အပိုင်း ၁၂၈
Vol. 9 Ch. 128
မော့ယန်ရဲ့ ဖွဲ့စည်းပုံက အရမ်းကောင်းသည်။ လက်ထောက်လေးက သူ့ရဲ့မျက်နှာကို အကြိမ်အနည်းငယ်လောက် အသာကောက်ကြောင်းဆွဲလိုက်ရုံနဲ့ သူ့မျက်နှာအသွင်အပြင်ကို ပိုပြီးသုံးဖက်မြင်ဖြစ်လာစေသည်။ သူ့ရဲ့ ချောမောတဲ့ အသွင်အပြင်ကလည်း ပိုပြီးထင်ရှားလာသည်။
“ပြီးပြီ” မိတ်ကပ်ဘူးကိုချလိုက်ပြီး လက်ထောက်က လက်ခုပ်တီးလိုက်သည်။ သူ့မျက်လုံးထဲတွင် ကျေနပ်တဲ့ အရိပ်အယောင်တွေ ပေါ်လာသည်။ ပြီးတော့ သူ့နောက်က အဝတ်တန်းကိုလှည့်ကာ လှမ်းကြည့်လိုက်သည်။ ခဏလောက်စဉ်းစားပြီးမှ အဲ့ဒီထဲကနေ အဝတ်တစ်ထည်ကို ရွေးပြီး မော့ယန်ကို ပေးလိုက်သည်။ “ဒီမှာ၊ ဒါလဲဝတ်လိုက်"
လက်ထောက် မေးငေါ့ပြလိုက်တော့ အခန်းထောင့်မှာ အခန်းငယ်လေးတစ်ခုရှိကြောင်း မော့ချူးနဲ့ မော့ယန်တို့ သိလိုက်ရသည်။ အထဲမှာ အ၀တ်လဲခန်းတစ်ခန်းရှိနေတာဖြစ်သည်။
“ကောင်းပြီ” မော့ယန်က အဝတ်အစားတွေကို လက်ထဲမှာ ကိုင်ကာ လက်ထောက်ကို ခေါင်းညိတ်ပြလိုက်သည်။ နောက်တော့ အဝတ်လဲခန်းဆီ သွားလိုက်သည်။
“ပြီးပြီ” မော့ယန် ထွက်လာတာနဲ့ တပြိုင်နက် လက်ထောက်ရဲ့ အကြည့်က မော့ချူးဘက်ကိုလှည့်လာကာ သူမကို ပြုံးပြလိုက်သည်။ “အခု မင်းအလှည့်ပဲ”
ပြောပြီးတာနဲ့ ထိုင်ချလိုက်ပြီး ခုနက သူကိုင်ထားတဲ့ ဘူးထဲကနေ မိတ်ကပ်ပစ္စည်းအများအပြား ထုတ်ယူလိုက်သည်။ သူကအဲ့ဒါတွေကို စားပွဲပေါ်ကို အားလုံးတင်လိုက်တဲ့အတွက် မော့ချူးမှာ ပြောစရာစကားမရှိတော့ပေ။
လက်ထောက် မိတ်ကပ်သေတ္တာကို ဖွင့်လိုက်တဲ့အခါ မော့ချူးက စူးစမ်းလိုစိတ်နဲ့ ခေါင်းဆန့်ထုတ်ကြည့်လိုက်သည်။ အရောင်အားလုံးက မိတ်ကပ်ထူထူလိမ်းတဲ့ဘက်ရောက်တာကို တွေ့လိုက်ရတော့ သူမ အံ့သြမိသွားသည်။ ဒီအရောင်ကို ရဲရဲတင်းတင်းသုံးတာက မော့ချူး အရင်ကမြင်ဖူးတဲ့ မီးခိုးရောင်မိတ်ကပ်နဲ့တောင် ယှဉ်လို့ရသည်။
"ဒါ ကျွန်မ မိတ်ကပ်အတွက်လား?" မော့ချူး အံ့အားသင့်စွာနဲ့မမေးခင် ခဏလောက် အံ့အားသင့်သွားသည်။
တကယ်တော့ သူမက ငယ်သေးပြီး သူမရဲ့ မျက်နှာအသွင်အပြင်ကလည်း အပြည့်အဝ မဖွံ့ဖြိုးသေးပါပေ။ ဒါ့အပြင် မော့ချူးရဲ့ပုံစံက အတော်ငြိမ်သက်တဲ့ပုံစံဖြစ်သည်။ တကယ်လို့ သူမသာ ဒီလိုမိတ်ကပ်မျိုး လိမ်းလိုက်ရင် သေချာပေါက် အမေ့ရဲ့မိတ်ကပ်ကို ခိုးလိမ်းထားတဲ့ကလေးတစ်ယောက်လို အကျိုးသက်ရောက်မှုမျိုး ဖြစ်နေမှာပင်။
လက်ထောက်ကတော့ မော့ချူး ဘာတွေတွေးနေမှန်းမသိပေ။ စားပွဲပေါ်ကမိတ်ကပ်တွေကို သပ်ရပ်အောင်ပြင်ဆင်ရင်း ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်!"
တကယ်တော့ အဖွဲ့ချုပ်ရဲ့ ဖျော်ဖြေရေး နယ်ပယ်ဟာ အခုမှ စတင် ထွန်းကားလာခဲ့တာ ဖြစ်သည်။ ပန်းပွင့်ပေါင်းတစ်ရာပွင့်တဲ့အဆင့်ကို မရောက်သေးပါချေ။ အခုခေတ်မှာ ရေပန်းအစားဆုံး ၀တ်စုံကတော့ အလှပဆုံးက လှပပြီးဆွဲဆောင်မှုရှိတဲ့ ရှေးခေတ်က ကလီယိုပတ်ထရာ ပုံစံဖြစ်သည်။
မော့ချူးလည်း ဒီအချက်ကို သဘောပေါက်လိုက်သည်။ ချောင်းဟုန်မိန်၊ ဟူထျန်းနဲ့ ယောင်မန်ဝမ်တို့လည်း ဒီစတိုင်အတိုင်း လိုက်ကြတာကို သူမ အခုမှသဘောပေါက်သွားသည်။
ဖြစ်ချင်တော့ ဒီဟာက သူမနဲ့ လုံးဝကိုမလိုက်နေတာပဲ!
"တောင်းပန်ပါတယ်" မော့ချူးက ခေါင်းအသာမော့ကာ စူးစမ်းလိုတဲ့ အရိပ်အယောင်ကို ဖော်ပြလိုက်သည်။ "ရှင့်မှာ အရောင်နည်းနည်းဖျော့တဲ့ အလှကုန်တွေ ရှိလားဟင်?"
လက်ထောက်က အံ့သြသွားသည်။ မော့ချူး ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ သူ နားမလည်ပေမယ့် ရိုးရိုးသားသား ခေါင်းညိတ်ပြလိုက်သည်။
ဒီလို အရောင်ဖျော့တဲ့ အလှကုန်မျိုးက အခုခေတ်မှာ ရေပန်းစားတာ မရှိပေမယ့် လက်ထောက်တွေ အနေနဲ့ကတော့ နည်းနည်းတော့ ပိုယူလာတတ်သည်။
"ကိုယ့်ဘာသာကိုယ် မိတ်ကပ် စမ်းလိမ့်ကြည့်လို့ ရမလား?" လက်ထောက် ထုတ်လိုက်တဲ့ ရောင်ဖျော့ဖျော့ မိတ်ကပ်ကို ကြည့်ရင်း မော့ချူးရဲ့ မျက်လုံးတွေ မနေနိုင်ဘဲ တောက်ပသွားသည်။
“အင်းး…” ဒါကိုကြားတော့ လက်ထောက်က နည်းနည်း တုံ့ဆိုင်းသွားသည်။ မိတ်ကပ်လိမ်းတာမှာ ပြဿနာရှိရင် သူတို့အပြစ်ပေးခံရမှာ။
လက်ထောက်ရဲ့မျက်နှာပေါ်က စိုးရိမ်နေမှုကို ကြည့်ပြီး မော့ချူးက သူနဲ့ ဆွေးနွေးလိုက်သည်။ “ဒီလိုဆိုရင်ရော ဘယ်လိုလဲ? ကျွန်မ အရင်လိမ့်ကြည့်မယ်။ မကောင်းဘူးလို့ ထင်ရင် ရှင်ပဲလိမ်းပေးလေ။ စိတ်မပူပါနဲ့ ကျွန်မ မြန်မြန်လုပ်ပါ့မယ်"
သူ့အရှေ့က မိန်းကလေးရဲ့ ရိုးသားတောက်ပနေတဲ့ မျက်လုံးတွေကို ကြည့်ရင်း လက်ထောက် နည်းနည်းအံ့ဩသွားသည်။ သူ မသိစိတ်ကနေ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
ဒါကိုမြင်တော့ မော့ချူးတစ်ယောက် နောက်ဆုံး သက်ပြင်းချလိုက်မိသည်။
အဖွဲ့ချုပ်ရဲ့မိတ်ကပ်ထုတ်ကုန်တွေက ၂၁ ရာစုနဲ့သိပ်အများကြီး ကွာခြားမှုမရှိပေ။ တစ်ခုတည်းသော ခြားနားချက်မှာ အသုံးပြုတဲ့ ပစ္စည်းတွေက အနည်းငယ်ကွာရုံသာဖြစ်သည်။
မော့ချူးက ပါးလွှာသော အပူကာခရင်မ်အလွှာပါးပါး မလိမ်းခင် နို့ရည်ကို အောက်ခံအဖြစ် အသုံးပြုလိုက်သည်။ သူမရဲ့ အသားအရေက အစကတည်းက အရမ်းဖြူကာ ချောမွေ့သည်။ တစ်ချက်ထိလိုက်ရုံနဲ့ ပိုပြီး အပြစ်အနာအဆာကင်းကာ သဘာဝအတိုင်း ပေါ်လာသည်။
အရိုးရှင်းဆုံးအဆင့် ပြီးတဲ့အခါ၊ မော့ချူးက မျက်ခုံးမွေးဆွဲတဲ့ စုတ်တံကို ထပ်ယူလိုက်ပြီး သူမရဲ့မျက်ခုံးရာတစ်လျှောက် အမျှင်လေးတွေ ထပ်ဆွဲလိုက်သည်။ နောက်တော့ သူမရဲ့ မျက်ခုံးကြားက နေရာကို ဂရုတစိုက် ဖြည့်လိုက်သည်။ ပြီးသွားတော့ မျက်ခုံးမွေးဆွဲတဲ့စုတ်တံကို သုံးကာ မျက်ခုံးမွှေးတွေကို ချောမွေ့အောင်လုပ်လိုက်ပြီး ခြစ်ရာအစွန်းအထင်းတွေကို ဖယ်ရှားလိုက်သည်။