ပါရမီရှင် ကျင့်ဖုန်း
Vol. 48 Ch. 659
" အဆင့် ၁၂ မှာတော့ ပြီးပြည့်စုံတဲ့ မသေမျိုးလက်နက် တစ်ခုရတယ်လို့ ကြားဖူးတယ်
"
အစိမ်းရောင်ဝတ် မိန်းမပျို ပြောလိုက်သည်။
" ကြားဖူးတယ်.. ဟုတ်လား "
လောထျန်း တအံ့တသြ ပြန်မေးလိုက်၏။
မိန်းမပျိုက ခေါင်းညိတ်ပြသည်။
" ဟုတ်တယ်.. ကြားပဲကြားဖူးတာ ။ ဒီကမ္ဘာမှာ ခု ချိိန်ထိ အဆင့် ၁၂ ကို ကျော်ဖြတ်နိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး ။ ကျွန်မကြားတာတော့.. မူလမသေမျိုးလက်နက် သန့်စင်သူ လေးယောက်ထဲက သခင်ကြီးမိုင်က အဆင့် ၁၂ ကို ခဏရောက်ဖူးတယ်တဲ့ ။ ဒါပေမယ့် အဲ့မှာ အန္တရာယ်အရမ်းများလွန်းလို့ သူ မြန်မြန်လက်လျှော့ပြီး အရှုံးပေးလိုက်ရတယ် ပြောတယ် "
" သူ ပြောတာတော့ အဲ့မှာ မသေမျိုးလက်နက် တစ်ခု
ကို တွေ့ခဲ့တယ်တဲ့ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ဒါဆို အဆင့် ၁၃ ကရော.. "
မိန်းမပျိုက သူ့အား မျက်စောင်းထိုး ကြည့်လာ၏။
" ရှင်က တကယ်ကို လောဘကြီးတာပဲ ။ အဆင့် ၁၂ ကိုတောင် ဘယ်သူမှ မကျော်နိုင်ကြတာ အဆင့် ၁၃ ကို ဘယ်တွေ့ဖူးကြမှာလဲရှင့် "
သူမ ခဏရပ်နေပြီးမှ တီးတိုးဆက်ပြောလာသည်။
" ဒါပေမယ့်... ကျွန်မ ကောလဟာလတစ်ခု ကြားတာတော့.. ဒီစမ်းသပ်ပွဲကို လုပ်ခဲ့တဲ့ အစွမ်းထက်ကျင့်ကြံသူကြီးက သူ့ရဲ့ အဖိုးတန်ဆုံး ရတနာကို အဆင့် ၁၃ မှာ ထားခဲ့တယ်တဲ့ ။ အဲ့တော့ အဆင့် ၁၃ ကို ဖြတ်နိုင်ရင် အဲ့ရတနာကို ရနိုင်တယ်လို့ ပြောတယ် "
" အဖိုးတန်ဆုံး ရတနာ.. ဟုတ်လား "
လောထျန်းမှာ တံခါးပေါက်ဘက်သို့ ကြည့်ရင်း တစ်ခုကို တွေးမိသွားသည်။
အစိမ်းရောင်ဝတ် မိန်းမပျိုက အပြုံးဖြင့် ပြော၏။
" ဒါပေမယ့်.. အဲ့ဒါက ကျွန်မတို့ စိတ်ကူးယဥ်နိုင်တဲ့ အတိုင်းတာထက်ကို ကျော်နေပါပြီရှင် ။ ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိရင် ပထမအဆင့်ကို ကျော်ပြီးတာနဲ့ ဘာအန္တရာယ်မှ မရှိနိုင်တော့ဘူးလေ ။ အဲ့ဒါကြောင့်မို့လဲ အလွယ်ဆုံးလို့ ပြောတာ "
" ဒါပေမယ့် လောဘကြီးပြီး ပိုမြင့်တဲ့အဆင့်တွေကို တက်ဖို့ကြိုးစားရင်တော့ အသက်လဲ ဆုံးနိုင်တာပေါ့ ။ ဒါကတော့ အခက်ခဲဆုံးအပိုင်းပေါ့လေ ။ အားလုံးက ကိုယ့်ရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်တာပါ "
စကားဆုံးအောင် နားထောင်ပြီးနောက် လောထျန်း အခြေအနေကို နားလည်သွားကာ ခေါင်းအသာညိတ်လိုက်သည်။
ထိုစဥ်မှာပင်..
ဝီ...
" တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာ ဆိုသော စာတန်းက ရုတ်တရက် မှေးမှိန်ပျောက်ကွယ်သွားပါ၏။
ထို့နောက်.. ကျောက်တံခါးကြီး ပွင့်လာသည်။
" ကဲ.. အားလုံး ၊ တိုင်ရွှယ်စိတ်ဝိဥာဥ်ကမ္ဘာ ကတော့ လုံးဝ ပွင့်သွားပြီ ။ အားလုံးက ကိုယ့်အပေါ်မှာပဲ မူတည်တာမို့ အကောင်းဆုံး ကြိုးစားကြပါ "
လက်နက်သန့်စင်သူ တစ်ယောက်က အသံကျယ်ဖြင့် အော်ရယ်ရင်း ပြောပြီး တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာသို့ ပြေးဝင်သွားလိုက်သည်။
ထိုသူမှာ အလွန်မြန်လှကာ တခဏလေးအတွင်းမှာပင် အဆင့် ၇ သို့ ရောက်သွား၏။
သို့သော်.. ထိုနေရာမှ ဆက်တိုးရန်မူ သူ့အတွက် အခက်ခဲရှိပုံပင် ။
ထို့နောက်တွင်ကား သူ အဆင့်၈ သို့ ဝင်ရန် လက်လျှော့လိုက်ပုံရပြီး အဆင့် ၇ ထွက်ပေါက်သို့ တစ်လှမ်းချင်း လျှောက်သွားသည်။
မကြာမီမှာပင်... တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာ အဆုံးသတ်၌ သူ့ခြေလှမ်းများ ပေါက်ကွယ်သွားတော့၏။
" ဒါ... အောင်သွားတာလား "
လောထျန်းက တအံ့တသြ မေးလိုက်သည်။
အစိမ်းရောင်ဝတ် မိန်းမပျိုက နှာခေါင်းရှုံ့၍ ပြန်ပြော၏။
" ရှင်က ကြည့်နေလို့သာ လွယ်တယ်ထင်နေတာ ။ အဲ့ တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာထဲကို ဝင်လိုက်တာနဲ့ စိတ်ဝိဥာဥ်အစွမ်းရဲ့ တိုက်ခိုက်မှုကို ခံရတယ်ရှင့် ။ ဟိုလူရဲ့ ခြေလှမ်းတွေကို ရိုးရိုးလေးလို့ မထင်လိုက်နဲ့နော်... တကယ်တော့ ခြေလှမ်းတိုင်းက ကိုယ့်ရဲ့အသက်ကို နှုတ်ယူသွားနိုင်တယ် "
လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
ထိုစဥ်တွင် သူ့ရှေ့မှ လူများမှာ တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာထဲသို့ ဝင်ရန် တန်းစီစောင့်ဆိုင်းနေကြလေပြီ ။
အများစုမှာ အဆင့် ၇ ၊ ၈ ဖြင့်ပင် ကျေနပ်လိုက်ကြပြီး ပြန်ထွက်လာကြကာ..
အဆင့် ၉ သို့ တက်ရန်ကြိုစားသူ အနည်းငယ်လေး
သာ ရှိပါသည်။
သို့သော် အဆင့် ၉ ၏ ခက်ခဲမှုက အခြားအဆင့်များနှင့် မတူသည်ကို ထင်ထင်ရှားရှားပင် မြင်နိုင်ပါသည်။
အဆင့်ကိုးသို့ တက်သူများက တစ်ပြိုင်နက်တည်း တက်လိုက်ကြပြီး ထိုအထဲမှ နှစ်ယောက်မှာ ချက်ချင်းသွေးအန်ကာ ကြမ်းပြင်သို့ လဲကျသွားကြ၏။
အချိန်အတန်ငယ်ကြာ ရုန်းကန်နေပြီးနောက်တွင်မူ.. ထိုနှစ်ယောက်လုံး သေသွားတော့သည်။
ကျန်လူအနည်းစုနှာလည်း ဒဏ်ရာရထားကြဟန် တူကာ ရှေ့သို့ ခက်ခက်ခဲခဲ လှမ်းနေရပါသည်။
" ဟမ့်.. ကိုယ့်အစွမ်းကို ထည့်မစဥ်းစားပဲနဲ့ ဇွတ်ကြီး ရှေ့ဆက်တိုးကြတာကိုး ။ တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာကို အဲ့လောက်ရိုးရှင်းတယ်များ ထင်နေကြတာလား "
မသေမျိုး လက်နက်သန့်စင်သူများထဲမှ တစ်ယောက်ဖြစ်သော ကျင့်ဖုန်းက လှောင်ပြုံးဖြင့် ပြောလာ၏။
ထို့နောက်တွင်မူ သူ တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာထဲ ခြေလှမ်းလိုက်တော့သည်။
သူ ဝင်လာသည်ကို မြင်သည်နှင့် အနီးနားမှ လူများအားလုံး ရပ်သွားကြ၏။
ထို မသေမျိုး လက်နက်သန့်စင်သူက မည်သို့သော ရွေးချယ်မှုမျိုး လုပ်မည်ကို သူတို့ စိတ်ဝင်တစား စောင့်ကြည့်နေလိုက်ကြသည်။
သို့သော်.. မထူးဆန်းစွာပင် ကျင့်ဖုန်းက စမ်းသပ်ပွဲထဲ ရောက်သည်နှင့် ပထမပိုင်း အဆင့်များကို ချက်ချင်း ကျော်ဖြတ်ပြီး မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် အဆင့် ၁၀ သို့ ရောက်သွားပါ၏။
" အင်း... မသေမျိုး လက်နက်သန့်စင်သူတစ်ယောက် ဆိုတော့လဲ အဆင့် ၁၀ ထိ တက်နိုင်တာ မဆန်းပါဘူး "
အဘိုးအိုတစ်ယောက်က ခေါင်းအသာညိတ်၍ ဆိုသည်။
သို့သော်.. ထိုစဥ်မှာပင်..
ဝုန်း...
ကျင့်ဖုန်း၏ စိတ်ဝိဥာဥ်အစွမ်း တိုးသွားပြီး...
သူ နေရာရွှေ့ကာ အဆင့် ၁၁ သို့ ရောက်သွား၏။
" ဟင်.. သူက တကယ်ကြီး အဆင့် ၁၁ ကိုတက်ဖို့ ရွေးချယ်ခဲ့တာလား "
" သူက အဆင့် ၁၁ တောင်.. ရောက်သွားပြီ "
အားလုံး မျက်မှောင်ကြုံ့ ကြည့်လိုက်ကြသည်။
ထိုစဥ်.. ကျင့်ဖုန်းမှာ အဆင့်၁၁ ကို ရောက်ပြီးသည်နှင့် ခြေထောက်များ ပျော့ခွေသွားဟန်တူကာ.. ကြမ်းပြင်သို့ လဲကျမလိုပင် ဖြစ်သွား၏။
သို့သော်.. တခဏအကြာတွင်မူ.. သူ ကြံ့ကြံ့ခံ၍ အားတင်းကာ တစ်လှမ်းချင်း ရှေ့ဆက်လျှောက်သွားသည်။
မကြာမီမှာပင်.. သူ တဖက်စွန်း၌ ပျောက်ကွယ်သွားတော့၏။
" သူ.. တကယ်ကြီး အောင်သွားတာလား "
အားလုံး တုန်လှုပ်ကုန်ကြသည်။
အဆင့် ၁၁ ကို ကျော်ဖြတ်နိုင်ပါက... မသေမျိုးလက်နက်လုပ်သည့် ပစ္စည်းများ ရပြီဆိုသည့် အဓိပ္ပါယ်ပင် ။
အကယ်၍ သူက အစွမ်းမရှိသဖြင့် မသေမျိုးလက်နက်များကို မသန့်စင်နိုင်ဘူး ဆိုလျှင်ပင် ထိုပစ္စည်းများကို ရှိပြီးသား မသေမျိုးလက်နက်ထဲ ပေါင်းစပ်လိုက်ပါ.. ၎င်းလက်နက်၏အစွမ်း များစွာ တိုးသွားပေမည် ။
" ကျင့်ဖုန်းကတော့ တကယ်ပါပဲ... "
အားလုံး တအံ့တသြ ဆိုလိုက်ကြသည်။
သို့သော် ထိုစဥ်မှာပင်... ခပ်ပြတ်ပြတ် အသံတစ်သံ ထွက်လာ၏။
" ဘာမှလဲ မဟုတ်ပါလားကွာ "
" ဟင်... ဘယ်သူလဲ "
အားလုံး အသံလာရာဘက် လှည့်ကြည့်လိုက်ရာ အသံပိုင်ရှင် ယွိဝမ်ချန်းအား မြင်လိုက်ရသည်။
သူ့ကို မြင်သည့်အခါတွင်မူ အားလုံး၏ မျက်နှာထားများ အနည်းငယ် ပြေလျော့သွားကြပါ၏။
" ညီမလေး လင်း ၊ မင်း ကျုပ်နဲ့အတူ အဆင့် ၁၁ ကို သွားရဲမလား "
ယွိဝမ်ချန်းက လင်းရွှမ်ယီဘက် ရုတ်တရက် လှည့်ကြည့်၍ မေးလိုက်သည်။
လင်းရွှမ်ယီက အေးဆေးပြန်ပြော၏။
" မလိုက်ရဲစရာ အကြောင်းမှ မရှိတာရှင် "
" ဒါဆို လာပါ ၊ သွားရအောင် "
ယွိဝမ်ချန်းက လက်ဖြင့် အချက်ပြလိုက်ပြီးနောက် တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာထဲ ဦးစွာ ဝင်သွားလိုက်သည်။
လင်းရွှမ်ယီကလည်း မည်သည့်စကားမှ မဆိုဘဲ နောက်မှ လိုက်ဝင်သွား၏။
" မမ... "
၎င်းကို မြင်သောအခါ အစိမ်းရောင်ဝတ်မိန်းမပျို မျက်နှာထား အနည်းငယ်ပြောင်းသွားပြီး အကြံပေးမည့်ဟန် ပြင်လိုက်သည်။
သို့သော် သူမ နောက်ကျလွန်းသွားခဲ့လေပြီ ။
ထိုစဥ်တွင် လင်းရွှမ်ယီက တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာထဲသို့ ဝင်သွားပြီ ဖြစ်သဖြင့်..
အစိမ်းရောင်ဝတ် မိန်းမပျိုတစ်ဦးသာ စိုးရိမ်နေသည့် မျက်နှာထားဖြင့် ကျန်ခဲ့တော့သည်။
ဘေးမှ ကြည့်နေသော လောထျန်းက ရုတ်တရက် ဝင်ပြောလိုက်၏။
" မင်း အမနဲ့ ယွိဝမ်ချန်း ဆိုတဲ့ တစ်ယောက်က သိပ်ပြီး မသင့်မြတ်ကြဘူးနဲ့ တူတယ်နော် "
မိန်းမပျို သက်ပြင်းချလိုက်သည်။
" မမနဲ့ ယွိဝမ်ချန်းတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုဆိုတာ ပြောဖို့ခက်တယ်ရှင့် ။ ဒါကလဲ.. သူ့ရဲ့ ဆရာနဲ့ ကျွန်မတို့ရဲ့ဆရာ ကြားမှာ သဘောထား မတိုက်ဆိုင်တာလေး နည်းနည်းဖြစ်ထားဖူးလို့ပါ "
" အဲ့လိုလား... "
လောထျန်း ပြန်မေးလိုက်၏။
အစိမ်းရောင်ဝတ် မိန်းမပျိုက ပြန်ဖြေသည်။
" ဟုတ်တယ်ရှင့် ။ ယွိဝမ်ချန်းရဲ့ ဆရာက အင်မတန်ကို ရွံစရာကောင်းတဲ့ လူယုတ်မာပဲ ။ အရင်.. သူတို့ ပညာသင်ကျောင်းသား ဘဝတုန်းကဆို အဲ့လူကြီးက ကျွန်မတို့ဆရာကို အမြဲချောက်တွန်းပြီး ဂိုဏ်းချုပ်ကြီး အမြင်မကြည်အောင် လုပ်ခဲ့တာ "
" နောက်တော့ ဂိုဏ်းချုပ်ကြီး မတော်တဆမှုတစ်ခုနဲ့ သေသွားတဲ့အချိန်မှာလဲ အဲ့လူကြီးက ကျွန်မဆရာ ပူဆွေးသောက ရောက်နေတာကို အခွင့်ကောင်းယူပြီး
တော့ ဂိုဏ်းချုပ်ကြီးရဲ့ ရတနာတွေအားလုံးကို ခိုးသွားပါရောလား "
ထိုစကားကို ပြောနေစဥ်အတွင်း မိန်းမပျို၏ မျက်နှာပေါ်၌ ဒေါသရိပ်များ အထင်းသားပင် ရှိနေသည်။
လောထျန်းမှာမူ ကြားလိုက်ရသောစကားကြောင့် အံ့အားသင့်သွား၏။
" အဲ့လိုတောင် လုပ်ခဲ့တာလား "
မိန်းမပျိုက ဒေါသတကြီး ပြန်ပြောသည်။
" အဲ့ထက်တောင် ပိုသေးတယ်ရှင့် ။ သူက အဲ့နေ့ညမှာ ဂိုဏ်းကနေ ထွက်ပြေးသွားခဲ့ပြီးတော့.. အားလုံးကို ကျွန်မတို့ဆရာက လောဘကြီးပြီး ဂိုဏ်းချုပ်ကြီးရဲ့ ရာထူးအာဏာကို ယူလိုက်ပြီလို့ လျှောက်ပြောခဲ့သေးတယ် ။ ဒါ့ကြောင့်မို့ သူ ထွက်ပြေးခဲ့ရတယ်ပေါ့ရှင် "
" အဲ့လိုလား... "
လောထျန်း အံ့အားသင့်နေပြီးနောက် စိတ်ဝင်တစား ဆက်မေးလိုက်၏။
" ဒါဆို မင်းတို့ဆရာကရော ဘာမှ ပြန်မလုပ်ဘူးလား "
တဖက်မှ မိန်းမပျိုက အံကြိတ်၍ ပြန်ပြောသည်။
" ကျွန်မတို့ဆရာက အရင်တည်းက စိတ်ထားနူးညံ့တဲ့သူမို့ အဲ့ကိစ္စကို သိပ်ပြီး အလေးနက်မထားခဲ့ဘူး ။ နောက် ပိုဆိုးတာက.. အဲ့လူယုတ်မာက အင်အားကြီးတဲ့ အဖွဲ့တစ်ခုထဲ သွားဝင်လိုက်တယ်လေ ။ ကျွန်မဆရာကလဲ အဲ့အဖွဲ့နဲ့ ပြဿနာ မဖြစ်ချင်တော့ ဒီတိုင်း သည်းခံခဲ့တာ "
" အခု အဲ့လူယုတ်မာ မွေးထားတဲ့ တပည့်ကလဲ သူ့လို အပြုမူမျိုးပဲ ထပ်လုပ်နေတာ ယုံတောင် မယုံနိုင်ဘူး "
လောထျန်းက အနည်းငယ် နားမလည်နိုင် ဖြစ်သွားဟန်ဖြင့် မေးလိုက်သည်။
" အဲ့ကောင်က မင်းအမကို တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာ အဆင့် ၁၁ ကို ဝင်ဖို့ ခေါ်သွားလို့ အဲ့လိုပြောတာလား "
တဖက် မိန်းမပျိုက အေးစက်စက် နှာခေါင်းရှုံ့၏။
" အဲ့ဒါတင် မကသေးဘူးရှင့် ။ ကျွန်မ မမရဲ့ စိတ်ဝိဥာဥ် ကျင့်ကြံခြင်းက မှန်လိုရှင်းလင်းပြီး ရေပြင်လို တည်ငြိမ်တာကို သူ ကောင်းကောင်းကြီး သိထားတယ်လေ ။ မမရဲ့ နှလုံးသားကလဲ အမြဲတည်ငြိမ်ပြီး အေးချမ်းနေတာ ။ ဒါပေမယ့် ခုနတုန်းက ယွိဝမ်ချန်းက သူ သန့်စင်ခဲ့တဲ့ မသေမျိုးလက်နက်နဲ့ ' လက်နက်သန့်စင်ခြင်း အနုပညာကျမ်း' အကြောင်းကို ကြိမ်ဖန်များစွာ တမင်ထည့်ပြောပြီးတော့ ကျွန်မ မမရဲ့ စိတ်ကို အနှောင့်ယှက်ပေးလိုက်တာ "