မူလမသေမျိုးလက်နက်ထက် သာတယ်
Vol. 48 Ch. 665
ဝုန်း...
လောထျန်း တွေးနေစဥ်မှာပင် မိစ္ဆာဝိဥာဥ်၏ ပုဆိန်ချက် ထပ်ကျသွားပြန်သည်။
ကျောက်ကမ်းပါးကြီး ချက်ချင်း ပြိုကျသွားတော့၏။
ဝီ...
ထိုကျောက်ကမ်းပါးထဲမှ မသေမျိုးအလင်းတန်းတစ်ခု ရုတ်ချည်း ထွက်လာသည်။
ထိုမသေမျိုး အလင်းတန်းက မိစ္ဆာဝိဥာဥ်အား ချက်ချင်း လွှမ်းခြုံလာ၏။
မိစ္ဆာဝိဥာဥ်မှာ မလှုပ်ရှားနိုင်တော့ဘဲ နေရာတွင် တောင့်တောင့်ကြီး ဖြစ်သွားသည်။
ထိုစဥ်မှာပင် မသေမျိုးအလင်းတန်း တဖြည်းဖြည်း မှေးမှိန်သွားပြီး အရာတစ်ခု ပေါ်လာ၏။
လောထျန်း ၎င်းကို သေချာကြည့်လိုက်ရာ ထိုပစ္စည်းက အိုးအဖုံးတစ်ခုနှင့် တူသည်ကို မြင်လိုက်ရသည်။
ထိုအဖုံးပေါ်တွင် ကံကောင်းခြင်းများ စီးမျောနေရုံမက တာအိုထွင်းစာများလည်း ပါဝင်ပြီး ၎င်းမှ ထွက်နေသည့် ကြောက်မက်ဖွယ် ဖိအားကြီးက မိစ္ဆာဝိဥာဥ်ကြီးကို လွှမ်းခြုံထား၏။
ဝီ...
ထိုစဥ်တွင် မိစ္ဆာဝိဥာဥ် လက်ထဲရှိ ပုဆိန်က ရုတ်တရက် အရောင်လက်လာကာ တာအိုထွင်းစာများအား တန်ပြန်တိုက်ခိုက်လာသည်။
ထိုတခဏ၌ မိစ္ဆာဝိဥာဥ်မှာလည်း အနည်းငယ် ပြန်လှုပ်ရှားနိုင်သွား၏။
သို့သော်... ထိုအချိန်မှာပင်... အဖုံးပေါ်မှ ထွင်းစာများက ရုတ်တရက် ပြောင်းသွားပြီး..
သွေးနီရောင် ထွင်းစာများ ကျလာ၏။
ထိုတာအိုထွင်းစာမှာ ယခင်နှင့် လုံးဝမတူဘဲ အစွမ်းလည်း များစွာ ပိုထက်ပါသည်။
မိစ္ဆာဝိဥာဥ်မှာလည်း ထိုသွေးနီရောင်ထွင်းစာ ပေါ်လာသည်နှင့် ဆက်ပြီး တောင့်ခံနိုင်တော့ဟန် မတူပဲ...
ဝုန်း ...
ဖိအားအောက်၌ ဒူးထောက်ကျသွားတော့သည်။
ဝုန်း...
ထိုစဥ် သွေးနီရောင်ထွင်းစာ ထပ်ထွက်လာပြန်၏။
အွတ်..
မိစ္ဆာဝိဥာဥ်မှာ မြေပြင်ပေါ် ဒူးထောက်လျက်သားဖြင့်ပင် လဲကျတော့မလို ဖြစ်သွားသည်။
သွေးနီထွင်းစာများကလည်း ဆက်တိုက်ခိုက်နေပြီး မိစ္ဆာဝိဥာဥ်အား ထိန်းချုပ်ရန်ပင် ကြိုးစားလာ၏။
၎င်းကို ကြည့်နေသော လောထျန်းတစ်ယောက် ဒေါသထွက်သွားကာ ချက်ချင်း မျက်မှောင်ကြုံ့သွားသည်။
" မင်းက ငါ့ရဲ့ ရုပ်သေးရုပ်ကို ငါ့ဆီကနေ လုချင်တယ်ပေါ့လေ "
“မြေနိုး”
လောထျန်း အေးစက်စက် နှာခေါင်းရှုံ့ပြီး အိုးအဖုံးအား ကောက်ကိုင်လိုက်၏။
ဝီ...
အဖုံးဆီမှ တာအိုထွင်းစာတစ်လုံး လောထျန်းလက်ပေါ် ကျသွားသည် ။ သို့သော် ၎င်း၏ အစွမ်းအများစုမှာ မိစ္ဆာဝိဥာဥ်အား ရစ်နှောင်ထားဆဲပင် ။
လောထျန်း နှုတ်ခမ်းမဲ့လိုက်သည်။
ထိုအရာက သူ့ကို ရင်ဆိုင်ရန်အတွက် အစွမ်းလေးနည်းနည်းကိုသာ ထုတ်သုံးခဲ့သတဲ့လား..
ဒီကောင်က ကိုယ့်ကိုကိုယ် ဘာထင်နေပါသနည်း...
သူ့လိုလူက အိုးအဖုံးတစ်ခု၏ လျစ်လျူရှုခြင်းကို ခံရသတဲ့...
သူ မည်သို့ သည်းခံရပါမည်နည်း။
ချက်ချင်းမှာပင်... အရှုပ်အထွေးခန္ဓာကိုယ် အသက်ဝင်လာပြီး ... ..
ဝုန်း ....
လောထျန်းနောက်၌.. ခေါင်းသုံးလုံး ၊ လက်ခြောက်ဖက်ပါသည့် အရိပ်ကြီးတစ်ခု ပေါ်လာသည်။
ချွှင်..
ထိုလက်ခြောက်ခုထဲမှ လက်တစ်ဖက်မှာ ထင်ထင်ရှားရှား ရှိနေကာ ၎င်းကိုင်ထားသည့် အရာကလည်း ကြောက်မက်ဖွယ် ကောင်းလှ၏။
၎င်းမှ ထွက်ကျနေသည့် တာအိုထွင်းစာများမှာလည်း ထူးခြားလှပါသည်။
တစ်ချိန်တည်းမှာပင်.. အိုးအဖုံးပေါ်မှ သွေးနီထွင်းစာများ ပြိုကွဲသွားကာ...
အစွမ်းထက်သော အရောင်အဝါတစ်ခု နေရာအနှံ့ လွှမ်းခြုံသွားသည်။
ထိုစဥ်... မိုင်ရာချီ ဝေးကွာသော တစ်နေရာ၌...
ယွိဝမ်ချန်း နှင့် ကျင့်ဖုန်း တို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ရပ်လိုက်ကြသည်။
သူတို့ခေါင်းထက်ရှိ မသေမျိုးလက်နက်များမှာလည်း အဆက်မပြတ် တုန်ခါနေပြီး ပြိုကွဲသွားတော့မည့်ပုံ ပြလာသဖြင့် သူတို့နှစ်ယောက်လုံး တုန်လှုပ်ကုန်ကြတော့သည် ။
" ဘာတွေ ဖြစ်နေတာလဲ "
ကျင့်ဖုန်း တုန်လှုပ်စွာ မေးလိုက်၏။
" ဒီ ဖိအားက.... မူလမသေမျိုးလက်နက် ပေါ်လာ
တာလား မသိဘူး... "
ယွိဝမ်ချန်းကလည်း တအံ့တသြ ဆိုသည်။
ကျင့်ဖုန်း ခေါင်းယမ်းလိုက်၏ ။
" မဟုတ်ဘူးကွ ။ လုံးဝ သန့်စင်ပြီးသား မူလမသေမျိုးလက်နက် ဆိုရင်တောင် အဝေးကြီးကနေ ဒီလိုအဆင့် သက်ရောက်မှုမျိုး ရှိမှာမဟုတ်ဘူး "
ယွိဝမ်ချန်းက ခေတ္တမျှ စဥ်းစားနေဟန် တူပြီးမှ ပြောလိုက်သည်။
" မသေမျိုးဘုရင် သေသွားပြီးမှ မိစ္ဆာဝိဥာဥ်အဖြစ် ပြောင်းသွားတဲ့ ကောင်ကြီးများလား ။ အဲ့ကောင်ကြီးဆီမှာ မသေမျိုးလက်နက် တစ်ခုရှိတာ ကျုပ် သိတယ် "
ကျင့်ဖုန်း အသက်ပြင်းပြင်း ရှိုက်လိုက်၏။
" အင်း... အစွမ်းထက်တဲ့ မသေမျိုးဘုရင် တစ်ယောက်နဲ့... မသေမျိုးလက်နက် ပေါင်းထားရင်တော့... ဒီလိုအစွမ်းမျိုး ထွက်လာနိုင်မယ် ထင်တယ် "
အမှန်တွင်မူ သူ ခန့်မှန်းလိုက်ခြင်းသာ ဖြစ်ပါသည်။
တဖက်မှ ယွိဝမ်ချန်းက သဘောတူဟန်ဖြင့် ခေါင်းညိတ်၏။
" အဲ့လိုပဲ ဖြစ်မယ်နဲ့တူတယ် "
ကျင့်ဖုန်းက ယွိဝမ်ချန်းဘက် လှည့်ကြည့်၍ ပြောသည်။
" ဟို လင်းရွှမ်ယီ ဆိုတဲ့ မိန်းမက အဲ့ဘက်မှာ ရှိတာ သေချာရဲ့လား "
ယွိဝမ်ချန်းက ခေါင်းယမ်း၍ ပြန်ပြော၏။
" ကျုပ်က ဘယ်တော့မှ အမှားလုပ်လေ့မရှိဘူး "
ကျင့်ဖုန်း နှာခေါင်းရှုံ့လိုက်သည်။
" ဘယ်လိုပဲဖြစ်ဖြစ် ၊ ဟို မိစ္ဆာဝိဥာဥ်ကြီးရဲ့ ပိုင်နက်ထဲ ရောက်သွားရင်တော့ ငါ ဘယ်လိုစွန့်စားမှုမျိုးမှ မလုပ်နိုင်ဘူးနော် "
ယွိဝမ်ချန်း ရယ်လိုက်သည်။
" အကို ကျင့်ဖုန်း ၊ ဘာတွေပြောနေတာလဲဗျ ။ ကျုပ်ကရော အဲ့လိုစွန့်စွန့်စားစားတွေ လုပ်ချင်တယ် ထင်လို့လား ။ ဟို မိစ္ဆာဝိဥာဥ်ကြီးက မသေမျိုးဘုရင်က
နေမှ အသွင်ပြောင်းသွားတာလေ "
ကျင့်ဖုန်းမှာ ခေတ္တမျှ တိတ်နေပြီးမှ တစ်ခုကို တွေးမိသွားဟန်ဖြင့် ပြောလာ၏။
" အဲ့ဒီ မသေမျိုးဘုရင်ကြီး ဘယ်လို သေသွားရလဲဆိုတာ မင်းသိလား "
ယွိဝမ်ချန်းတစ်ယောက် ခဏတာမျှ တွန့်ဆုတ်နေပြီးမှ ပြန်ပြောသည်။
" ကျုပ်လဲ မသိဘူးဗျ ။ အဲ့ မသေမျိုးဘုရင်ကြီး သေသွားတုန်းက သူနဲ့အတူ သွားတဲ့သူတွေအားလုံးလဲ သေသွားခဲ့ကြတာလေ ။ ဒါပေမယ့် ကျုပ်ဆရာဆီကနေ ကြားတာတော့.. အဲ့ကိစ္စက ကြယ်စင်သန့်စင်ကမ္ဘာရဲ့ သခင်ကြီးနဲ့ ဆက်စပ်နေနိုင်တယ်တဲ့ "
" ကြယ်စင်သန့်စင်ကမ္ဘာမှာ သခင်ကြီး ရှိတာလား.. ဘယ်သူလဲ "
ကျင့်ဖုန်း တအံ့တသြ ပြန်မေးလိုက်သည်။
ကြယ်စင်သန့်စင်ကမ္ဘာကို အများက ပိုင်ရှင်မဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြသည်မှာ ကြာလှလေပြီ။
ယခု ပိုင်ရှင်ရှိသည်ဆိုသောသတင်းကို ကျင့်ဖုန်း ယခုမှ ကြားဖူးခြင်းပင် ။
ယွိဝမ်ချန်းက အေးဆေး ပြန်ပြောသည်။
" ကျုပ် ဆရာတောင် မသိဘူးဗျ ။ ဒီနေရာရဲ့ ပိုင်ရှင်ရှိတယ်ဆိုတဲ့ သက်သေတောင် သူ မရှာနိုင်ခဲ့ဘူး ။ ဒါပေမယ့်.. တချို့ သဲလွန်စတွေအရတော့... အရင်တုန်းက ဒီနေရာရဲ့ ပိုင်ရှင် ရှိခဲ့ဖူးတယ်လို့ ပြောတယ် ။ အဲ့ပိုင်ရှင်က အခု သက်ရှိထင်ရှား ရှိ မရှိ ဆိုတာကိုတော့ မပြောတတ်ဘူး "
" ပြောတာတော့ အစွမ်းထက် လက်နက်သန့်စင်သူတွေ တော်တော်များများလဲ အဲ့သတင်းကို ယုံကြတယ်တဲ့ ။ ဒါ့ကြောင့်မို့လဲ သူတို့လို အဆင့်မျိုးရှိတဲ့သူတွေ ဒီကို လာခဲတာပဲ ။ ကောင်းကင်နဲ့မြေကြီးမီးဖို သတင်းကို ကြားတာတောင် အဲ့လူတွေက ဘာမှ မလှုပ်ကြတာပဲကြည့် "
စကားဆုံးအောင် နားထောင်ပြီးနောက်တွင် ကျင့်ဖုန်း၏ မျက်နှာထား အနည်းငယ်ပြောင်းသွားသည်။
၎င်းမှာလည်း လျှို့ဝှက်ချက်ကြီး တစ်ခုပင်..
" ထားပါလေ.. ဒီကိုတောင် ရောက်နေမှတော့ ဘာတတ်နိုင်ဦးမှာလဲ ။ ငါက ကောင်းကင်နဲ့မြေကြီးမီးဖိုတွေ ဘာတွေ မလိုချင်ဘူး ၊ လက်နက်သန့်စင်ခြင်းအနုပညာကျမ်း ကိုပဲ လိုချင်တာ "
ကျင့်ဖုန်း သက်ပြင်းချလိုက်သည်။
ထို့နောက်တွင်မူ သူတို့နှစ်ဦးလုံး အရှိန်လျှော့ပြီး လောထျန်းတို့ ရှိသည့်ဘက် ဆက်သွားလိုက်ကြ၏။
တဖက်တွင်ကား ...
ဝုန်း...
လောထျန်း၏ အရှုပ်အထွေးခန္ဓာကိုယ် ပေါ်လာသည်နှင့် အိုးအဖုံးပေါ်မှ သွေးနီထွင်းစာများ ရုတ်ချည်း ပြိုကွဲသွားတော့သည်။
မိစ္ဆာဝိဥာဥ်မှာလည်း အသက်ရှူပြန်ချောင်သွား၏။
သို့သော်.. လေထဲမှ အိုးအဖုံးမှာကား အလွန်ကြောက်ရွံ့ဟန်ဖြင့် တဆတ်ဆတ် တုန်နေရှာသည်။
လောထျန်းက ၎င်းအား အေးစက်စက်ကြည့်၍ လက်တစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။
" မ... မသတ်ပါနဲ့ဗျာ... "
အိုးအဖုံးပေါ်မှ အသံလှိုင်းတစ်ခု ရုတ်ချည်း ပေါ်လာသည်။
" ဟင်.. ဒီကောင်ကြီးက စိတ်စွမ်းအင်အသိဉာဏ် နိုးထပြီးသားလား "
၎င်းကိုကြည့်ကာ လောထျန်း အံ့အားသင့်သွား၏။
သို့သော်.. သူ စိတ်လည်းအေးသွားသည်။
ထို အိုးအဖုံးမှာ မည်သို့ပင်ကြည့်ကြည့် မသေမျိုးလက်နက် တစ်ခုပုံပေါ်သည် မဟုတ်ပါလား ။
ထို့အပြင် ၎င်းက အတန်အသင့် ဟောင်းနွမ်းဟန်လည်း ရှိပေရာ.. စိတ်စွမ်းအင်အသိဉာဏ် ရှိသည်မှာ မဆန်းလှပေ။
သို့သော်... လောထျန်း ခေါင်းငုံ့ကြည့်လိုက်မိသည့်
အချိန်တွင်မူ မြေပြင်တွင် လဲကျကာ သေလုမျောပါးပုံ ဖြစ်နေသည့် မိစ္ဆာဝိဥာဥ်အား တွေ့သွားပြီး ချက်ချင်း ဒေါသထွက်သွား၏။
" မျိုးမစစ်ကောင် ၊ မင်းက ငါ့လူကို ဒီလိုအခြေအနေထိ ရောက်အောင် လုပ်ရဲတယ်ပေါ့လေ ။ မင်းကို သတ်ပစ်မှပဲ တရားရာ ကျတော့မယ် "
သူ့စကားကို ကြားသောအခါ တဖက် အိုးအဖုံးဆီမှ စိတ်စွမ်းအင်လှိုင်း ထပ်ထွက်လာပြီး ငိုသံကြီးဖြင့် ပြောသည်။
" သခင်ကြီး.... သေချာ သတိထားပြီး ကြည့်လိုက်ပါဦးဗျာ ။ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေရဲ့ 90% က သခင်ကြီးရဲ့ ဖိအားကြောင့် ရထားတာတွေပါ ။ ကျုပ်ကို အပြစ်မတင်ပါနဲ့ "
" အင်... "
လောထျန်း အံ့အားသင့်သွားရတော့သည်။
သူ မြေပြင်တွင် လဲနေသော မိစ္ဆာဝိဥာဥ်ကိုတစ်လှည့် ၊ သူ့နောက်မှ အရိပ်ကြီးကိုတစ်လှည့် ကြည့်လိုက်ပြီးမှ တဖက်လူ၏ စကားက အမှန်ဖြစ်ကြောင်း သိလိုက်
ရ၏။
ထို့အပြင်.. မိစ္ဆာဝိဥာဥ်မှာ ထပ်ပြီးလည်း တောင့်ခံနိုင်သည့်ပုံ မရှိတော့ပါချေ ။
လောထျန်း ချက်ချင်း ဝိဥာဥ်တစ်ရာကားချပ်လိပ် ကို ထုတ်ကာ မိစ္ဆာဝိဥာဥ်အား အထဲဝင်ခိုင်းလိုက်ရတော့သည်။
ထို့နောက်တွင် အိုးအဖုံးက တုန်တုန်ယင်ယင်ဖြင့် ပြောလာ၏။
" သခင်ကြီး... ကျေးဇူးပြုပြီးတော့ သခင်ကြီးနောက်က အရိပ်ကို ပြန်သိမ်းပေးလို့ ရမလားဗျာ ။ ဒါမှမဟုတ်လဲ အနည်းဆုံး... အရိပ်ကြီးလက်ထဲက လက်နက်ကို သိမ်းပေးပါလား.. ။ ကျုပ်.. ကျုပ် ဆက်ပြီး တောင့်မခံနိုင်တော့လို့ပါ "
လောထျန်း မျက်မှောင်ကြုံ့လိုက်သည်။
" မင်းက မူလမသေမျိုးလက်နက် တစ်ခုမဟုတ်လား ။ ဘယ်လိုဖြစ်ပြီးတော့ အရိပ်ကိုတောင် မခံနိုင် ဖြစ်နေရတာလဲ "
အိုးအဖုံးမှာ အချိန်အတန်ငယ်ကြာ ဆွံ့အနေပြီးမှ ပြန်ပြောရှာသည်။
" ကျုပ်က မူလမသေမျိုးလက်နက် ဆိုတာ မှန်ပါတယ် ။ ဒါပေမယ့်.. သခင်လေးရဲ့ လက်နက်က ကျုပ်ထက် ပိုအဆင့်မြင့်တယ်ဗျ "
" မင်းထက် ပိုမြင့်တယ်... ဟုတ်လား ၊ ဒါဆို ဘယ်အဆင့်လဲ "
လောထျန်း တအံ့တသြ ပြန်မေးလိုက်သည်။