← Chapters

အပိုင်း ၁၁၁

Vol. 8 Ch. 111

အပိုင်း ၁၁၁

Vol. 8 Ch. 111

ဒီကောင်လေးရဲ့ စားရိက္ခာကို ဖြတ်ပြီးကတည်းက ဝိုင်းဝိုင်းက အထိုင်များလာသည်။ သူက နေ့လယ်ခင်းလောက်မှသာ နိုးလာတတ်သည်။

"အိုး မင်းရဲ့အိမ်မွေးတိရစ္ဆာန်လေး နိုးလာပြီလား?" ချင်ယွဲ့က သူ့ကိုမြင်ရတာမကြိုက်တဲ့ အဖြူရောင်သားမွေးလုံးလေးကို အတော်လေး သဘောကျနေသည်။ သူ့လက်ကိုတောင်လှမ်းကာ ချောမွတ်တဲ့ အမွှေးတွေကို ထိလိုက်သည်။ "မတွေ့တာ ရက်တော်တော်ကြာပြီ၊ ဒါပေမယ့် ပိုပိုပြီးဝလာတာပဲ"

ဝိုင်းဝိုင်း နိုးလာတဲ့အချိန် စိတ်ကောင်းဝင်နေတာဖြစ်သည်။ ဒါပေမယ့် ဒီဟာကိုကြားလိုက်ရတော့ သူ့မျက်နှာလေးက ချက်ချင်း ငိုက်ကျသွားသည်။ သူ့ရဲ့ ခပ်ပြည့်ပြည့်လက်တွေနဲ့ ချင်ယွဲ့လက်ကို ရိုက်ထုတ်လိုက်သည်။ ဒီအမြင်မရှိတဲ့ ငတုံးလူသားကတော့ ငါကဘယ်လိုလုပ် ဝရမှာလဲ? ငါ့ကို ဘယ်လို တောင် စော်ကားရဲရတာလဲ! မင်းလက်ကို ကိုက်ပစ်လိုက်မယ်!

“ကောင်းပြီ” ဝိုင်းဝိုင်းနဲ့ အချိန်တော်တော်ကြာကုန်ဆုံးခဲ့ရပြီးတဲ့နောက်မှာ ဒီအသေးလေးရဲ့ဒေါသကို မော့ချူးဘယ်လိုလုပ် မသိနိုင်ရမှာလဲ? သူ့ရဲ့အမူအရာက တစ်ခုခုဖြစ်နေတာကို မြင်တော့ တခြားလူတွေကို သူ မဆင်မခြင်ကိုက်မှာစိုးတာ‌ကြောင့် သူ့ကို ခပ်တင်းတင်းဆွဲချီထားလိုက်သည်။

ချင်ယွဲ့သာ ဝိုင်းဝိုင်းဆီကနေ ကိုက်ခံလိုက်ရရင်၊ သူလည်း ဆေးကုသရေးဌာနကို သွားရမှာဖြစ်သည်။

ချင်ယွဲ့ကတော့ သူ အန္တရာယ်တစ်ခုကို တိတ်တိတ်လေး ရှောင်လိုက်နိုင်တယ်ဆိုတာ လုံးဝမသိလိုက်ပေ။ သူကသွေးအလင်းသားရဲကို စိတ်ဝင်တစားနဲ့တောင် စလိုက်သေးသည်။ “‌မော့ချူး၊ မင်းရဲ့အိမ်မွေးတိရစ္ဆာန် နာမည်ကဘာလဲ?”

"ဝိုင်းဝိုင်း" မော့ချူးက ခေါင်းမော့ကာ အပြုံးနဲ့ပြန်ဖြေလိုက်သည်။ သူမရဲ့လက်က သူ့ရဲ့အမွှေးတွေကို အသာလေးပွတ်နေကာ ဒေါသပေါက်ကွဲတော့မယ့် အသေးလေးကို အတတ်နိုင်ဆုံး နှစ်သိမ့်ဖို့ကြိုးစားနေသည်။

“အိုး” ချင်ယွဲ့က သဘောတူတဲ့အကြည့်နဲ့ ခေါင်းညိတ်လိုက်ပြီး “မဆိုးပါဘူး။ ဒီနာမည်နဲ့ သူတော်တော်လိုက်တယ်။ သူကလည်း လုံးဝိုင်းဝိုင်းနဲ့ ချစ်စရာလေး!"

နောက်ဆုံးတော့ မော့ချူး ခက်ခက်ခဲခဲနဲ့ ငြိမ်အောင်လုပ်ထားရတဲ့ ဝိုင်းဝိုင်းမှာ နောက်တစ်ကြိမ် စိတ်တိုလာသည်။ အိပ်ငိုက်နေတဲ့ သူ့မျက်လုံးတွေက ချက်ချင်း စူးရှလာသည်။ လုံးဝိုင်းဝိုင်းနဲ့ ချစ်ဖို့ကောင်းတယ်? ဘယ်သူက လုံးဝိုင်းဝိုင်းလဲ? နောက်တစ်ခွန်းထပ်ပြောရဲသေးလား!

မော့ချူး ချင်ယွဲ့ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်မိသည်။ သူပြောတာရပ်သွားပါစေလို့ သူမ ဆု‌တောင်းမိသည်။ သူပိုပြောလေ အမှားတွေပိုလုပ်မိလေပင်။ ဝိုင်းဝိုင်းရဲ့ ဒေါသက မကြာခင်မှာ မြင့်တက်လာသည်။ ခဏကြာရင် သူမ ထိန်းနိုင်တော့မည်မဟုတ်ပေ။ ဒီအခြေအနေက အရမ်းဆိုးရွားလိမ့်မည်။

ဒါကို တွေးမိပြီး မော့ချူး သူမအစ်ကိုကြီးကို တစ်ချက်ကြည့်လိုက်သည်။ ချင်ယွဲ့ကို မြန်မြန်သွားခိုင်းလိုက်တာကောင်းမယ်။

သူမ အချက်ပြတာကို ရပြီးသွားတော့ မော့ယန် ခပ်တိုးတိုးနှာမှုတ်လိုက်ပြီး သူ့မျက်နှာပေါ်ကအပြုံးကို ကာလိုက်သည်။ သူ့မှာ ရွေးချယ်စရာ မရှိပေ။ ဝိုင်းဝိုင်းတစ်ယောက် သူ့ထက်ပိုသဘောမကျတဲ့သူကိုရှာရတာ တကယ်ခက်သည်။

ပေါက်ကွဲတော့မယ့် အသေးလေးကို ကြည့်လိုက်ရင်း မော့ယန် မျက်နှာပေါ်ကအပြုံးက ပိုကြီးလာသည်။ "အိုး ဟုတ်သား ချင်ယွဲ့ မင်း ငါနဲ့ mecha လေ့ကျင့်ရေးခန်းကို သွားချင်တယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား? ဘာလို့ဒီအခွင့်အရေးကို အသုံးမချတာလဲ?"

......

"ဟုတ်သား" ဒါကိုကြားတော့ ချင်ယွဲ့ရဲ့မျက်လုံးတွေက မနေနိုင်ဘဲ တောက်ပသွားသည်။

စစ်တက္ကသိုလ်က mecha လေ့ကျင့်ရေးခန်းကို အလကားပေးပေမယ့် အချိန်တိုင်း သွားနေကြတဲ့လူတွေများလွန်းတာက နှမြောစရာပင်။ ကြိုတင်စာရင်းပေးရတဲ့လိုင်းလေးမှာတောင် စောင့်ရတာ တော်တော်ကြာသည်။

ဒီနေ့အချိန်ကတော့ အကောင်းဆုံးပင်။ ဒဏ်ရာကြီးကြီးမားမားရထားတဲ့ ကျောင်းသားတွေက mecha လေ့ကျင့်ရေးခန်းထဲမှာ ထပ်ပြီးလှည့်ပတ်မနေသင့်ဘူးမဟုတ်လား?! လေ့ကျင့်ရေးခန်းက ခမ်းနားထည်ဝါတဲ့ စက်ကိရိယာတွေနဲ့ ပရော်ဖက်ရှင်နယ် လမ်းညွှန်မှုတွေကို တွေးမိရင်း ချင်ယွဲ့ မနေနိုင်ဘဲ ဦးနှောက်တွေပူနွေးလာသည်။ သူ မော့ယန်ကို ချက်ချင်းဆွဲကာ ပြေးထွက်သွားတော့သည်။

မသွားခင် သူရုတ်တရက် ရပ်ပြီး ခေါင်းကုတ်လိုက်သည်။ သူက မော့ချူးကို တောင်းပန်သလို ပြုံးပြလိုက်ပြီး ပြောလာသည်။ "ဟုတ်သား အဆင့်မြင့်ချန်ပိုင်က မင်းကို နေ့ခင်းကျရင် ဓာတ်ခွဲခန်းကို လာခိုင်းထားတယ်။ အိုး ငါ့ရဲ့ဆိုးလိုက်တဲ့မှတ်ဉာဏ်ကလည်း၊ ငါ မေ့တော့မလို့!"

“ရပါတယ်၊ ကျွန်မသိပြီ။ ကျေးဇူးပါ" မော့ချူး ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ယောက် ထွက်သွားမှပဲ သူမ သက်ပြင်းချနိုင်လိုက်သည်။ ချင်ယွဲ့သာ ဒီမှာထပ်နေဦးမယ်ဆိုရင် ဒီသားရဲလေးကို သူမချွေးသိပ်နိုင်တော့မှာမဟုတ်ဘူး။

နောက်တော့ သူမ ခေါင်းငုံ့ကာ သူမရင်ခွင်ထဲက ဝိုင်းဝိုင်းကို ကြည့်လိုက်သည်။ သူ့ပါးတွေကို ဆူပုပ်ထားဆဲဖြစ်ကာ သူ့မျက်နှာမှာလည်း ရန်လိုတဲ့ အကြည့်တွေ ရှိနေသေးသည်။

"ကောင်းပြီ၊ စိတ်မဆိုးနဲ့တော့" မော့ချူးက သူ့ခေါင်းကို ပွတ်လိုက်သည်။ ဝိုင်းဝိုင်းတစ်ယောက် သူမကြောင့် ဒေါသထိန်းထားတယ်ဆိုတာ သူမ သိသည်။ သူမရင်ထဲမှာပိုလို့ နူးညံ့သွားသည်။ “ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ ဒီနေ့ ငါတို့ အစာမရှောင်ဘူးလေ၊ နင်ကြိုက်သလိုစားလို့ရတယ်!"

တကယ်လား?

ခုနတုန်းကတင် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ဝိုင်းဝိုင်းက ချက်ချင်း ခေါင်းမော့လာသည်။ သူ့မျက်လုံးတွေက ချက်ချင်းတောက်ပလာသည်။ သူဘယ်လောက်တောင်ဆာလောင်နေလဲဆိုတာ ဘုရားဘဲသိမည်။ တစ်နေ့သုံးနပ်က လောက်ပေမယ့် သူ့ဗိုက်ကတော့ လွတ်နေသလို ခံစားရသည်။ ဗိုက်ပြည့်သွားလို့ စိတ်ကျေနပ်ရတာက တော်တော်ကြာခဲ့ပြီ!

All Chapters