လက်တစ်ဖက်ဖြင့် အနိုင်ယူခြင်း
Vol. 48 Ch. 664
ကျင့်ဖုန်း၏ မျက်နှာထား အနည်းငယ် ပြေလျော့သွားကာ ပြောသည်။
" ကောင်းကင်နဲ့မြေကြီး မီးဖိုကို တစ်ယောက်မှ မရနိုင်ဘူးဆိုရင်... မင်းက ဒီကို ဘာရည်ရွယ်ချက်နဲ့ လာခဲ့တာလဲ "
ယွိဝမ်ချန်းက အပြုံးဖြင့် ပြန်ပြော၏။
" ကျုပ်ရဲ့ ပထမရည်ရွယ်ချက်က ကောင်းကင်ဘုံမီးတောက်ကို ရှာဖို့ပဲ ။ ဒါပေမယ့်.. ခုတော့ အကိုနဲ့ ရည်ရွယ်ချက် အတူတူ ဖြစ်သွားပြီ "
ကျင့်ဖုန်း၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။
" မင်းပြောချင်တာကို ငါ နားမလည်ဘူး "
ယွိဝမ်ချန်းက အပြုံးဖြင့် ပြန်ပြော၏။
" အကိုကျင့်ဖုန်း ၊ ဘာလို့ မသိချင်ယောင်ဆောင်နေသေးတာလဲဗျာ ။ လမ်းတလျှောက်မှာ အကို သဲလွန်စတွေ အများကြီး ချန်ထားခဲ့တာလေ ။ အခုလဲ ကျုပ်
ရောက်လာမှာကို စောင့်နေတာ မဟုတ်လား ။ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်ဗျာ ။ ကျုပ် လိုချင်တာက လင်းရွှမ်ယီ လက်ထဲက 'လက်နက်သန့်စင်ခြင်း အနုပညာကျမ်း ' ပဲ "
ထိုစကားကို ကြားသောအခါ ကျင့်ဖုန်း မနေနိုင်ဘဲ ပြုံးလိုက်တော့သည် ။
" ဒါဆို.. နောက်ကျရင် သူ့ရဲ့ ဆရာက မင်းကို အမဲလိုက်သလိုလိုက်မှာ မကြောက်ဘူးလား "
ယွိဝမ်ချန်းက ပြုံး၍ ပြန်ပြော၏။
" အဲ့တော့လဲ သူ့ကို အသက်ရှင်ရက် ပြန်ပေးမထွက်ရုံပေါ့ဗျာ ။ ဒါပေမယ့် ကျုပ်လက်နဲ့ ကိုယ်တိုင် မသတ်တာတော့ ပိုကောင်းမယ်ဗျ "
ကျင့်ဖုန်းမှာ မည်သို့မှ ပြန်မပြောလဲ ယွိဝမ်ချန်းကိုသာ စိုက်ကြည့်နေ၏။
ယွိဝမ်ချန်းက ခေတ္တမျှ စဥ်းစားနေဟန် တူပြီးမှ စကားဆက်သည်။
" ကောင်းကင်ဘုံကြယ်လမ်းစဥ် ဆိုတာ သီးသန့် ကမ္ဘာငယ်တစ်ခုပဲမို့ ဒီထဲမှာ ဘာတွေဖြစ်သွားခဲ့တယ်
ဆိုတာကို အပြင်လူတွေသိဖို့ ခဲယဥ်းတယ် ။ အဲ့တော့ ကျုပ်က မိန်းကလေး ဘယ်မှာရှိတယ်ဆိုတာကို ရှာဖို့ တာဝန်ယူလိုက်မယ် ။ အကိုကတော့ သူ့ကိုသတ်ဖို့ တာဝန်ယူပေါ့ဗျာ ။ ပြီးရင် သူ့ဆီမှာရှိတဲ့ မသေမျိုးလက်နက်တွေအားလုံးကို အကိုယူလို့ရတယ် ။ ကျုပ်က လက်နက်သန့်စင်ခြင်း အနုပညာကျမ်းကိုပဲ လိုချင်တာ "
ကျင့်ဖုန်း နှာခေါင်းရှုံ့လိုက်၏။
" ကောင်လေး ၊ မင်းက ငါ့ကို ငတုံးများ ထင်နေတာလား ။ ဘာမဟုတ်တဲ့ မသေမျိုးလက်နက် နည်းနည်းလောက်နဲ့ ငါက အဲ့လောက်အကြီးကြီး စွန့်စားရမှာလား "
ယွိဝမ်ချန်းက ချက်ချင်း အပြုံးဖြင့် ပြန်ပြောသည်။
" ကျုပ် စကားမှားသွားတာပါဗျာ ။ ဒါဆိုရင်.. လက်နက်သန့်စင်ခြင်း အနုပညာကျမ်း စာရွက်တွေကို အညီအမျှ ခွဲဝေယူကြမယ်လေ.. ဘယ်လိုလဲ ။ ကျုပ်တို့ ယောက်ျားချင်း ကတိလဲ လုပ်ထားလိုက်ကြမယ် ။ ကျုပ်တို့ရတဲ့ အပိုင်းတွေကို ဖတ်လို့ပြီးသွားတာနဲ့ အချင်းချင်း ပြန်လဲပြီး ဖတ်ကြမယ် ... "
ကျင့်ဖုန်း ခေါင်းညိတ်လိုက်၏။
" အဲ့လိုလုပ်စမ်းပါ "
ယွိဝမ်ချန်း သက်ပြင်းရှည်ကြီး ချလိုက်သည်။
" ဒါဆို.. ကျုပ် သူ ဘယ်မှာရှိလဲဆိုတာ အခုပဲ ရှာလိုက်တော့မယ် "
သူ ပြောပြောဆိုဆိုပင် အကျီလက်ထဲမှ သံလိုက်အိမ်မြောင်တစ်ခုကို ထုတ်လိုက်၏။
ကျင့်ဖုန်းမှာ ၎င်းကိုကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
" မင်းက သူ့ဆီမှာ ဘယ်တုန်းက အမှတ်အသား ချန်ထားခဲ့တာလဲ "
ယွိဝမ်ချန်းက အပြုံးဖြင့် ပြန်ပြော၏။
" ဟိုး စစချင်း ၊ ကျုပ် သူနဲ့ စကားပြောနေတုန်းကတည်းက "
ကျင့်ဖုန်း အံ့အားသင့်သွားရသည်။ ထိုစဥ်တွင် လင်းရွှမ်ယီမှာ လက်နက်သန့်စင်ခြင်း အနုပညာကျမ်းကိုပင် မရသေးပါ...
သို့ဆိုလျှင် ယွိဝမ်ချန်းက အစောကတည်းက သူမအပေါ် ယုတ်မာသည့် အကြံအစည်များ ရှိထားသည်ဆိုသည့် အဓိပ္ပါယ်ပင်..
" ဒီကောင့်ကို သတိထားရမယ် "
ကျင့်ဖုန်း စိတ်ထဲမှ တွေးလိုက်သည်။
ထိုစဥ် ယွိဝမ်ချန်းက ပြောလာ၏။
" တွေ့ပြီ ၊ ကျုပ်နောက် လိုက်ခဲ့ပါ "
ထို့နောက် သူချက်ချင်း လေထဲပျံတက်ကာ လောထျန်းတို့လူစု ရှိနေသည့်ဘက်သို့ ပျံသန်းသွားလိုက်တော့သည်။
တခြားတဖက်၌...
" သခင်လေးလောထျန်း ၊ ကျွန်မ.. ကျွန်မ... မခံနိုင်တော့ဘူး "
တစ်ကိုယ်လုံး တုန်နေသော ရှန့်ယွီက ဆိုလာ၏။
သူမဘေးရှိ လင်းရွှမ်ယီမှာလည်း မထူးလှပါ ။
" ဟင်... မင်းတို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ "
လောထျန်းက သူတို့ဘက် လှည့်ကြည့်၍ မေးလိုက်သည်။
" ဟင်.. သခင်လေး ဘာမှ မခံစားမိဘူးလား "
လင်းရွှမ်ယီ တအံ့တသြ ပြန်မေးလိုက်သည်။
" ဘာခံစားရမှာလဲ.. "
လောထျန်းမှာ နားမလည်သည့် အူကြောင်ကြောင် မျက်နှာလေး ဖြစ်နေ၏။
လင်းရွှမ်ယီ နှင့် ရှန့်ယွီ တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်... လင်းရွှမ်ယီက ဆိုသည်။
" ဟို မိစ္ဆာဝိဥာဥ်ကြီးဆီက လာတဲ့ ဖိအားကို ကျွန်မတို့ရဲ့ စိတ်ဝိဥာဥ်တွေ မခံနိုင်တော့ဘူး... "
လောထျန်း ခေတ္တမျှ အံ့အားသင့်နေပြီးမှ ရှေ့မှ လူနှစ်ယောက်ကိုတစ်လှည့် ၊ တဖက်ရှိ မိစ္ဆာဝိဥာဥ် ရှိသည့်ဘက်သို့ တစ်လှည့် ကြည့်လိုက်၏။
" ဖိအားက အဲ့ဘက်က လာနေတာလား "
မိန်းမပျိုနှစ်ယောက် ဆွံ့အသွားရပြန်တော့သည်။
သူမတို့နှစ်ယောက်မှာ ဖိအားကြောင့် အသက်ဆုံးလုနီး ဖြစ်နေချိန်တွင်.. လောထျန်းက ဘာကိုမှပင် မခံစားမိဘူးတဲ့လား ... ။
" သခင်လေးလောထျန်း ၊ ရန်သူက အစွမ်းပြင်းလွန်းတယ်ရှင့်... ။ ဒီတိုင်း လက်လျှော့လိုက်ကြမလား.. "
ရှန့်ယွီက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
လောထျန်းက သူမကိုကြည့်ကာ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ပြော၏။
" ဒါဆို.. ဒီလိုလုပ်ပါလား ။ မင်းတို့နှစ်ယောက်က ဒီမှာနေပြီး ကျုပ်ကို စောင့်နေခဲ့ကြလေ ။ ကျုပ် တစ်ယောက်တည်း သွားကြည့်လိုက်မယ် "
" ဟင်... "
ထိုစကားကို ကြားသောအခါ မိန်းမပျို နှစ်ယောက်လုံး အနည်းငယ် စိုးရိမ်သွားကြသည်။
သို့သော် လောထျန်းက လက်လျှော့မည့်ဟန်လည်း မ
တူပေရာ... သူမတို့အတွက် အခြားရွေးချယ်စရာ မရှိပါချေ ။
" ဒါပေမယ့်.. သတိတော့ထားနော် သခင်လေး လောထျန်း ။ တစ်ခုခု လွဲနေပြီလို့ ခံစားမိတာနဲ့ ချက်ချင်းပြန်လာခဲ့ပါ "
လင်းရွှမ်ယီ ပြောလိုက်သည်။
လောထျန်း ခေါင်းညိတ်ပြ၏။
" ကျုပ် နားလည်ပါတယ် "
စကားဆုံးသည်နှင့် လောထျန်း လေထဲ ပျံတက်သွားတော့သည်။
ဝေါင်း .....
ဤသို့ဖြင့် ရှေ့ဆက်သွားပြီး မကြာခင်မှာပင် အော်သံတစ်သံကို လောထျန်း ကြားလိုက်ရတော့၏။
တဖက်မှ မိစ္ဆာဝိဥာဥ်က သူ့ကို အာရုံခံမိသွားဟန်ပါပင် ။
" အင်း... မသေမျိုးဘုရင်ကနေမှ မိစ္ဆာဝိဥာဥ်အဖြစ် ပြောင်းသွားတဲ့ကောင်ကြီး ဆိုတော့လဲ အာရုံခံနိုင်စွမ်း တော်တော်ကောင်းတာပါလား ။ ဒီကောင်ကြီးရဲ့ အစွမ်းက ဘယ်လိုနေမလဲ မသိဘူး "
လောထျန်း တွေးလိုက်သည်။
ထို့နောက်... သူ နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွား၏။
ထို့နောက်တွင်မူ... မိစ္ဆာဝိဥာဥ် ရှိသည့်အနီးသို့ လောထျန်း ရောက်သွားသည်။
ဝေါင်း...
မိစ္ဆာဝိဥာဥ်မှာလည်း လောထျန်းကို တွေ့သွားကာ ချက်ချင်း အော်၏။
လောထျန်းက တဖက်မှကောင်ကြီးကို ကြည့်ရင်း မျက်မှောင်ကြုံ့လိုက်သည်။
တဖက်မှ မိစ္ဆာဝိဥာဥ်မှာ ဧရာမ လူထွားကြီးတစ်ယောက်အသွင် ရှိပြီး တစ်ကိုယ်လုံးလည်း သံချပ်
ဝတ်များဖြင့် ပြည့်နေပါ၏။ ၎င်းမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည့်တိုင်.. သူ့ပုံကို ကြည့်ကာ ပုံရိပ်ယောင်လား ၊ အမှန်လား ဆိုသည်ကို ခွဲခြားရန် ခက်လှပါသည်။
ထိုကောင်ကြီး၏ လက်ထဲမှ ပုဆိန်ကြီးမှာမူ အစစ်ပင် ။
၎င်းပုဆိန်မှ ကြောက်မက်ဖွယ်ဖိအားတစ်ခုလည်း ထွက်နေပါ၏။
" ဟင်.. မူလမသေမျိုးလက်နက် ပါလား.. "
၎င်းကိုကြည့်ကာ လောထျန်း အံ့အားသင့်သွားရသည်။
ထင်မထားစွာပင်.. တဖက်လူက မူလမသေမျိုးလက်နက်ကို ကိုင်ထားသတဲ့လား..
ဝေါင်း...
ထိုစဥ်မှာပင် မိစ္ဆာဝိဥာဥ်က လောထျန်းကိုကြည့်ကာ ထပ်အော်လာပြန်၏။
လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားရသည်။
" ဒီလိုကောင်ကြီးကို သတ်ရမှာ နှမျောစရာကြီးကွာ.. ဟုတ်ပြီ... "
သူ တစ်ခု စဥ်းစားမိပြီး ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်၏။
ဝိဥာဥ်တစ်ရာ ကားချပ်လိပ်.. ပေါ်လာသည်။
" အထဲဝင်စမ်း "
လောထျန်း အော်လိုက်သည်။
ဝုန်း...
ချက်ချင်းမှာပင် ကားချပ်လိပ်ဆီမှ မရေမတွက်နိုင်သော ထွင်းစာများ ထွက်လာကာ တဖက်ရှိ မိစ္ဆာဝိဥာဥ်အား ချုပ်နှောင်လိုက်ကြ၏။
ဝေါင်း...
မိစ္ဆာဝိဥာဥ်ကြီး အော်ကာ အသည်းအသန် ခုခံရန် ကြိုးစားလိုက်သည်။
ထိုတခဏ၌ ၎င်းမိစ္ဆာဝိဥာဥ်နှင့် ဝိဥာဥ်တစ်ရာ ကားချပ်လိပ်တို့မှာ သူမသာ ကိုယ်မသာ ဖြစ်နေကြပါ၏။
၎င်းကိုကြည့်ရင်း လောထျန်း အံ့သြသွားရတော့သည်။
ထိုမိစ္ဆာဝိဥာဥ်က ဝိဥာဥ်တစ်ရာကားချပ်လိပ်အား ခုခံနိုင်သည်ထိပင် အစွမ်းထက်သတဲ့လား...
သို့သော်... ၎င်းမှာ ကားချပ်လိပ်၏ အစွမ်းသက်သက်သာ ဖြစ်ပါသည်။
လောထျန်း ဘယ်လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်၍ အစီအမံတစ်ခု လုပ်လိုက်၏။
ဝုန်း....
ဝိဥာဥ်တစ်ရာကားချပ်လိပ်မှ နတ်ဘုရားအလင်းတန်း
တစ်ခု ရုတ်ချည်း ထွက်လာသည်။
ထို့နောက်တွင်...
ဝှစ် .
မိစ္ဆာဝိဥာဥ်ကြီးမှာ ကားချပ်လိပ်ထဲသို့ ဆွဲယူခံလိုက်ရတော့သည်။
လောထျန်းက ၎င်းကိုကြည့်ကာ အံ့သြနေဟန်ဖြင့် ရေရွတ်၏။
" ငါက လက်နှစ်ဖက်လုံး သုံးရတော့မယ် ထင်နေတာ ။ အခုတော့ လက်ချောင်းတစ်ချောင်းပဲ လိုလိုက်တာလား "
သူ ထိုသို့တွေးနေပြီးနောက်.. ဝိဥာဥ်တစ်ရာကားချပ်လိပ် ပေါ်တွင် မျဥ်းတစ်ကြောင်း ဆွဲလိုက်သည်။
ဝုန်း...
မိစ္ဆာဝိဥာဥ် ပြန်ထွက်လာ၏။
သို့သော် ဤတစ်ကြိမ်တွင်မူ... ၎င်းက ယခင်ကဲ့သို့ ရန်လိုနေဟန် မရှိတော့ပါ။
ထိုအစား.. အပြင်သို့ ရောက်ရောက်ချင်း လောထျန်းရှေ့ ဒူးထောက်လိုက်ပါသည်။
" အင်း... မဆိုးဘူးပဲ ၊ ကောင်းတယ် ။ ကဲ.. အခု ဒီနားမှာရှိတဲ့ ရတနာတွေကို သွားရှာစမ်းကွာ "
လောထျန်း ပြောလိုက်၏။
မိစ္ဆာဝိဥာဥ်က ခေါင်းညိတ်လိုက်ပြီးနောက် ... မူလမသေမျိုးလက်နက်ဖြစ်သော ပုဆိန်ကြီးကို ကိုင်၍ နောက်လှည့်ထွက်သွားကာ... ချောက်ကမ်းပါးတစ်ခုဆီ သွားလိုက်သည်။
ဝုန်း ..
ပုဆိန်ဖြင့် ထုလိုက်သော အသံကျယ်ကြီး တစ်သံ ထွက်လာ၏။ သို့သော်.. ချောက်ကမ်းပါး နံရံမှာ ပြိုကွဲမသွားခဲ့ပါ ။ အက်ရာလေး သေးသေးသာ ထင်သွားခဲ့ပါသည်။
၎င်းကိုကြည့်ကာ လောထျန်း အံ့သြသွားရ၏။
မူလမသေမျိုးလက်နက်ဖြင့်ပင် ထို ချောက်ကမ်းပါးကို မဖြတ်နိုင်ဘူးတဲ့လား...
သို့သော်.. ထိုတခဏ၌ သူ အသိပြန်ဝင်သွားပါသည်။
" အဲ့ ချောက်ကမ်းပါးကြီးက မသေမျိုးသတ္ထုများ ဖြစ်နေမလား... "
သူ တအံ့တသြ ရေရွတ်လိုက်၏။
ထို့နောက်... ချောက်ကမ်းပါးအား သေချာ စေ့စေ့စပ်စပ်ကြည့်ပြီးနောက်တွင်မူ.. လောထျန်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
" ဒီနေရာကို အစွမ်းထက်တဲ့ မိစ္ဆာဝိဥာဥ်ကြီး စောင့်ကြပ်နေတာ မထူးဆန်းတော့ပါဘူးကွာ ။ ဒီ ချောက်ကမ်းပါးက ငါ့အတွက် မူလမသေမျိုးလက်နက်တွေ အခုရေ ဆယ်ကြီးဂဏန်း လုပ်ဖို့တောင် လုံလောက်တယ် "
လောထျန်း ပျော်ရွှင်စွာ ဆိုလိုက်သည်။
ထို ချောက်ကမ်းပါး တစ်ခုနှင့်ပင် သူ လာခဲ့ရသည့်ခရီးက တန်နေလေပြီ ။
ထိုစဥ်မှာပင် မိစ္ဆာဝိဥာဥ်က ပုဆိန်အား ခပ်ပြင်းပြင်း ထပ်လွှဲလိုက်ပါ၏။
ဝုန်း...
အသံကျယ်ကြီး တစ်သံနှင့်အတူ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။
လောထျန်းမှာ ၎င်းကိုကြည့်ရင်း မှင်သက်မိနေပြီး... တစ်ခုခုကိုလည်း နားလည်လိုက်သလိုပါပင်..
" မဟုတ်မှလွဲရော.. အဲ့ချောက်ကမ်းပါး အတွင်းထဲမှာ ပိုအဖိုးတန်တဲ့ဟာ ရှိနေတာလား မသိဘူး "
သူ တွေးမိလိုက်၏။