← Chapters

မီးတောက်ဦးချိုများ မျိုးနွယ်စုက တစ်စုံတစ်ယောက်

Vol. 21 Ch. 303

မီးတောက်ဦးချိုများ မျိုးနွယ်စုက တစ်စုံတစ်ယောက်

Vol. 21 Ch. 303

စူးကု၏ လက်ထဲတွင် ထောင့်မှန်စတုရန်းပုံရှိသည့် ရွှေတုံးလေးသည် နေရောင်အောက်တွင် တောက်ပနေခဲ့လေသည်။ ၎င်းကို အချိန်အတန်ကြာသည် အထိ သိမ်းထုပ်ထားသော်လည်း စွန်းပေနေခြင်းမျိုးမရှိခဲ့ပေ။

ရွှေတုံးကိုတွေ့လိုက်သော်လည်း ရှောက်ရွှမ်လောဘစိတ်မဖြစ်မိချေ။ သူပိုသိချင်လာယုံသာရှိသည်။ သူသည် ရွှေတုံးကိုအနီးကပ်ကြည့်ရန် ပြင်လိုက်သည်။ သို့သော်လည်း စူးကု စိတ်လှုပ်ရှားစွာဖြင့် ကာကွယ်နေသည့်အမူအယာကိုမြင်လိုက်ပြီး သူ့စိတ်ကိုပြောင်းလဲလိုက်ကာ တည်ငြိမ်စေရန်ပြုမူလိုက်သည်။

“ စူးကု မင်းကိစ္စပြီးပြီလား။ ပြီးရင်ငါတို့သွား

ရအောင် ” အိုအေစစ်အနီးတွင် ရှောက်ရွှမ်သည် ရွှေတုံးထက် ရေဆာသည်ကိုသာ အာရုံစိုက်နေခဲ့သည်။ သူ့အနေဖြင့် အိုအေစစ်သို့သွားပြီး အရိပ်ကောင်းသည့်နေရာတွင် အနားယူကာ ရေဝဝသောက်ရန်သာ တွေးနေမိသည်။

ရှောက်ရွှမ်၏စကားကြောင့်ရွှေတုံးကို မြတ်နိုးစွာကြည့်နေသည့် စူးကု သတိပြန်ဝင်လာသည်။ သူရွှေတုံးကို အလျင်အမြန်ပြန်ထုပ်ထားလိုက်ပြီး အတွင်းအိတ်ကပ်ထဲသို့ထည့်ထား လိုက်သည်။ ယနေ့တွင် သူသည် ထိုရည်ရွယ်ချက်ဖြင့် အတွင်းအိတ်ကပ်ပါသည့် အင်္ကျီကို ဝတ်လာခဲ့ခြင်းဖြစ်သည်။

စူးကု မတ်တပ်ထရပ်လိုက်ပြီး ခြေနှစ်လှမ်းမျှလှမ်းပြီးချိန်တွင် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိထားမိလိုက်သည်။ ထို့နောက် သူ့မျက်လုံးကိုကစား လိုက်ပြီး ရှောက်ရွှမ်ကို

အကဲခတ်လိုက်လေသည်။ သို့သော်လည်း ရှောက်ရွှမ်ထံတွင် လောဘအရိပ်အယောင်နှင့် မက်မောသည့် ပုံစံကိုမတွေ့ရသည့်အခါ သူစိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ရှောက်ရွှမ်အတွက်မူ ရတနာဆိုသည်ထက် သာမန်ကျောက်တုံးတစ်တုံးကဲ့သို့သာ ခံစားရဟန်တူပေသည်။

“ ကျောက်တုံး ကအရမ်းဆွဲဆောင်မှုရှိတယ်လို့ မင်းမထင်ဘူးလား ” စူးကုမနေနိုင်ပဲမေးလိုက်မိသည်။

“ ငါတော့မထင်ပါဘူး ” ရှောက်ရွှမ်သူ့ခေါင်းကို ခါလိုက်သည်။

“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ ” စူးကု ရှောက်ရွှမ်ကို မယုံနိုင်စွာဖြင့် နောက်တဖန် ထပ်ကြည့်လိုက်သည်။

ကျောက်တုံးရဲ့ဆွဲဆောင်မှုကို သူခံနိုင်ရည်ရှိတာလား …..။ စူးကု အဲ့ဩသွားပြီး တချိန်တည်းတွင် သံသယများ ဝင်လာမိသည်။ ကျောက်တုံးကို တန်ဖိုးရှိတယ်လို့ထင်နေမိတာက သူတစ်ယောက်ထဲလား…..။ တကယ်လို့ ဒီလိုဆိုရင် သူ့အဖေ ဘုရင်ကြီးကို လက်ဆောင်ပေးတဲ့အခါမှာ ဘုရင်ကြီးစိတ်မဝင်စားရင် ဘယ်လိုလုပ်မလဲ……။

ရှောက်ရွှမ်၏ အပြုအမူသည် စုကုကို ဝေဝါးနေစေသည်။ အဆုံးသတ်တွင် သူကသာ တန်ဖိုးအထားလွန်နေခြင်းလော၊ ရှောက်ရွှမ်ထံတွင် တန်ဖိုးထားတတ်သည့် အမြင်မရှိ၍လော……။

“ မင်းကျောက်တုံးကိုမြင်တော့ ထူးခြားတဲ့ ခံစားချက်ကို မခံစားရဘူးလား ” စူးကု မေးလိုက်သည်။

ထူးခြားတဲ့ခံစားချက်လား….သူနည်းနည်းအံ့ဩသွားတယ်လေ…..ဒါပါပဲ……။

ရှောက်ရွှမ်၏အမူအယကို မြင်သည့်အခါတွင် စူးကု ထပ်မေးလိုက်ပြန်သည်။ “ မင်းဒီကျောက်တံုးကိုကြည့်ပြီးတော့ နန်းတော်ထိပ်ကနေ အောက်ကိုငုံ့ကြည့်နေရတယ် ဆိုတဲ့ ခံစားချက်မျိုးကို မခံစား ရဘူးလား ”

“ ငါမင်းနန်းတော်ကိုမရောက်ဖူးဘူး ” ရှောက်ရွှမ်ပြောလိုက်သည်။ သူသည် စူးကု၏ အမူအယာကို အကဲခတ်နေခဲ့၏။ စူးကုသည် ဤကျောက်တုံးကို တွေ့လိုက်သည့်အချိန်တွင် အခွင့်အရေးအာဏာနှင့် ချမ်းသာကြွယ်ဝမှုကို ခံစားခဲ့ရသည်။ သူသည် မြို့တော်တစ်ခုကို ပိုင်ဆိုင်ရသည့်နှယ် ခံစားခဲ့ရခြင်းဖြစ်လေသည်။ သို့သော် ထိုကျောက်တုံးကို လဲ့နှင့်‌ ထွော်တို့ကို ပြသပါက သူတို့သည် ရှောက်ရွှမ်ထက်ပင် ပို၍စိတ်ရှုပ်ထွေးကြမည် ဖြစ်သည်။ သူတို့အတွက် ထိုကျောက်တုံးသည်

အသားစတစ်ခုလောက်ပင် စိတ်ဝင်စားစရာမကောင်းနေပေ။

“ ဒါဆို ငါဒီကျောက်တုံးကို ဘုရင်ကြီးကိုပေးလိုက်ရင် သူစိတ်ဝင်စားမယ်လို့ မင်းထင်လား ” စူးကု မေးလိုက်သည်။

“ ငါထင်တာတော့ သူသဘောကျမှာပါ ” ရှောက်ရွှမ်ပြန်ဖြေလိုက်သည်။ မြို့တော်သခင် ဘုရင်တစ်ယောက်ထံတွင် ရည်မှန်းချက်များ ရှိပေလိမ့်မည်။ သူ၏ အာဏာနှင့်ချမ်းသာကြွယ်ဝမှုကို တပ်မက်စိတ်သည် အခြားသူများထက် သာလွန်ပေသည်။ ပထမဆုံးအကြိမ် ကျောက်တုံးကို တွေ့သောအခါ ဖြစ်ပေါ်မည့်ခံစားချက်သည် ဘုရင်ကြီး စူးလွင်နှင့် သူ့သား စူးကု တို့သည် တူညီကြမည် ဖြစ်သည်။ သူသည် ရွှေကျောက်တုံးကို သေချာပေါက် နှစ်သက်ပေလိမ့်မည်။

စူးကုသည် အခြားသုံးယောက်တို့ကိုလည်း ကျောက်တုံးကိုပြပြီး သူတို့၏ တုံ့ပြန်မှုများကိုကြည့်လြိနေခဲ့သည်။ သို့သော် သူစိတ်ပြောင်းသွားသည်၊ ပြန်ရောက်မှ ပြလျှင်လည်း နောက်မကျသေးပေ။

သူတို့ရှေ့သို့ဆက်လာခဲ့ရာ ဤကန္တာရအတွင်း တွေ့ရခဲ့သည့် မြက်ခင်းစိမ်းများကို တွေ့လိုက်ရသည်။ အချိန်ကြာမြင့်စွာသဲများကိုသာ တွေ့လာရသဖြင့် မြက်ပင်စိမ်းစိမ်းများကို ပြန်တွေ့ရခြင်းသည် သူတို့အတွက် အသက်စွမ်းအင်များကို ပြန်ခံစားရစေနိုင်သည်။

သူတို့ရှေ့တို့တိုးလာလေ မြက်ပင်များကိုပိုတွေ့လာရလေ ဖြစ်သည်။ ရှောက်ရွှမ်သည် အမျိုးအမည်မသိရသည့် သစ်ပင်များကိုပင် တွေ့လာခဲ့ရသည်။ မဝေးလှသည့်ဘနေရာတစ်ခုတွင် ကုလားအုတ် ဒါဇင်များစွာသည် မြင်ပင်များကိုစားနေကြပြီး ကျွန်များသည် လက်နက်များကို ကိုင်စွဲကာ

စောင့်ကြပ်ကြည့်ရှုနေကြသည်။

ရှောက်ရွှမ်တို့အုပ်စု အိုအေစစ်ထဲသို့လာခဲ့ရာ ကျွန်များ၏ တားဆီးခြင်းကို ခံလိုက်ရသည်။ စူးကု ရှင်းပြလိုက်ပြီးမှသာ သူတို့အုပ်သု အိုအေစစ်ထဲသို့ ဝင်ခွင့်ရလေသည်။

အိုအေစစ်သည်ကြီးမားလှခြင်းမရှိသော်လည်း ထောင်ပေါင်းများစွာသော ကျွန်များသည် အိုအေစစ်ကို စောင့်ကြပ်နေကြလေသည်။ ထို့ကြောင့် အိုအေစစ်အတွင်းတွင် လူများနေခဲ့သည်။

အိုအေစစ်အတွင်းသို့ဝင်လာပြီးနောက် အထူးကျွန်အုပ်စုတစ်ခုကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ ထိုအုပ်စုသည် တစ်ဒါဇင်ခန့်ရှိပြီး သူတို့၏ ဝတ်စုံများသည် အခြားကျွန်များထက် ပိုမိုကောင်းမွန်ပေသည်။ အခြားကျွန်များသည် အဝတ်များကို

ဝတ်ထားကြသော်လည်း အစုတ်အပြဲများသာဖြစ်ကြသည်။ ထိုအထူးကျွန်အုပ်စုတို့၏ အဝတ်အစားများမှာမူ ဖုန်များ ဆီများပေနေသော်လည်း သပ်ရပ်နေပြီး အပေါက်အပြဲများမရှိနေခဲ့ပေ။ ထို့အပြင် သူတို့၏ ဝတ်စုံများပေါ်တွင် အမှတ်အသားများရှိနေခဲ့ပြီး အထူးသဖြင့် အုပ်စုခေါင်းဆောင် ၏အဝတ်တွင် ဖြစ်သည်။ သူ့ဝတ်စုံသည်သပ်ရပ်နေခဲ့ပြီး စူးကုသာမပြောခဲ့လျှင် ထိုသူကို ကျွန်ပိုင်ရှင်တစ်ယောက်ဟုသာ ထင်မိသွားမည် ဖြစ်သည်။

“ ဒါက အဖေ့လူတွေပဲ ” စူးကုရှင်းပြလိုက်သည်။ သာမန်အားဖြင့်ဆိုရင်တော့ အိုအေစစ်မှာ လူတွေအများကြီးမရှိဘူး။ ဒါ‌ပေမဲ့ ဟိုတလောက မတော်တဆမှုကြောင့် သူက လူတွေကို ထပ်လွှတ်ထားတာ ”

စူးကုကို တွေ့လိုက်သည့်အခါ ထိုကျွန်သည် လေးစားစွာ ဦးညွှတ်ပြလိုက်သည်။ ထို့နောက် ဓါး

တစ်ချောင်းကဲ့သို့ထက်ရှသည့် မျက်လုံးများဖြင့် ရှောက်ရွှမ်တို့သုံးယောက်ကို အကဲခတ်လိုက်သည်။

ရှောက်ရွှမ်စိတ်ထဲ မကောင်းသော ခံစားချက်တစ်ခု ဝင်လာသည်။

“ တတိယ သခင်လေး သူတို့တွေက မီးတောက်ဦးချို မျိုးနွယ်စုက လူတွေလား ” အိုက်ရှစ်ဟု ခေါ်သည့် ကျွန်တစ်ယောက်က မေးလိုက်သည်။

“ ဟုတ်တယ် သူတို့သုံးယောက်က ကျုပ်အတွက် အလုပ်လုပ်ပေးနေတာပဲ ” စုကုပြောလိုက်သည်။

စုကုသည် သူ့ဘေးရှိ ဝူရှစ်ထက် အိုက်ရှစ်နှင့် ပိုမိုငြင်သာစွာစကားပြောသည်ကို ရှောက်ရွှမ်သတိပြုလိုက်မိသည်။

တစ်ယောက်သည် ဘုရင့်လက်စွဲတော်ဖြစ်ပြီး တစ်ယောက်သည် တတိယမင်းသား၏ လက်စွဲ‌တော်ဖြစ်ရာ သူတို့ကြား၌ အဆင့်အတန်းတစ်ခု ကွာခြားနေခဲ့လေသည်။

“ ဒါက ….ကျုပ်မျှော်လင့်တာက သခင်လေးအနေနဲ့ စမ်းချောင်းရေကန်‌နဲ့ သိပ်မနီးကပ်ဖို့ ကျုပ်မျှော်လင့်ပါတယ် ” သူ့လေသံသည် တစ်သမှတ်တည်းဖြစ်နေပြီး ညှိနှိုင်းသည့်လေသံမပေါက်နေပေ။

“ ဘာလို့လဲ ” စူးကု အံ့ဩသွားပြီး မေးလိုက်သည်။ သူမသိတာ တစ်ခုခုများ ရှိနေသေးတာလား …..။

အိုက်ရှစ်ပြန်မဖြေပဲ ရှောက်ရွှမ်တို့ကိုသာ

သတိထားနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

“ ဒါဆိုလည်းကောင်းပြီလေ ဟိုဖက်မှာရှိတဲ့ အိမ်တော်မှာ သွားပြီး အနားယူလိုက်ကြရအောင် ” ထို့နောက် ရှောက်ရွှမ် လဲ့နှင့် ထွော်တို့နှင့်အတူ အနားယူရန် သွားလိုက်သည်။

ရှောက်ရွှမ်တို့ ထိုအိမ်တွင်အနားယူနေခဲ့ကြပြီး မကြာခင်တွင် စူးကုသည် ဒေါသထွက်နေသည့်အမူအယာဖြင့် ပြန်လာခဲ့သည်။

“ ဘာဖြစ်တာလဲ ” ရှောက်ရွှမ် မေးလိုက်သည်။

“ ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ် ” စူးကု အနည်းငယ် ရှက်နေသည့်လေသံဖြင့် ပြန်ဖြေ လိုက်သည်။

“ တတိယသခင်လေး အခုကျုပ်တို့က ပူးပေါင်းလုပ်ဆောင်နေတဲ့ အခြေအနေဆိုတော့ တစ်ခုခုဆိုရင် ကျုပ်တို့ကို ပြောဖို့ မျှော်လင့်ပါတယ် ” ရှောက်ရွှမ်ပြောလိုက်သည်။

“ ငါသိပါတယ် ” စူးကုခေါင်းညိတ်လိုက်သည်။

“ ဒါဆိုရင် မေးပါရစေ အစောင့်က ဘာလို့ ကျုပ်တို့ကို အရမ်းသတိထားနေသလိုပုံစံ ဖြစ်နေတာလဲ ”

စူးကုပြန်ဖြေရန်ပြင်လိုက် သော်လည်း ရှောက်ရွှမ်သူ့ကို တားဆီးလိုက်သည်။ “ သူက တခြားလူတွေကိုလည်း ဒီလိုပဲလို့တော့ မပြောနဲ့နော် ၊ သူက အထူးသဖြင့်ကျုပ်တို့ကို သတိထားဆက်ဆံနေတာကို ကျုပ်သိတယ် ”

ခုနက အိုက်ရှစ်စကားပြောသည့်အချိန်တွင် “ မီးတောက် ဦးချို မျိုးနွယ်စု ” ဟူသည့်စကားလုံးကို နက်ရှိုင်းသည့်လေသံဖြင့် ပြောခဲ့လေသည်။ သိသာစွာပင် ရှောက်ရွှမ်တို့မသိရသေးသည့် မျိုးနွယ်စု ကိစ္စ တစ်ခုခုဖြစ်နေပြီ ဖြစ်သည်။

စူးကု ဝူရှစ်ကို အခန်းအပြင်ဖက်တွင် စောင့်နေခိုင်းလိုက်ပြီးနောက် “ အရင်တုန်းက စမ်းချောင်းရေကန်က ရေကို မြို့တော်ထဲကို သွင်းတုန်းက ရေသွင်းတဲ့အုပ်စုထဲမှာ လူတစ်ယောက် ပုန်းအောင်းလိုက်ပါသွား ခဲ့ပြီးတော့ ပြဿနာတချိုကို ဖြစ်စေခဲ့တယ် ”

စူးကုအများကြီးမပြောသော်လည်း ရှောက်ရွှမ် အကြမ်းဖြင်း ခန့်မှန်းမိလိုက်ပြီ ဖြစ်သည်။ “ ဒီခိုးဝင်တဲ့လူက ငါတို့နဲ့ ဆက်စပ်နေမယ်လို့ ကျွန်ခေါင်းဆောင်က ထင်နေတာလား ”

စူးကု ခေါင်းညိတ်လိုက်သည်။

“ ဒါပေမယ့် ငါတို့မီးတောက် ဦးချို မျိုးနွယ်စုက လူသုံးယောက်ပဲ လာခဲ့တာလေ၊ ဒါကို မျိုးနွယ်စုတွေက သိပြီးသားပဲ ”

“ မင်းတို့လို့ ငါမပြောပါဘူး။ တကယ်လို့ မင်းတို့သာ သေချာတယ်ဆိုရင် အခုလောက်ဆို ကျွန်တွေက မင်းတို့ကို ဝိုင်းထားပြီးလောက်ပြီ ” စူးကု ရှင်းပြလိုက်သည်။

“ ဒါဆိုရင်…..” ရှောက်ရွှမ်ထပ်မေးလိုက်သည်။

“ ဘာလို့လည်းဆိုတော့ မင်းတို့မျိုးနွယ်စုနဲ့ ဆက်စပ်နေတဲ့ လူတစ်ယောက်ကြောင့်ပဲ။ သူက

စည်းမျဉ်းတွေအရတော့ မင်းတို့မျိုးနွယ်စုဝင် မဟုတ်တော့ဘူး၊ ဒါပေမယ့် ကျွန်တွေရဲ့မျက်လုံးထဲမှာတော့ တနည်းနည်းနဲ့ဆက်စပ်တယ်လို့ ထင်နေကြတယ် ”

“ အဲ့ဒီလူက ဘယ်သူလဲ ” ရှောက်ရွှမ်မေးလိုက်သည်။

“ တောက်ယွီ ”

All Chapters