အပိုင်း ၁၅၂
Vol. 11 Ch. 152
"ချိန်းတွေ့ခြင်းနည်းဗျူဟာ သုံးဆယ့်ခြောက်မျိုး?" နျဉ်ယွိယွမ်ရဲ့ အမူအရာက နောက်ဆုံးတော့ နည်းနည်း ပိုကောင်းလာသည်။ သူက ခလုတ်ခုံရှိအချက်အလက်တွေကို သေချာဖတ်လိုက်သည်။ အဲ့ဒါက မလုံလောက်ဘူးလို့ သူခံစားရတာကြောင့် တိုက်ရိုက်ကူးယူပြီး သူ့ခလုတ်ခုံထဲထည့်လိုက်သည်။
" ပြီးတော့၊ ဘော့စ်၊ ဘော့စ်သာ ဒီလိုဆက်သွားနေရင် မော့ချူးကို အပြင်သွားခွင့်တောင်းဖို့မပြောနဲ့ ဘယ်သူနဲ့မှတောင်တွေ့နိုင်မှာမဟုတ်ဘူး " နျဉ်ယွိယွမ်ရဲ့ အမူအရာက တဖြည်းဖြည်း ပိုကောင်းလာတာကို တွေ့လိုက်ရတော့ ကျောလင်က သူ့ကိုအကြံဥာဏ်တွေ ပေးပြန်သည်။ သူက ခေါင်းလှည့်လိုက်ပြီး ပတ်ပတ်လည်ကိုကြည့်လိုက်ကာ အသံတိုးတိုးနဲ့ပြောလိုက်သည်။ "ကျွန်တော်တို့တွေ သူမကို သူမအိမ်ကနေ အလစ်သုတ်ခေါ်လာလို့တော့ရတယ်"
ဒီလူတစ်အုပ် စစ်တပ်ကို ဘယ်လိုရောက်လာလဲဆိုတာ မကြည့်သင့်ပေ။ များသောအားဖြင့် သူတို့က အရမ်းရိုးဖြောင့်ကြတဲ့ပုံပေါက်ပေမယ့် အမှန်မှာတော့ သူတို့တစ်ယောက်ချင်းစီက တခြားသူတွေထက် ပိုဆိုးသည်။ အဲ့ဒီစစ်တပ်လူရမ်းကားတွေရဲ့ စိတ်နေစိတ်ထားက ဒီစကားလုံးတွေနဲ့ ရှင်းရှင်းလင်းလင်း ပေါ်လွင်နေသည်။
"အလစ်သုတ်မယ်?" မော့ချူး ရှိနေမယ့်အခန်းကို ကြည့်ရင်း နျဉ်ယွိယွမ်ရဲ့ မျက်လုံးတွေတောက်ပလာကာ နှုတ်ခမ်းထောင့်လည်း နည်းနည်း ကော့တက်လာသည်။ 'ဟုတ်သား၊ သူဘာလို့ ဒီနည်းလမ်းကို မစဉ်းစားမိခဲ့တာလဲ?'
"ဒါဆို.... ကျွန်တော်တို့ ဘော့စ်ကို မနှောင့်ယှက်တော့ဘူးနော်" ကျောလင်က သူ့ဘေးနားရှိ ကျုံးဝမ်ကို တွန်းလိုက်သည်။ နှစ်ယောက်သား ထရပ်ကာ နျဉ်ယွိယွမ် သူတို့ကိုတားမှာစိုးတဲ့အတွက် ချက်ခြင်းပြေးကြတော့သည်။ နျဉ်ယွိယွမ်ဆီကနေ ရက်ရက်စက်စက် လေ့ကျင့်ခံရတဲ့ခံစားချက်ကို သိသည်။ ဒါက တကယ်ကို အသက်ရှင်မလားသေမလားဆိုတဲ့ အခြေအနေပင်။
တကယ်တော့ ဒီအချိန်မှာ နျဉ်ယွိယွမ်တစ်ယောက် သူတို့နှစ်ယောက်ကို အာရုံစိုက်ဖို့အချိန်မရှိပေ။ အခန်းကို သူဂရုတစိုက် အကဲဖြတ်နေရင်း သူ့မျက်လုံးတွေက ပိုပိုပြီးတောက်ပလာသည်။
သူက ဖျတ်လတ်တက်ကြွတဲ့ မျောက်တစ်ကောင်လိုမျိုး ခြေတွေလက်တွေကို လှုပ်ရှားလိုက်သည်။ သူ အသံလုံးဝမထွက်ဘဲ အကြိမ်အနည်းငယ်လောက် တက်လိုက်ပြီး မော့ချူးအခန်းရဲ့ ပြတင်းပေါက်နား ရောက်သွားသည်။
အဲ့ဒါက သိသိသာသာကို တင်းတင်းကြပ်ကြပ် ပိတ်ထားတဲ့ မှန်ပြတင်းပေါက်ဖြစ်ပေမယ့် နျဉ်ယွိယွမ်ဘယ်လိုလုပ်လိုက်လဲဆိုတာ ဘယ်သူမှမသိပေ။ သူက ပြတင်းပေါက်ကို တစ်ဝက်လောက်ဖွင့်လိုက်ပြီး အသာလေးခုန်လိုက်ကာ မော့ချူးအခန်းထဲ အလွယ်လေးဝင်သွားသည်။
ဒါဟာ ချူးလေးရဲ့ သီးသန့်ကိုယ်ပိုင်နေရာထဲကို နျဉ်ယွိယွမ်ရောက်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီဇိုင်းပုံစံက သူမရဲ့ စိတ်နေစိတ်ထားနဲ့ အတော်လေးကို လိုက်ဖက်လှသည်။ လေထုတစ်ခုလုံးက မော့ချူးရဲ့ထူးခြားတဲ့ရနံ့တွေနဲ့ ပြည့်နေသလိုမျိုး လတ်ဆတ်တဲ့အထိအတွေ့တွေနဲ့အံဝင်ခွင်ကျဖြစ်နေသည်။
ဒီအချိန် မော့ချူးတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသေးသည်။ သူမရဲ့ မျက်လုံးတွေက အသာလေးပိတ်နေကာ သူမရဲ့ ပန်းနုရောင် ချယ်ရီနှုတ်ခမ်းတွေက အနည်းငယ် ပွင့်ဟနေပြီး အသက်ရှူနေသလိုပင်။
ဒီကောင်မလေးရဲ့ အိပ်တဲ့ပုံစံက တည်ငြိမ်တယ်လို့ပြောလို့မရပေ။ သူမရဲ့ခန္ဓာကိုယ်ကို ဘေးစောင်းထားတာကြောင့် အဝါရောင်ဖျော့ဖျော့ ဒူးထိရှည်တဲ့ ညအိပ်ဂါဝန်က ပေါင်လယ်အထိ တက်နေကာ သူမရဲ့ နှင်းလိုဖြူတဲ့ရှည်သွယ်သွယ် ခြေတံတွေကို ပေါ်လွင်စေသည်။ ဒါက နျဉ်ယွိယွမ်ကို အသက်ရှူရပ်သွားစေခဲ့သည်။
ဒီမြေခွေးမလေးကတော့!
နျဉ်ယွိယွမ်မှာ ခြေနှစ်လှမ်းတိုးလာတာနဲ့အမျှ သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ တကယ်တော့ သူ ခုန်ဝင်လာတုန်းကတောင် ဘာသံမှ မကြားရပေ။ မော့ချူးကို စူးစိုက်ကြည့်နေတဲ့ သူ့ရဲ့ တောက်လောင်နေတဲ့ မျက်လုံးတွေကြောင့်သာ မဟုတ်ရင် သူ့ဖြစ်တည်မှုကို ဘယ်သူမှသတိပြုမိမှာမဟုတ်ပေ။
“ဟူး…” နျဉ်ယွိယွမ် အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။ မော့ချူးရဲ့ နှင်းလိုဖြူဖွေးနေတဲ့ အသားအရေက သူနဲ့မဝေးတော့ပေ။ သူ ထိတောင် ထိလို့ရနိုင်သည်။ အဆုံးမှာ သူလက်သီးမဆုပ်လိုက်ခင် သူ့လည်ချောင်းထဲ အကြိမ်အနည်းငယ်လောက် တင်းကြပ်သွားသည်။ သူ သူ့ရဲ့ချဉ်းကပ်လာတဲ့ ခြေလှမ်းတွေကို ရပ်လိုက်ပြီး မော့ချူးနဲ့ မီတာဝက်အကွာမှာ ရပ်လိုက်သည်။ သူ သူမရဲ့အိပ်ပျော်နေတဲ့ အသွင်ကို တိတ်တဆိတ် ကြည့်နေလိုက်သည်။
ဒီကောင်မလေးက တော်တော်စိတ်ဝင်စားဖို့ကောင်းသည်။ သူမက အိပ်ပျော်နေရင်းနဲ့ 'ဘ ဘ ဘ' ဆိုတဲ့အသံတွေကို ရံဖန်ရံခါ ပြုလုပ်တတ်သည်။ အရသာရှိတဲ့ တစ်ခုခုကို စားနေသလိုမျိုး သူမနှုတ်ခမ်းတွေ နည်းနည်းလှုပ်သွားသည်။ သူမရဲ့နူးညံ့သိမ်မွေ့တဲ့အသွင်အပြင်က နျဉ်ယွိယွမ်ရဲ့နှလုံးသားကို နူးညံ့သွားစေသည်။ သူ့အကြည့်တွေက သူမကိုစူးစိုက်ကြည့်နေတာလောက် မဆိုးတော့ပေ။
ဒီလိုကြောင်တောင်တောင်အကြည့်က နိုးလာခါစ မော့ချူးကို နည်းနည်း ထိတ်လန့်သွားစေသည်။ ဘုရားရေ၊ သေအောင်လန့်သွားတာပဲ! အိပ်ယာက နိုးလာလို့ မျက်လုံးဖွင့်လိုက်တဲ့ ဘယ်သူမဆို သူတို့ကို စိုက်ကြည့်နေတဲ့ မျက်လုံးတွေနဲ့ တွေ့ရင် သေအောင်လန့်သွားမှာပင်!
ဒါပေမယ့် နျဉ်ယွိယွမ်ကတော့ သတိမထားမိသေးပေ။ မော့ချူး နိုးလာတာကို မြင်တော့ သူမဘေးနားကိုသွားလိုက်ကာ ကုတင်အစွန်းတွင် ထိုင်ချလိုက်လိုက်သည်။ သူ့လေသံက မယုံနိုင်လောက်အောင် နူးညံ့နေသည်။ "နိုးပြီလား? ကောင်းကောင်းအိပ်ပျော်ရဲ့လား?"
မော့ချူး အံ့ဩသွားသည်။ သူမက သိသိသာသာကို အံ့ဩထိတ်လန့်နေရာကနေ ပြန်မသက်သာလာသေးပေ။ သူမရဲ့ အိပ်ချင်မူးတူးမျက်လုံးတွေက နျဉ်ယွိယွမ်ကို အံ့အားသင့်သလို မကြည့်မိခင် အကြိမ်အနည်းငယ်လောက် မျက်တောင်တဖျပ်ဖျပ်ခတ်သွားသည်။ "ရှင် ဘာလို့ ဒီကိုရောက်နေတာလဲ?"