အပိုင်း ၁၅၅
Vol. 11 Ch. 155
နာမည်ကတော့ အနုပညာမြောက်လွန်းပေမယ့် နောက်ဆုံးမှာတော့ မော့ချူးအနေနဲ့ ဒီနေရာအပေါ်မျှော်လင့်ချက် သိပ်မရှိပါချေ။
သို့ပေမယ့် သူမ ရောက်လာတဲ့အခါ သူမရဲ့မျက်လုံးတွေက မတတ်နိုင်ဘဲ တောက်ပလာသည်။ အိုက်ယိုး၊ ဒါက အရမ်းရှားတာပဲ။ နောက်ဆုံးတော့၊ ပိုပြီးသာမာန်ဆန်တဲ့ ဂိမ်းတစ်ခုတွေ့ပြီ!
သူတို့ရောက်လာတော့ ပထမအသုတ်က ပါဝင်မယ့်သူတွေဖြစ်သွားသည်။ သူတို့မှာ စည်းမျဥ်းစည်းကမ်းတွေကိုတောင် မသိလိုက်ရဘဲ မော့ချူးကို တွန်းပို့လိုက်သည်။
"မင်္ဂလာပါ စုံတွဲတို့ရေ။ ဒါက အခန်းနံပါတ် 1ရဲ့ Telepathyပါ" ဘယ်ကမှန်းမသိတဲ့နေရာကနေ အီလက်ထရွန်နစ်အသံတစ်ခု ထွက်ပေါ်လာပြီး စည်းမျဉ်းတွေကို အသေးစိတ် ရှင်းပြလာသည်။
"ကျွန်တော်တို့တွေ ဂိမ်းစတင်ပါတော့မယ်။ စုံတွဲတစ်တွဲစီက ခြေထောက်တစ်ဖက်ကို အတူတူချည်နှောင်ထားပြီး နောက်ကျောမှာ ရေဘောလုံးကြီးတစ်လုံးကို သယ်ထားရပါမယ်။ အစမှတ်ကနေ အဆုံးမှတ်အထိ ပြေးရပါမယ်။ အချိန်အတိုဆုံးပြီးတဲ့ အဖွဲ့သုံးဖွဲ့က အခန်းနံပါတ် ၂ ကို ဝင်ခွင့်ရှိပြီးTelepathy ဂိမ်းမှာ ဆက်ပါဝင်ခွင့်ရှိပါမယ်။ ရှုံးတဲ့အသင်းတွေအတွက်ကတော့ ပြစ်ဒဏ်ပေးဖို့ကောင်လေးတွေ ထွက်လာပါလိမ့်မယ်”
"ဘယ်လိုပြစ်ဒဏ်မျိုးလဲ?" မော့ချူးက စိတ်ဝင်တစား မေးလိုက်သည်။
“ဘာမှသိပ်မဟုတ်ပါဘူး။ ဒီတိုင်း…” နျဉ်ယွိယွမ်က သူမဘေးရှိအခန်းငယ်လေးကို လက်ညှိုးထိုးပြပြီး ခပ်တိုးတိုးရှင်းပြလာသည်။ “မင်းရှုံးရင် ယောက်ျားလေးတွေက တစ်ယောက်ပြီးတစ်ယောက် ပြေးလာကြလိမ့်မယ်။ အရင်ဆုံး တစ်မိနစ်အတွင်း မင်းကိုယ်ပေါ်မှာ လက်သီးအချက် ၂၀ ခံရမယ်။ ပြီးရင် တစ်မိနစ်အတွင်း လျှပ်စစ်ရှော့တိုက်ခံရမယ်၊ နောက်ဆုံးကတော့ အပူချိန် 45 ဒီဂရီထဲမှာ တစ်မိနစ်ကြာအောင် နေရမယ်"
ဒါက ဘာကြီးလဲဟ? ဘေးနားမှာ နားထောင်နေတဲ့ မော့ချူးတစ်ယောက် ထိတ်လန့်သွားသည်။ ဒါက ဒိတ်ရုံဘဲမဟုတ်ဘူးလား? သူတို့ဘဝကို ဒီလိုမျဉ်းကြောင်းတွေပေါ်တင်ဖို့ လိုအပ်လို့လား?
နောက်တော့ သူမဘေးမှာ ရပ်နေတဲ့ စုံတွဲကိုကြည့်လိုက်သည်။ တစ်ယောက်ချင်းစီက အရမ်းစိတ်လှုပ်ရှားနေကြကာ စိတ်ပူနေကြတဲ့ပုံမပေါ်ပေ။ မော့ချူး သူမစိတ်ထဲကစိုးရိမ်ပူပန်မှုကို တိတ်တဆိတ် မျိုချလိုက်သည်။ ကောင်းပြီလေ! အဖွဲ့ချုပ်က လူတွေက ဒီလိုထူးဆန်းကြတာဘဲကို!
"ကောင်းပြီ သွားကြစို့!" နျဉ်ယွိယွမ်က မော့ချူးလက်ကိုကိုင်ထားရင်း စက်တစ်ခုဆီ လျှောက်သွားလိုက်သည်။ နှစ်ယောက်သား မတ်တပ်ရပ်လိုက်တာနဲ့ စက်ထဲကနေ သံလက်နှစ်ဖက်ထွက်လာခဲ့သည်။ လက်ထဲတွင် အနီရောင်ကြိုးကို ကိုင်ထားပြီး သွက်လက်မြန်ဆန်တဲ့လှုပ်ရှားမှုတွေနဲ့ သူတို့ခြေထောက်တွေကို တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်သည်။ နောက်ထပ် သံလက်တစ်ဖက်က ဘေးကနေထွက်လာပြီး သူတို့နှစ်ယောက်ကျောပြင်ကြားမှာ ရေဘောလုံး ထားလိုက်သည်။
သူတို့ ယိမ်းထိုးဆင်းလာတဲ့အခါ တခြားစုံတွဲတစ်တွဲက စက်ပေါ်ရပ်လိုက်သည်။
လူတိုင်း အဆင်သင့်ဖြစ်လို့ စည်းပေါ်ရပ်လိုက်တဲ့အခါအီလက်ထရွန်နစ်အသံက ထပ်ထွက်လာသည်။ "အသင့်ပြင်...စပြီ!"
အသံတိတ်သွားတာနဲ့ တပြိုင်နက် စုံတွဲအားလုံး ရှေ့ကိုပြေးသွားကြပြီး မော့ချူးနဲ့ နျဉ်ယွိယွမ်တို့သာ နည်းနည်းနောက်ကျကျန်ခဲ့သည်။ သိသာထင်ရှားတဲ့ အရပ်အမောင်း ကွာဟချက်က သူတို့ရဲ့ခွန်အားကို လုံးလုံးလျားလျား ဟန့်တားထားတာကြောင့် အဲ့ဒီအတွက် သူတို့ကိုအပြစ်တင်လို့မရပေ။
မော့ချူးလည်း စိုးရိမ်နေမိသည်။ ကြောက်မက်ဖွယ်ကောင်းတဲ့ အပြစ်ဒဏ်ကိုကြားပြီးတဲ့နောက် သူမတစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားနေမိသည်။ သူမတို့ရှုံးမှာကိုမပြောနဲ့ဦး နျဉ်ယွိယွမ်ကိုယ်တိုင်က ပြစ်ဒဏ်ခံရလိမ့်မယ်ဆိုတော့... ဒါပေမယ့် မော့ချူးပိုစိုးရိမ်လေ သူမရဲ့ ခြေလှမ်းတွေက ပိုရှုပ်လာလေပင်။ သူမ မြေပြင်ပေါ် လဲကျလုနီးပါးပင်။ ကံကောင်းထောက်မစွာနဲ့၊ နျဉ်ယွိယွမ်က သူမကို အချိန်မီလှမ်းဖမ်းနိုင်လိုက်ပြီး သူမကို လူတိုင်းအရှေ့မှာ အရူးမဖြစ်စေခဲ့ပေ။
သို့ပေမယ့် ဒီလိုနဲ့ သူတို့နောက်ကျခဲ့တာက ပိုလို့တောင် ထင်ရှားလာသည်။
"မင်း အနိုင်ရချင်လား?" မော့ချူးရဲ့ စိုးရိမ်သောကရောက်နေတဲ့အကြည့်ကို ကြည့်ရင်း နျဉ်ယွိယွမ်ရဲ့အသံထဲ အံ့ဩစိတ်လှုပ်ရှားမှု အရိပ်အယောင်တွေပါ်လာသည်။
ကံဆိုးစွာနဲ့ လောလောဆယ် မော့ချူးက စိုးရိမ်နေတာဖြစ်သည်။ သူမ လုံးဝမကြားလိုက်ပေမယ့် ခေါင်းညိတ်ပြလိုက်သည်။ "သေချာပေါက်ပေါ့!"
“ကောင်းပြီ!” ဒါကိုကြားတော့ နျဉ်ယွိယွမ်ရဲ့ နှုတ်ခမ်းထောင့်တွေ နည်းနည်းကွေးသွားသည်။ သူက နည်းနည်းကုန်းလိုက်ပြီး မော့ချူးကို တကယ်ကြီး သူ့ကိုယ်ပေါ် တစ်ဝက်လောက်တင်လိုက်သည်။ နောက်တော့ ကြိုးမချည်ထားတဲ့ ခြေထောက်တစ်ဖက်ကိုသုံးကာ ခုန်ခုန်ပြီးပြေးသည်။ သူရဲ့ကိုယ်ဟန်အနေအထားက ရယ်စရာကောင်းပေမယ့် အရှိန်အဟုန်က အရမ်းအံ့အားသင့်စရာကောင်းကာ သူ့ရှေ့က အတွဲတွေကို တစ်တွဲပြီးတစ်တွဲ ကျော်တက်သွားသည်။ သူက ထိပ်ဆုံးကို တစ်ကြိမ်တည်းနဲ့ ကျော်ဖြတ်ကာ ပန်းတိုင်ကို တိုက်ရိုက်ရောက်လာပြီး ပထမနေရာရသွားသည်။
“ဟင်းး…” မော့ချူး သက်ပြင်းတစ်ချက်ချလိုက်သည်။ စောစောက သူမရဲ့ စိုးရိမ်နေတဲ့နှလုံးသားက နောက်ဆုံးတော့ သက်သာရာရသွားတော့သည်။
သို့ပေမယ့် သူမခပ်ကြာကြာမပျော်ရသေးခင် အီလက်ထရွန်းနစ်သံနဲ့ ပြောလာတဲ့စကားလုံးတွေက သူမရဲ့အပျော်ကို လုံးဝချိုးဖျက်ပစ်လိုက်သည်။ “ထိပ်ဆုံးသုံးတွဲကို ဂုဏ်ပြုပါတယ်။ အခု၊ ကျေးဇူးပြုပြီး မင်းတို့ရဲ့ဆုလာဘ်ကို ယူကြပါ — ကိုယ့်ဘေးနားက ကောင်မလေးကို နမ်းပါ!"