အပိုင်း ၁၅၁
Vol. 11 Ch. 151
နောက်တစ်နေ့နံနက်၌။
"ခင်ဗျား ဒီမှာဘာလုပ်နေတာလဲ?" တံခါးဖွင့်လိုက်တာနဲ့ မော့ယန် မျက်မှောင်ကြုတ်မိသွားသည်။
နျဉ်ယွိယွမ်တစ်ယောက် တံခါးအပြင်မှာ ရပ်နေတာဖြစ်သည်။ သူ့မှာ သွယ်လျတဲ့အသွင်အပြင်နဲ့ ချောမောတဲ့မျက်နှာပုံစံရှိသည်။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို လက်ရာမြောက်စွာ ထွင်းထုထားတဲ့ပုံပင်။ သို့ပေမယ့် ညီမချစ် မော့ယန်အတွက်ကတော့ ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ အရာအားလုံး မှားယွင်းနေတယ်လို့ ခံစားမိသည်။
အမှန်ပဲ! သူ့ရဲ့မော့ချူးလေးက အခုထိအရွယ်ရောက်သေးတာမဟုတ်ဘူး။ ဒီဆာလောင်နေတဲ့ ဝံပုလွေကတော့ သူမကို ခေါ်သွားချင်နေပြီ။ ဒီလိုနဲ့တင် သူက သူ့ကို အကောင်းမြင်ပေးလိမ့်မယ်လို့ သူထင်နေတာလား? အိပ်မက်မက်နေလိုက်!
လမ်းလျှောက်ဖို့ မော့ယန်ဆီကနေ အတင်းဆွဲခေါ်ခံခဲ့ရတဲ့ ဝိုင်းဝိုင်းတစ်ယောက် အခုတော့ ဆိုဖာပေါ်မှာလှဲနေတာဖြစ်သည်။ ဆူဆူညံညံအသံကြားတော့ သူချက်ချင်းထဖို့ ရုန်းကန်လိုက်ရသည်။ သူ ဒယိမ်းဒယိုင်နဲ့ တံခါးဆီလျှောက်သွားလိုက်ချိန် နျဉ်ယွိယွမ်ကို မြင်လိုက်ရပြီး သူ့မျက်လုံးတွေ ချက်ချင်းလှုပ်ရှားလာသည်။ သူ့ခန္ဓာကိုယ်ပေါ်က အမွှေးတွေအားလုံး ချက်ချင်း ထောင်တက်လာသည်။
“အာဝူး!” ဝိုင်းဝိုင်းက သူ့ကို သတိထားတဲ့ပုံစံနဲ့ အော်လိုက်သည်။ ဒီလူ ဘာလို့ ရုတ်တရက်ရောက်လာတာလဲ?
"ဝိုင်းဝိုင်း အမုန်းဆုံး လူသားများစာရင်း" ထဲမှာ နျဉ်ယွိယွမ်တစ်ယောက် သူနာမည်ပျက်စာရင်းရဲ့ထိပ်ဆုံးကို ရောက်သွားတာ မသိပါချေ။
"မင်းအသံကို တိုးဦး" မော့ယန်က ဝိုင်းဝိုင်းရဲ့ခေါင်းကို ပုတ်လိုက်ပြီး နျဉ်ယွိယွမ်ကိုတောင် မကြည့်ပေ။ "ချူလေး အိပ်နေတုန်းပဲ။ သူမကို မနိုးသွားစေနဲ့"
“အာဝူး!” ဝိုင်းဝိုင်းက ဒါကိုကြားတဲ့အခါတွင် အသံကို လျှော့လိုက်သည်။ အပြင်ဘက်ရန်သူကို မျက်လုံးချင်းမဆိုင်ဘဲ မော့ယန်နဲ့ဝိုင်းဝိုင်းတို့မှာ စည်းစည်းလုံးလုံးနဲ့ ရှေ့တန်းကို ထူထောင်လိုက်ကြသည်။
"ဘာကိစ္စရှိလို့လဲ?" မော့ယန်က နျဉ်ယွိယွမ်ဘက်လှည့်လိုက်သည်။ သူပါးစပ်ဟလာမှာကို စောင့်မနေဘဲ မော့ယန်ကချက်ချင်း ပြောလိုက်သည်။ “ဘာမှ မပြောဘူးဆိုတော့ ဘာကိစ္စမှမရှိဘူးလို့ ဆိုလိုတာပဲ။ ကျွန်တော်တို့အိမ်ကို ဘာလို့ မနက်အစောကြီး လာတာလဲ? အမြန်ပြန်တော့! အမြန်ပြန်တော့!"
မော့ယန်က နျဉ်ယွိယွမ်ကို စိတ်မရှည်သလို စိုက်ကြည့်လိုက်သည်။ သူကလက်ကိုသုံးကာ တွန်းထုတ်ပြီး တံခါးပိတ်ပစ်လိုက်သည်။
သနားစရာ နျဉ်ယွိယွမ်ကတော့ စကားတစ်ခွန်းမှတောင်မပြောရသေးခင် အငြင်းခံလိုက်ရတာဖြစ်သည်။
"ဟားဟား!" ရှိုးကိုကြည့်ဖို့ တစ်ဖက်မှာပုန်းနေတဲ့ ကျောလင်က အဖြစ်အပျက်အားလုံးကို သဘာဝအတိုင်း မြင်လိုက်ရသည်။ သူ မတတ်နိုင်ဘဲ အကြိမ်အနည်းငယ်လောက်ခပ်တိုးတိုး ရယ်လိုက်မိသည်။ သူက ကျွတ်သပ်ကာ ပြောလိုက်သည်။ "ဘော့စ်ပြန်လာတဲ့အခါကျရင် ကျိန်းသေပေါက် အငြင်းခံရမယ်ဆိုတာ ငါသိနေတယ်"
သူ မော့ချူးဆီ ပွင့်ပွင့်လင်းလင်းလာတွေ့ရင် မော့ယန်တစ်ယောက် သူ့ကိုကောင်းကောင်းဆက်ဆံပေးမယ်လို့လည်း သူ မထင်ထားပါချေ။
"အ-ဟမ်း!" ကျုံးဝမ်က ကျောလင်ကိုတံတောင်နဲ့ ကြိမ်ဖန်များစွာထိုးကာ အကြိမ်အနည်းငယ်လောက် ချောင်းဆိုးဟန်ဆောင်လိုက်သည်။
"ဘာလုပ်နေတာလဲ? ဖျားနေရင်လည်း ကုသရေးကိရိယာကို သွားသုံးလိုက်" ကျောလင်မှာ အကြောင်းပြချက်မရှိဘဲ တံတောင်နဲ့အထိုးခံနေရတာကြောင့် ချက်ချင်းခေါင်းမော့ကာ ကျုံးဝမ်ကို စိုက်ကြည့်လိုက်သည်။
ဒီကောင် အရမ်းတုံးတာကို မြင်လိုက်ရတော့ ကျုံးဝမ်သက်ပြင်းချကာ ကူကယ်ရာမဲ့စွာနဲ့ ရှေ့ကိုလက်ညှိုးထိုးပြလိုက်သည်။
ကြည့်ကြည့်လိုက်တော့ ကျောလင်ရဲ့ စိတ်ကြီးဝင်နေတဲ့အကြည့်က ချက်ချင်းအေးခဲသွားတော့သည်။ နောက်တော့ ချက်ချင်း အပြုံးမျက်နှာအဖြစ် ပြောင်းလိုက်သည်။ "အိုက်ယား၊ ဘော့စ် တိုက်ဆိုင်လိုက်တာ။ကျွန်တော်တို့ ဘော့စ်နဲ့ ဒီမှာလာတွေ့လိမ့်မယ်လို့မထင်ထားဘူး"
သူတို့ဘော့စ်တစ်ယောက် အလှလေးနဲ့တွေ့ရဖို့အတွက် ပြင်ဆင်နေတယ်ဆိုတာကို မနက်အစောကြီးကတည်းက သူတို့သိထားတာကြောင့် လိုက်ကြည့်ဖို့ အထူးတလည် သူတို့ ဒီကိုလာခဲ့တာဖြစ်သည်။ သူတို့ ခဏလောက်ဘဲပုန်းရသေးတယ် ဘော့စ်က ရှာတွေ့သွားမယ်လို့ ဘယ်သူထင်မှာလဲ။
"တိုက်ဆိုင်တာလား? ဘယ်လိုတောင်တိုက်ဆိုင်လိုက်သလဲနော်!” မော့ယန်နဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ဆီကနေ တံခါးအပြင်ကို တွန်းထုတ်ခံလိုက်ရတာကြောင့် နျဉ်ယွိယွမ်တစ်ယောက် ရင်ထဲက စိတ်ဓာတ်ကျနေမှုတွေကို မနေနိုင်ဘဲ ပေါက်ကွဲမိတော့သည်။ ဒီနှစ်ကောင် သူနဲ့လာတိုးလိမ့်မယ်လို့ မမျှော်လင့်ထားပေ။
နျဉ်ယွိယွမ်ရဲ့အေးစက်နေတဲ့ မျက်နှာက ရုတ်တရက် ထူးဆန်းတဲ့အပြုံးတစ်ခု ပေါ်လာခဲ့သည်။ အပြုံးက ကျောလင်နဲ့ ကျုံးဝမ်တို့်ကို သက်တောင့်သက်သာမဖြစ်စေရုံသာမက အနည်းငယ် ထိတ်လန့်လာစေသည်။ “ဒီကိုလာပြီး လိုက်သွားနေနိုင်ကြတယ်ဆိုတော့ မင်းတို့တွေတော်တော်အားလပ်နေတဲ့ပုံပဲ။ ဘာလို့စစ်တပ်ဘက်ကိုပြန်မသွားကြတာလဲ မင်းတို့ကို လုပ်စရာတွေ ငါပေးမယ်လေ!"
"ဟင့်အင်း၊ မလိုပါဘူး" ကျောလင်က မျက်နှာပေါ်မှာ သနားစရာကောင်းတဲ့ အကြည့်နဲ့ ချက်ချင်း ခေါင်းယမ်းလိုက်သည်။ ကံဆိုးစွာနဲ့ နျဉ်ယွိယွမ်ဆီကနေ ဘာစာနာသနား တာကိုမှ မရလိုက်ပါချေ။ “မဆိုးဘူး၊ မင်းတို့တွေက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ သတ္တိရှိနေတုန်းပဲ။ လေ့ကျင့်ရေးက အကြောင်းအရာတွေကို ငါသေချာဖတ်ရတော့မှာဘဲ"
မဟုတ်ဘူး! ကျောလင်တကယ် ငိုချင်ပေမယ့် မျက်ရည်ကမကျလာဘူး။ သူ့ရဲ့ ဘော့စ်သာ သူ့ကို လေ့ကျင့်ရေးသင်တန်းတစ်ခုဆီ ဆွဲခေါ်သွားရင် သေချာပေါက် သူ့အရေပြားအလွှာကို ခွာခံရတော့မှာ!
"အိုး ဟုတ်သား ဘော့စ်" စိတ်ဓာတ်ကျနေတဲ့အခိုက်အတန့်မှာ ကျောလင်ရဲ့မျက်လုံးတွေ ရုတ်တရက်တောက်ပလာသည်။ သူက သူ့ရဲ့ခလုတ်ခုံထဲက ဖိုင်တစ်ခုကိုဖွင့်လိုက်ပြီး သူ့အမှားအတွက် ပြန်ပြင်ဖို့ ပြင်ဆင်ကာ နျဉ်ယွိယွမ်ကိုပြလိုက်သည်။
“ဒါက စတားနက်မှာအရင်က ကျွန်တော်ရှာတွေ့ခဲ့တဲ့ 'ချိန်းတွေ့ခြင်းနည်းဗျူဟာသုံးဆယ့်ခြောက်မျိုး' ပါ။ အခု ကျွန်တော် ဘော့စ်ကို အလကားပေးလိုက်မယ်။ ဘယ်လိုလဲ?"