ကောင်းကင်နှင့်မြေကြီး မီးဖိုအဖုံး
Vol. 48 Ch. 666
" အဲ့ဒါတော့ မသိဘူးဗျ ၊ ကျုပ်ထက် ပိုမြင့်တာတော့ သေချာတယ် ။ အများကြီးကို ပိုမြင့်တာ "
အိုးအဖုံးက တုန်တုန်ယင်ယင် ပြန်ပြောသည်။
ထိုစဥ်တွင် အဖုံးပေါ်မှ ထွင်းစာများမှာ ပြိုကွဲလိုက် ၊ ပြန်ပေါ်လာလိုက်ဖြင့် သံသရာလည်နေပြီး လုံးဝ ပြိုကွဲသွားတော့မည့် လက္ခဏာများ ပြလာ၏။
၎င်းကို မြင်သောအခါ လောထျန်း မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
" ကောင်းပြီ ၊ ခု ခဏ သိမ်းထားပေးမယ် ။ ဒါပေမယ့်.. ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်နော် ၊ မင်း ထွက်ပြေးရဲလို့ကတော့ မင်းကိုငါ သတ်ပစ်မှာ "
" ကျုပ် မပြေးရဲပါဘူးဗျာ "
တဖက်မှ အသံတုန်တုန်ဖြင့် ပြန်ပြော၏။
ထို့နောက်တွင် လောထျန်း လက်ယမ်းလိုက်ရာ အရိပ်
ကြီး ပြန်ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်မှ ဖိအားလည်း ချက်ချင်းပျောက်သွားသည်။
အိုးအဖုံးပေါ်မှ တာအိုထွင်းစာများလည်း ပြန်တည်ငြိမ်သွားကြ၏။
" ကျုပ်ကို မသတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီးရယ် "
အိုးအဖုံးက အသံတုန်တုန်ဖြင့် ဆိုရှာသည်။
လောထျန်းက သူ့အား အေးစက်စက် ကြည့်ကာ မေး၏။
" မင်းက ဘယ်သူလဲ "
တဖက်က ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ပြန်ဖြေသည်။
" ကျုပ်က ကောင်းကင်နဲ့မြေကြီး မီးဖိုပါ "
" ကောင်းကင်နဲ့မြေကြီး မီးဖို.. ဟုတ်လား "
ကြားလိုက်ရသည့် စကားကြောင့် လောထျန်း အံ့အားသင့်သွားရသည်။ ပြီးနောက်တွင်.. သူ လေသံမာမာဖြင့် ပြန်အော်လိုက်၏။
" မင်း ငါ့ကို နောက်နေတာလား "
ဝုန်း...
ကြောက်မက်ဖွယ် ဖိအားကြီး ပြန်ပေါ်လာကာ တဖက်လူအား လွှမ်းခြုံလာပြန်သည်။
အိုးအဖုံးက ငိုသံကြီးဖြင့် ချက်ချင်းပြန်ပြော၏။
" ကျုပ် မနောက်ပါဘူး သခင်ကြီးရယ် "
လောထျန်း အံကြိတ်လိုက်ပြီး ပြောသည်။
" မင်းက ကောင်းကင်နဲ့မြေကြီးမီးဖို.. ဟုတ်လား "
" ဟုတ်ပါတယ် "
လောထျန်း အေးစက်စက် ဆက်ပြော၏။
" ကောင်းကင်နဲ့မြေကြီးမီးဖို ဆိုရင်.. မီးဖိုရှိရမှာပေါ့ ။ မင်းလိုပုံစံ မီးဖိုမျိုး ဘယ်မှာရှိလို့လဲ "
သူ့စကားကြောင့် တဖက်မှ အဖုံးမှာ ငိုချလိုက်တော့သည်။
" ကျုပ်စကား မဆုံးသေးပါဘူး သခင်ကြီးရယ် ။ ကျုပ်က တကယ်လဲ ကောင်းကင်နဲ့မြေကြီးမီးဖို ပါ ။
ဒါပေမယ့်... ကျုပ်က အဲ့မီးဖိုရဲ့ အဖုံးဗျ "
လောထျန်း : " .......... "
ကောင်းကင်နှင့်မြေကြီးမီးဖို၏ အဖုံးတဲ့လား..
ဖြစ်နိုင်ပါသလား...
" ဘာတွေဖြစ်နေတာလဲ ရှင်းရှင်းလင်းလင်း ပြောစမ်း "
လောထျန်း မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
" အဲ့ကိစ္စက ရိုးရိုးလေးပါ သခင်ကြီး ။ ကျုပ်ရဲ့ ကောင်းကင်နဲ့မြေကြီးမီးဖိုက သဘာဝ မူလမသေမျိုးလက်နက် တစ်ခုပါ ။ ကျုပ်က ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုအစွမ်း လမ်းညွှန်မှုနဲ့ ဒီ ကြယ်စင်သန့်စင်ကမ္ဘာထဲမှာပဲ မွေးဖွားလာတာပါ ။ ဒီကမ္ဘာရဲ့ ပထမဆုံး သဘာဝ မူလမသေမျိုးလက်နက် လို့လဲ ပြောလို့ရတယ်ဗျ "
" ကျုပ် မွေးလာပြီးတဲ့နောက်မှာ ဒီကြယ်စင်သန့်စင်ကမ္ဘာထဲက တခြား မူလမသေမျိုးလက်နက်တွေကို
အသွင်ပေါ်လာအာင် ကူညီပေးခဲ့ပါတယ် "
အဲ့အချိန်အတွင်းမှာ အစွမ်းထက်တဲ့ လူတစ်စုက ကျုပ်ရဲ့ ဖြစ်တည်မှုကို သိသွားပြီးတော့ ကျုပ်ကို သန့်စင်ဖို့ ကြိုးစားလာကြတယ်ဗျ ။ ဒါပေမယ့်.. ကျုပ် ချဲ့ကားပြီးပြောတာ မဟုတ်ပါဘူး ... ပြီးပြည့်စုံတဲ့ မူလမသေမျိုးလက်နက်က မသေမျိုးဘုရင်အဆင့်ရဲ့ အထက်မှာ ရှိပါတယ် ။ ဒါ့ကြောင့်မို့လဲ ကျုပ်ကို သန့်စင်ဖို့ကြိုးစားလာတဲ့ သူတွေအားလုံးကို ကျုပ် အနိုင်ယူနိုင်ခဲ့ပါတယ် ။ တချို့ ပိုရူးတဲ့သူတွေဆို အသတ်တောင် ခံခဲ့ကြရတာပါ "
" ဒါပေမယ့် နောက်ပိုင်းမှာတော့ ကြယ်စင်သန့်စင်ကမ္ဘာကို ထူးဆန်းတဲ့ လူတစ်ယောက် ရောက်လာခဲ့တယ်ဗျ ။ အဲ့လူက အင်မတန်အစွမ်းထက်ပြီးတော့ သူ့ရဲ့ နည်းတွေကလဲ အင်မတန်ကို အညှာတာမဲ့တယ် ။ သူက ကျုပ်ကို ထောင်ချောက်တစ်ခုဆင်ပြီး ထွက်လာအောင် လုပ်ခဲ့တယ်ဗျ ။ ပြီးလဲပြီးရော ကျုပ်ကို ထူးဆန်းတဲ့ သွေးတစ်မျိုးနဲ့ ပက်ခဲ့တယ် ။ အဲ့သွေးကြောင့်မို့ ကျုပ် မိစ္ဆာအဖြစ် မြန်မြန်ပြောင်းသွားခဲ့ရတယ် "
" ဒါပေမယ့်.. အရေးကြီးဆုံး ဖြစ်နေတဲ့အချိန်မှာ ကျုပ် ဆုံးဖြတ်ချက်ကို မြန်မြန်ချပြီးတော့ ကျုပ်ရဲ့ စိတ်စွမ်းအင်အသိဉာဏ်ကို နှစ်ပိုင်းခွဲခဲ့တယ်ဗျ ။ ပြီးတော့ အသည်းအသန် ထွက်ပြေးခဲ့တာပဲ ။ နောက်ဆုံးမှာ ကျုပ်က လွတ်သွားခဲ့ပေမယ့် ကျုပ်ရဲ့ တခြားတစ်ပိုင်းကတော့ လွတ်အောင်မပြေးနိုင်ပဲ ဟိုလူကြောင့် လုံးဝ တိုက်စားခံခဲ့ရတယ် "
" ထွက်ပြေးလာနိုင်တဲ့ ကျုပ်တောင်မှ အဲ့ထူးဆန်းတဲ့သွေး တစ်စက် စွန်းခဲ့ရတယ် "
" ဒါ့ကြောင့်မို့ ကျုပ်ကိုယ်ကျုပ် ဒီမှာပဲ ချုပ်နှောင်ပြီးတော့ အဲ့သွေး တဖြည်းဖြည်းပျောက်သွားမှာကို မျှော်လင့်နေခဲ့တာပါ "
" အဲ့နောက် မကြာခင်မှာတော့.. မသေမျိုးဘုရင်တစ်ယောက် ရောက်လာခဲ့... အဲ.. သခင်ကြီးရဲ့ ရုပ်သေးရုပ် ရောက်လာခဲ့တာပေါ့ဗျာ ။ သူက ကျုပ်ရှိတဲ့နေရာကို တစ်နည်းနည်းနဲ့ သိသွားခဲ့ပြီးတော့ ကျုပ်ကို သန့်စင်ဖို့ ကြိုးစားခဲ့တယ် ။ ဒါပေမယ့်.. ကျုပ်က အဖုံးသက်သက်ပဲမို့ သာမာန်မသေမျိုး တစ်ယောက်လောက်ပဲ အစွမ်းရှိတဲ့အတွက် သူ့ကို ဘာမှမလုပ်နိုင်ခဲ့ဘူး "
" ဒါပေမယ့်.. အဲ့ကောင်ကြီးက ကံဆိုးရှာပါတယ် ။ သူ သန့်စင်ဖို့ ကြိုးစားလိုက်တဲ့ဟာက ကျုပ်ကို စွန်းနေတဲ့ သွေးစက် ဖြစ်နေတော့ ၊ သူ အဆိပ်ကြောင့် သေသွားပြီး မိစ္ဆာဝိဥာဥ်အဖြစ် ပြောင်းသွားခဲ့တာပဲ "
ထိုစဥ် ကောင်းကင်နှင့်မြေကြီးမီးဖို အဖုံးက ရုတ်တရက် တုန်လာပြီး ဆက်ပြော၏။
" သခင်ကြီး ကျုပ်က.. လက်ရှိမှာ သာမာန်မသေမျိုး တစ်ယောက်လောက်ပဲ အစွမ်းရှိတာပါဗျာ ။ ခုနက သခင်လေးရဲ့ ရုပ်သေးရုပ်နဲ့ သခင်လေးကို တိုက်ခိုက်ခဲ့တာကလဲ ဟို ထူးဆန်းတဲ့သွေးစက်ရဲ့ လက်ချက်ပါ ။ ကျုပ်နဲ့ ဘာမှမဆိုင်ပါဘူး "
တဖက်လူ၏ စကားဆုံးအောင် နားထောင်ပြီးနောက် လောထျန်း မျက်မှောင် အနည်းငယ်ကြုံ့သွားသည်။
" မင်းပြောတဲ့ ထူးဆန်းတဲ့သွေးစက်ကို ပြစမ်းပါဦး ။ အဲ့သွေးစက်က ဘာတွေအဲ့လောက်ထူးဆန်းလို့လဲ "
လောထျန်း ပြောလိုက်သည်။
တဖက်မှ အဖုံးမှာ ခဏတာမျှ တွန့်ဆုတ်နေပြီးမှ
လောထျန်းအနီးသို့ ပျံသန်းလာ၏။
လောထျန်း ခေါင်းငုံ့ပြီး သေချာကြည့်လိုက်ရာ အဖုံးပေါ်မှ အနီရဲရဲ သွေးစက်အား မြင်လိုက်ရသည်။
၎င်းသွေးစက်မှာ ကြည့်ကြည့်ချင်းတွင် သာမာန်ဟုသာ ထင်ရသော်လည်း.. သေချာကြည့်လိုက်ချိန်တွင်မူ ၎င်းမှ ထူးဆန်းသော အရောင်အဝါတစ်ခု စဥ်ဆက်မပြတ် ထုတ်လွှတ်နေပါ၏။
လောထျန်း လက်ဆန့်၍ ၎င်းကိုထိရန် ပြင်လိုက်သည်။
" ခဏနေပါဦး သခင်ကြီး.. "
အဖုံးက သူ့အား ချက်ချင်းတားလာ၏။
" သခင်ကြီး ၊ ဒီသွေးစက်က ထူးဆန်းလွန်းတယ်ဗျ ။ ဒါကို သခင်ကြီးရဲ့ ခန္ဓာကိုယ်နဲ့ တိုက်ရိုက် မထိပါစေနဲ့.. မဟုတ်ရင် သခင်ကြီး တိုက်စားခံရနိုင်တယ် "
အဖုံးက ဆိုသည်။
လောထျန်း ခဏတာမျှ မှင်သက်သွားပြီးမှ ပြန်ပြော
လိုက်၏။
" မင်းပြောတာ မှန်တယ် ၊ ဒါကို တိုက်ရိုက်ကြီး သွားထိလို့ မကောင်းဘူး "
ကောင်းကင်နှင့်မြေကြီးမီးဖို အဖုံး စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
ထိုစဥ် လောထျန်းက လက်ဆန့်၍ ဓားတစ်လက်ကို ဆွဲထုတ်ကာ ပြော၏။
" သူက သွေးစက်ဆိုတော့... ငါလဲ သွေးစက်နဲ့ စမ်းကြည့်လိုက်မယ် "
" အင်... "
တဖက်မှ အဖုံးမှာ မှင်သက်သွားရတော့သည်။
ထူးဆန်းသောသွေးစက်ကို.. သူ့ကိုယ်ပိုင် သွေးစက်နဲ့ စမ်းကြည့်မည်တဲ့လား ....
ဘာတွေပါလဲ...
သူ တားလိုက်ချင်သော်လည်း နောက်ကျသွားခဲ့လေပြီ ။
ဇွတ် ....
လောထျန်းက လက်ချောင်းထိပ်ကို ဖောက်လိုက်ပြီးနောက်... ကောင်းကင်နှင့်မြေကြီးမီးဖို အဖုံးပေါ်ရှိ သွေးစက်ပေါ်သို့ သူ့သွေးစက်ကို ချလိုက်၏။
ဝီ....
ချက်ချင်းမှာပင် မီးခိုးငွေ့တစ်ခု ထွက်လာသည်။
" အား.... "
အဖုံးဆီမှ အော်သံ ထွက်လာပြီး.. ထိုတဏ၌ သူ မူးနောက်သွားကာ သူ့ စိတ်ဝိဥာဥ်အသိစိတ် တစ်ခုလုံး ပြိုကွဲသွားရတော့မလို ခံစားလိုက်ရသည်။
သို့သော်... နောက်ဆုံးတွင်မူ.. သူ့ခေါင်း ပြန်ကြည်သွားပြီး သူ့အား နှစ်ပေါင်းများစွာကြာ တိုက်စားနေခဲ့သည့် အရာမှာလည်း မရှိတော့သည်ကို တွေ့လိုက်ရ၏။
သို့သော်... တစ်ခုခု လွဲနေဆဲပါပင် ...
တခဏအကြာတွင်မူ.. သူ အသိပြန်ဝင်သွားတော့သည်။
" ငါ... ငါ.. သန့်စင်ခံလိုက်ရပြီလား.. "
အဖုံးထံမှ တအံ့တသြ ရေရွတ်သံ ထွက်လာ၏။
ထိုတခဏ၌ သူ့ရင်ထဲတွင် ဝမ်းနည်းမှုနှင့် ဝမ်းသာမှုတို့ ရောပြွန်းနေတော့သည်။
ဝမ်းသာရသည့်အကြောင်းမှာ သူ့အား နှစ်ပေါင်းများစွာကြာ တိုက်စားပြီး သူ့ကိုသန့်စင်ရန် ကြိုးစားနေခဲ့သည့် သွေးစက်က ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့်ပင် ။
ဝမ်းနည်းစရာမှာကား... သူ အခြားသွေးစက်တစ်ခု၏ တိုက်ရိုက်သန့်စင်ခြင်းကို ခံလိုက်ရသောကြောင့် ဖြစ်ပါ၏။
ဘာတွေ ဖြစ်နေပါသနည်း...
" ဝိုး.. တကယ်ကြီး အလုပ်ဖြစ်သွားတာပဲ "
ထိုစဥ် လောထျန်းက ရှေ့မှ အဖုံးကိုကြည့်ရင်း အံ့သြ
တကြီး ပြောလာသည်။
" ငါ မင်းကို လွတ်လွတ်လပ်လပ် ထိန်းချုပ်လို့ ရသွားသလို ခံစားရတယ် "
လောထျန်း ဆက်ပြော၏။
ကောင်းကင်နှင့်မြေကြီး မီးဖိုအဖုံးမှာ ပိုပို၍ ဆွံ့အသွားရတော့သည်။
သူ့ကို လုံးဝ သန့်စင်ပြီးသွားပြီဖြစ်ရာ.. မထိန်းချုပ်နိုင်ဘဲ မည်သို့နေမည်နည်း ။
" အရိုအသေပေးပါတယ် သခင်ကြီး "
ကောင်းကင်နှင့်မြေကြီး မီးဖိုအဖုံးမှာ ငိုသံကြီးဖြင့် ပြောလိုက်ရတော့သည်။
ယခုချိန်မှစ၍ သူ့တွင် လွတ်လပ်မှု မရှိတော့ပဲ ရှေ့မှ လောထျန်း၏ အမိန့်ကိုသာ နာခံရတော့ပေမည် ။
" အင်း.. ကောင်းတယ်ကွာ ။ ငါကလဲ သန့်စင်လို့ရတဲ့ မီးဖိုတစ်ခု လိုနေတာနဲ့ အတော်ပဲ ။ နာမည်ကတောင် ကောင်းကင်နဲ့မြေကြီးမီးဖို ဆိုတော့
တော်တော်အစွမ်းထက်မှာပဲ ။ မင်း အရင်ဆုံး ငါ့ရဲ့ သွေးစက်ကို သန့်စင်လိုက် "
လောထျန်း ပြော၏။
" သန့်စင်ရမယ်... တကယ်ကြီး သန့်စင်လို့ရတာလား သခင်ကြီး "
ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံး မှာ ကြားလိုက်ရသည့်စကားကြောင့် အံ့သြမှင်သက်သွားရသည်။ အစပိုင်းတွင် လောထျန်းက သူ့သွေးစက်အား ပြန်ယူလိမ့်မည်ဟုသာ သူ ထင်ထားခဲ့ပါ၏။
" ဒါပေါ့ကွ ၊ မင်းက စိတ်စွမ်းအင်အသိဉာဏ် နိုးထပြီးသား မဟုတ်ဘူးလား။ သွေးစက်ကို မသန့်စင်နိုင်ဘူးလား "
လောထျန်း ပြန်မေးလာသည်။
လက်နက်သန့်စင်ခြင်း အနုပညာကျမ်းတွင်... အသိဉာဏ်နိုးထပြီးသား မသေမျိုးလက်နက်များက အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်၏ သွေးအား သန့်စင်နိုင်သည်ဟု ရေးထားသည်ကို သူ မှတ်မိပါသည်။
" ဟုတ်ကဲ့... သန့်စင်နိုင်ပါတယ် "
တဖက်မှ အဖုံးက ပြန်ပြောလိုက်သည်။
ထို့နောက်တွင်...
ဝီ...
မသေမျိုး အလင်းတန်းတစ်ခု လက်သွားပြီးနောက်.. သွေးစက်အား အသည်းအသန် စုပ်ယူလိုက်တော့၏။
ထိုသွေးစက်၏ ပိုင်ရှင်ဖြစ်သော လောထျန်းက လိုလိုလားလား ခွင့်ပြုပေးထားသည့်အတွက်... အဖုံး၏ သွေးစက်ကို စုပ်ယူနှုန်းမှာလည်း အလွန်လျင်မြန်လှတော့သည်။
ဤသို့ဖြင့် မကြာခင်မှာပင် ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံး က သွေးစက်အား သန့်စင်၍ ပြီးသွားတော့၏။
တစ်ချိန်တည်းမှာပင် ၎င်းဆီမှ ကြောက်မက်ဖွယ် နတ်ဘုရားအလင်းတန်းတစ်ခု တိုးထွက်လာသည်။
" ကျုပ်... ကျုပ်... အဆင့်တက်သွားတာလား.. "
ကောင်းကင်နှင့်မြေကြီးမီးဖိုအဖုံး ဆီမှ.. တအံ့တသြ ရေရွတ်သံ ထွက်လာ၏။