းမြစ်ကိုကြည့်လိုက်တော့ ဝိုင်းဝိုင်းက မော့ချူးဆီ ဒယီးဒယိုင်နဲ့ ရောက်လာခဲ့သည်။

All Chapters