အပိုင်း ၁၂၁
Vol. 9 Ch. 121
ချင်ရှန့်က ဒီတစ်ကြိမ်တော့ အများကြီးအားထုတ်ထားသည်။ စစ်တက္ကသိုလ်မှ ကျောင်းသားတွေကလွဲပြီး ကျန်ပါဝင်တဲ့သူတွေအားလုံးဟာ ဖျော်ဖြေရေးအသိုင်းအဝန်းထဲရှိ ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြသည်။
မော့ချူး ဘာမှမခံစားရပေမယ့် မော့ယန်ကတော့ ဘေးကနေကြည့်ကာ အရမ်းစိတ်လှုပ်ရှားနေသည်။
"အစ်ကို၊ ဘယ်လိုထင်လဲ?" မော့ချူးက ဒီရှိုးကိုသွားဖို့ သိပ်စိတ်မဝင်စားပေမယ့် ရက်ရောလှတဲ့ဆုက သူမကိုအမှန်တကယ် စွဲဆောင်သွားသည်။
သူမအနေနဲ့ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'ကိုဖွင့်ထားပေမယ့် တစ်လလျှင် ငါးကြိမ်သာရောင်းတာဖြစ်သည်။ သူမမှာ ဝင်ငွေနည်းနည်းရှိပေမယ့် အများကြီးတော့ မဟုတ်ပေ။ ဒါ့အပြင် ဘယ်သူကများ အလကားရမယ့်ပိုက်ဆံကို မလိုချင်မှာလဲ?
"အစ်ကိုလည်း ပါနိုင်မယ်လို့ထင်တယ်" မော့ယန် ခေါင်းညိတ်လိုက်သည်။ အချက်အလက်ထဲက လူစာရင်းကို ကြည့်ရင်း သူ့မျက်လုံးတွေထဲ စိတ်လှုပ်ရှားတဲ့ အရိပ်အယောင်တွေ ပေါ်လာသည်။
စုန့်ချင်းစုန့် ဒါက သူအမြဲကိုးကွယ်ခဲ့ရတဲ့ idol ဖြစ်သည်။ သူနဲ့နီးနီးကပ်ကပ် တွေ့ခွင့်ရမယ်ဆိုတာက မော့ယန်တွေးတောင် မတွေးကြည့်ရဲတဲ့ အရာတစ်ခုဖြစ်သည်။
စုန့်ချင်းစုန့်ဟာ တစ်ချိန်က အဆင့်မြင့်မျိုးဆက်တွေနဲ့ တန်းတူ သတ်မှတ်နိုင်သူတစ်ဦးဖြစ်သည်။ တစ်ခါ သူ့ရဲ့ထက်မြက်မှုသည် အဆင့်မြင့်မျိုးဆက်ထက်ပင် ကျော်လွန်သွားခဲ့သည်။
ကံဆိုးစွာနဲ့ဘဲ ကောင်းကင်ဘုံဟာ ပါရမီရှင်တွေကို မနာလိုဖြစ်တတ်ကြသည်။ သူ့ရဲ့ ထက်မြက်မှုအတောက်ပဆုံး ဖြစ်နေတဲ့အချိန် စုန့်ချင်းစုန့်ဟာ မျိုးရိုးဗီဇပျက်ပြားတဲ့ရောဂါကို ခံစားခဲ့ရသည်။ သူ့ရဲ့ထူးခြားတဲ့စွမ်းရည်တွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ စုန့်ချင်းစုန့်ကို မပြောနဲ့ဦး သာမန်လူတစ်ယောက်အတွက်ဆိုရင်တောင် ဒါက စိတ်ကူးကြည့်လို့တောင်မရတဲ့ နာကျင်မှုတစ်ခုပင်။
သို့ပေမယ့် သူ လက်မလျှော့ခဲ့ပါချေ။ သူဟာ ကုသမှုအစီအစဉ်တွေကို ရှာဖွေရင်း လှည့်ပတ်သွားလာခဲ့ကာ ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ရောက်လာခဲ့သည်။ သူ့ရဲ့ ကျော်ကြားမှုနဲ့ ချောမောတဲ့ အသွင်အပြင်ကြောင့် ဖျော်ဖြေရေးနယ်ပယ်ထဲ အရှိန်အဟုန်နဲ့ ထိုးတက်လာခဲ့သည်။
"ကောင်းပြီ ဒါဆို ပါကြရအောင်" မော့ချူးက သူတို့နှစ်ယောက်ရဲ့ ထင်မြင်ယူဆချက်တွေကို ပေါင်းစပ်ကာ နိဂုံးချုပ်လိုက်သည်။
ဒီ reality show ရဲ့ ရိုက်ကွင်းအချိန်က အရမ်းသင့်တော်သည်။ နှစ်ပတ်အကြာမှ ရိုက်ကူးမှာ ဖြစ်သည်။ သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှု ပြီးသွားရင် တစ်ပတ်လောက် အနားယူပြီး ပြင်ဆင်လို့ရသည်။ ဒီလိုမှမဟုတ်ရင်၊ သူတို့ရဲ့ မွဲခြောက်ခြောက်မျက်နှာတွေနဲ့ အွန်လိုင်းပေါ်ရောက်သွားရင် တကယ်ရှက်စရာကောင်းနေလိမ့်မည်ပင်။
ဝိုင်းဝိုင်းက ပိုပြီးအရိပ်အကဲသိလာသည်။ မော့ချူးနဲ့ တခြားသူတွေ လေးလေးနက်နက် ကိစ္စရပ်တွေအကြောင်း ပြောလို့ပြီးသွားတာကို မြင်တာနဲ့ ခုန်ပေါက်ရောက်လာကာ မော့ချူးကို မျှော်လင့်နေတဲ့အကြည့်နဲ့ စိုက်ကြည့်လာသည်။
"အာဝူး အာဝူး-" နေ့ခင်းကျရင် မင်း ငါ့ကို လျော်ကြေးပေးမယ်လို့ ပြောထားတယ်လေ။ အခု မင်းရဲ့ ကတိကို ဖြည့်သင့်ပြီမဟုတ်ဘူးလား?
မော့ချူးလည်း ဒီအသေးလေးရဲ့ အတွေးကိုသဘောပေါက်လိုက်သည်။ သူမက သူ့ခေါင်းကိုပုတ်ကာ မီးဖိုချောင်ဘက်ဆီ လှည့်ကြည့်လိုက်သည်။ "ခဏနေကျရင် သွားချက်မယ်!"
ဝိုင်းဝိုင်းရဲ့အကြိုက်ကလည်း ပြောင်းနေတာဖြစ်သည်။ အရင်တုန်းကတော့ စားစရာရှိရင်အဆင်ပြေပြီဖြစ်သည်။ အခုကျတော့ ဟင်းပွဲအသစ်တွေကိုပဲ ပြောတော့သည်။
ဒါပေမယ့် ဖြစ်ချင်တော့နေ့ခင်းတုန်းက သူမဆားရည်စိမ်ခဲ့တဲ့ ဟင်းသီးဟင်းရွက်တွေက ရခါနီးပြီဖြစ်သည်။
မော့ချူး ပန်းကန်လုံးတစ်လုံးကိုထုတ်ကာ ဂေါ်ဖီချဉ်နဲ့ မုန်လာဥနီချဥ်တို့ကို ထည့်လိုက်သည်။ သူမ တူနဲ့ညှပ်ကာ အရင် မြည်းကြည့်လိုက်သည်။ အင်း၊ အရသာက သိပ်တော့မဆိုးဘူး။ ဒီအသီးအရွက်နှစ်မျိုးရဲ့ ကြွပ်ကြွပ်အရသာကို ထိန်းထားနိုင်ရုံသာမက ငန်ကာ၊ မွှေးပြီးစပ်တဲ့အရသာလည်း ရှိသေးသည်။ သူမက အဲ့ဒီထဲ ပဲဆီနည်းနည်းဆမ်းလိုက်ပြီး နည်းနည်းမွှေလိုက်သည်။ ပြီးရင်တော့ စားပွဲပေါ်မှာတည်ခင်းလို့ရပြီပင်။
ဒါ့အပြင် ငါးနဲ့ပဲအနှစ်တွေလုပ်တုန်းက ပဲအနှစ်တွေအများကြီး ကျန်နေသေးသည်။ မော့ချူးက တစ်ချို့ကို တို့ဟူးဖြစ်အောင် လုပ်ထားပြီးသားပင်။ ဒီနေ့မှာ သူမက အခြားနာမည်ကြီးဟင်းလျာဖြစ်တဲ့ မာဖို့တို့ဟူးကို လုပ်မည်ဖြစ်သည်။
အရင်ဆုံး သူမက တို့ဟူးကို ရေဆေးပြီး တစ်လက်မအရွယ် အတုံးလေးတွေဖြစ်အောင် လှီးလိုက်သည်။
အိုးထဲကို ရေထည့်၊ ဆားထည့်ပြီး တည်ထားလိုက်သည်။ နောက်တော့ လှီးထားတဲ့ တိုဟူးတုံးတွေကို ထည့်ကာ နှစ်မိနစ်လောက်ပြုတ်လိုက်သည်။ ဒီအဆင့်က တို့ဟူးနံ့ကိုဖယ်ရှားဖို့ပင်။ ပြီးသွားတော့ သူမ တို့ဟူးတုံးတွေကိုဂရုတစိုက်နဲ့ ဆယ်လိုက်သည်။
တကယ်တော့ မာဖို့တို့ဟူးအမှန်ကတော့ အများစုကို အမဲသားနဲ့ ပြုလုပ်ထားတာဖြစ်သည်။ သို့ပေမယ့်၊ သူမမှာက အရင်းအမြစ်တွေ အကန့်အသတ် ရှိတာကြောင့် ယာယီအနေနဲ့ ဝက်သားကိုပဲ အစားထိုးနိုင်သည်။ ဒါကိုတွေးမိရင်း မော့ချူးတစ်ယောက် သူမရဲ့အနာဂတ်အစီအစဉ်တွေမှာ 'အသားသစ်ရှာရန်' ဆိုတဲ့ တာဝန်ကိုလည်း ထည့်သွင်းလိုက်သည်။
မော့ချူး ခလုတ်ခုံထဲကနေ နူးညံ့တဲ့ တောဝက်သားတစ်ပိုင်းကို ထုတ်ကာဝက်သားကို နုပ်နုပ်မစဥ်းခင် ခပ်ပါးပါးလှီးလိုက်သည်။
သဘာဝအလျောက်၊ အရာရာစွမ်းတဲ့ ရေပေါင်းပင်တွေကိုလည်း ချန်ထားလို့မရပေ။ တစ်ပိုင်းကို နုပ်နုပ်စဉ်းပြီး ကျန်တစ်ပိုင်းကို အပိုင်းသေးသေးလေးတွေဖြစ်အောင်လှီးလိုက်သည်။