အပိုင်း ၁၄၈
Vol. 10 Ch. 148
[သေစမ်း! အပိုင်းတွေကို မြန်မြန်ထုတ်လွှင့်ပါတော့။ ဒီမှာတန်းလန်းဖြစ်နေပြီ။ အခုငါနင်တို့အားလုံးကို သတ်ချင်နေတယ်ဆိုတာသိလား? ငါထပ်မလိုချင်တာ ဘာမှမရှိဘူး!]
[ငါတို့ရဲ့ နတ်ဘုရားစုန့်ဘာဖြစ်သွားလဲ? ဒီပရိုဂရမ်ကနေ အထုတ်ခံလိုက်ရမှာများလား?]
[ကျေးဇူးပြုပြီး ပါးစပ်ပိတ်ထားကြပါ! ငါတို့ရဲ့နတ်ဘုရားစုန့်က ဘယ်လိုလုပ်ရှုံးနိုင်မှာလဲ? သူသေချာပေါက် အဆင်ပြေမှာ!]
[ရွှတ်၊ ရွှတ်! အခုလေးတင် ဗီဒီယိုထဲက နတ်ဘုရားစုန့်ကို တွေးကြည့်မိရင်း ငိုချင်သွားတယ်။ ငါဘာလုပ်သင့်လဲ?]
[ငါ့ခလုတ်ခုံတော့ ရေစိုနေပြီ…]
စတားနက်ရှိ ဆွေးနွေးမှုဟာ ပိုပိုပြီးစိတ်လှုပ်ရှားစရာကောင်းလာသည်။ ဒါဟာ ရိုးရိုးရှင်းရှင်း ထိန်းမနိုင်သိမ်းမရတဲ့ အခြေအနေတစ်ခုပင်။
ဒီတစ်ညတာအချိန်တိုလေးအတွင်းမှာ ချင်TV ကို subscribeလုပ်တဲ့အရေအတွက်က သန်းဆယ်နှင့်ချီ တိုးလာပြီး ကြည့်ရှုမှုအကြိမ်ရေကလည်း သန်း 50 ကျော်သွားသည်။ ဒီအချက်တစ်ခုတည်းနဲ့တင် ချင် Entertainment ဘက်ကနေ ဖက်ဒရယ်ဒင်္ဂါးပေါင်း သန်းရာနဲ့ချီရနေပြီးဖြစ်ကြောင်း ပညာရှင်အချို့က ခန့်မှန်းကြပြီး ဒီဟာက မယုတ်မလွန်ခန့်မှန်းချက်တစ်ခုသာဖြစ်သည်။
ဒါကြောင့် ဒီဟာကနောက်ထပ် စိတ်လှုပ်ရှားမှုလှိုင်းကို အောင်မြင်စွာနဲ့ ဖြစ်ပေါ်စေခဲ့သည်။
ဒီအတောတွင်းမှာ၊ လမ်းတွေပေါ် လျှောက်သွားပြီး သာမာန်ကာလျှံကာနားထောင်ကြည့်ပါက၊ ဒီ reality show အကြောင်းအရာနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေကိုပဲ ကြားရလိမ့်မည်ဖြစ်သည်။
ဟားဟား၊ ဒီရှိုးအကြောင်း မသိဘူးလား? မင်းတော့ တော်တော်လေး ခေတ်နောက်ကျနေပြီပဲ! မြန်မြန် အိမ်ပြန်ပြီး ကြည့်ကြည့်လိုက်ဦး!
အပြင်က ရုန်းရင်းဆန်ခတ်ဖြစ်နေမှုတွေဟာ အိမ်မှာရှိနေတဲ့ မော့ယန်နဲ့မော့ချူးကိုတော့ သက်ရောက်မှုမရှိပေ။
သူတို့ နောက်ဆုံး အပိုင်း ရိုက်ကူးလို့ ပြီးသွားတော့ ဒီအခွင့်အရေးကို အသုံးချကာ ကောင်းကောင်း အနားယူနိုင်ပါပြီဖြစ်သည်။
ဝိုင်းဝိုင်းကတော့ သူမပြန်ရောက်ကတည်းက မော့ချူးရဲ့ရင်ခွင်ထဲမှာ ရှိနေပြီး ဆင်းဖို့ကိုငြင်းဆန်နေသည်။
"ကောင်းပြီ၊ နင် ငါ့ကို သတိရနေတာ ငါသိတယ်၊ ဒီတော့ နင့်အတွက် အရသာရှိတဲ့ အစားအစာတွေချက်ပေးမယ်!" ခဏလောက် အနားယူပြီးတဲ့နောက် မော့ချူးက ပြုံးကာဝိုင်းဝိုင်းရဲ့မျက်နှာပြည့်ပြည့်လေးကို သူမရဲ့လက်မောင်းကြားထဲ ဆွဲသွင်းလိုက်သည်။ ဒါပေါ့၊ သူ့ကိုမတွေ့ရတာ ရက်နည်းနည်းလောက်ကြာသွားတော့ ကိုယ်အလေးချိန်တောင် နည်းနည်းကျသွားသလိုဘဲ။ သူ့ ပါးတွေကိုညစ်ရတာ အရင်ကလောက် မကောင်းတော့ဘူး!
ခရိုင် ၅ က No-man's Land ဆီသွားခဲ့ပြီးတဲ့နောက် သူမ နည်းနည်းပင်ပန်းမိပေမယ့် သူမအတွက် အကျိုးအမြတ်ကတော့ မဆိုးလှပါချေ။ အနည်းဆုံးတော့ သူမအလိုချင်ဆုံးဖြစ်တဲ့ အသားတွေထဲက တစ်ခုဖြစ်တဲ့ အမဲသားကိုရခဲ့သည်။
ဟင်း! No-man's Land မှာ လေးရက်လောက် နို့အသန့်တွေကိုပဲ သောက်ခဲ့ရပြီးတဲ့နောက် မော့ချူးမှာ အစာအိမ်မရှိတော့သလိုတောင် ခံစားလိုက်ရသည်။ အရသာရှိတဲ့ အမဲသားအရသာကို တွေးမိတော့ သူမမှာဝိုင်းဝိုင်းကို ဆော်ဩဖို့တောင် မလိုပေ။ အဲဒီအစား သူမက မီးဖိုချောင်ဆီ အရင်သွားလိုက်သည်။
"အာဝူးးး အာဝူးးး-" ဝိုင်ဝိုင်းက ဒီအသံကိုကြားတော့ စိတ်လှုပ်ရှားစွာနဲ့ သံတစ်ချို့ထုတ်ပြလိုက်သည်။ ဟမ့်! ချူးလေးက ငါ့ကိုချစ်တယ်ဆိုတာ ငါသိသားပဲ။ ငါ ကိုယ်အလေးချိန် ကျသွားတာကို သူမြင်တာနဲ့ ချက်ခြင်း ငါ့အတွက် အရသာရှိတာတစ်ခုခု ချက်ပြုတ်ပေးဖို့ မီးဖိုချောင်ဆီပြေးသွားပြီ။ မဆိုးဘူး မဆိုးဘူး! သူ့ရဲ့ဒီလို စိတ်မျိုးကိုတွေ့တော့ ငါ့ကိုအိမ်မှာပစ်ထားခဲ့တဲ့အချက်ကို လျှော်လိုက်ပါ့မယ့်!
ဝိုင်းဝိုင်းက ဝမ်းသာအားရ ခေါင်းယမ်းကာ မီးဖိုချောင်ထဲ ချက်ချင်းလိုက်ဝင်သွားသည်။ မော့ချူးက သူနဲ့မြေခွေးပျံလေးအတွက် အစားအသောက်အလုံအလောက် ချန်ထားခဲ့ပေးပေမယ့် မော့ချူး အခုချက်ပြုတ်နေတာလောက်တော့ အရသာမရှိပါချေ။
ဝိုင်းဝိုင်းရဲ့ လှုပ်ရှားမှုတွေကို မြင်လိုက်ရတော့ မြေခွေးပျံလေးလည်း ချက်ချင်း သူ့နောက်ကို လိုက်သွားသည်။ ဒီလေးရက်အတွင်းမှာ သူတို့နှစ်ယောက်လုံးက အိမ်မှာကျန်ခဲ့တဲ့သနားစရာကောင်းတဲ့ သားရဲတွေ ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက နက်နက်ရှိုင်းရှိုင်း ခင်မင်ရင်းနှီးမှုကို ထူထောင်ခဲ့ကြတာကြောင့် လက်တွေ့အားဖြင့် ခွဲထုတ်လို့မရပါချေ။
မော့ချူးက အမဲသားကိုထုတ်ကာ အတော်လေးနူးညံ့တဲ့အပိုင်းကို ဖြတ်ယူလိုက်သည်။ သူမက အမဲသားနဲ့တရုတ်နံနံမွှေကြော်လုပ်ဖို့ ပြင်ဆင်ထားသည်။ ပိုနူးညံ့တဲ့ တခြားအသားအပိုင်းကိုတော့ အမဲအာလူးနှပ်လုပ်ဖို့ ပြင်ဆင်ထားသည်။
အမဲအာလူးနှပ် ချက်ရတာက အချိန်ပိုယူရပြီး နည်းလမ်းကလည်း ပိုရှုပ်ထွေးသည်။ ဒါကြောင့် မော့ချူးက ဒီဟင်းကို အရင်ချက်ဖို့ ဆုံးဖြတ်လိုက်သည်။
အရင်ဆုံး သူမက အမဲရင်ပုံသားကို အတုံးသေးသေးလေးတွေ လှီးပြီး အိုးထဲထည့်လိုက်သည်။ နောက်တော့ ရေထည့်ကာ နာရီဝက်လောက် ပြုတ်လိုက်သည်။
အဲ့ဒီအချိန်သူမက ရေပေါင်းပင်တွေကို လှီးကာ အာလူးတွေကို အခွံခွာရေဆေးပြီး အပိုင်းပိုင်းလှီးလိုက်သည်။
နာရီဝက်လောက်ကြာတော့ သူမ အမဲရင်ပုံသားကိုဆယ်လိုက်ပြီး ရေအေးနဲ့ဆေးလိုက်ကာ သူ့မျက်နှာပြင်ပေါ်က အမြှုပ်တွေကို ဖယ်လိုက်သည်။
နောက်တော့ အိုးထဲကို ဆီနဲ့ငရုတ်ကောင်း အနည်းငယ်ထည့်ကာ မွှေကြော်လိုက်သည်။ မွှေးရနံ့ထွက်လာတဲ့အခါ အမဲရင်ပုံသားကိုထည့်လိုက်ပြီး ဆားနဲ့သကြားအနည်းငယ်ထည့်လိုက်သည်။
ပြီးသွားတော့ အိုးထဲကို ရေအနည်းငယ်ထည့်လိုက်သည်။ ရေပမာဏကတော့ အမဲသားကို သိပ်မမြုပ်တဲ့အထိဆိုရင်တော့ လုံလောက်သည်။ နောက်တော့ လှီးထားတဲ့ရေပေါင်းပင်တွေကို အိုးထဲထည့်ကာ ဆူအောင်တည်လိုက်သည်။