အပိုင်း ၁၆၀
Vol. 11 Ch. 160
အဆုံးမှာတော့ အဆင့်မြင့်သိုက်ရှန်တောင် မှတ်ချက်တွေနဲ့ ဖောက်ခွဲခဲ့သည်။ ['ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'ရဲ့ ကိုင်တွယ်ပုံကို ငါအရမ်းသဘောတူတယ်။ ဘာပဲဖြစ်ဖြစ်၊ စိတ်ဝိညာဉ်အစားအသောက်လိုမျိုး ထူးခြားတဲ့အရာကို အဖွဲ့ချုပ်ရဲ့ လူသားအားလုံးကို မျှဝေသင့်တယ်]
သူ့လေသံက နည်းနည်းမာပေမယ့် သူ့စကားရဲ့နောက်ကွယ်ရှိ အဓိပ္ပာယ်ကတော့ အင်တာနက်အသုံးပြုသူတွေအများအပြားရဲ့ ထောက်ခံမှုကို ရရှိခဲ့သည်။
[ပြောတာကောင်းတယ်!]
[အရှင်ရေ၊ အရှင်က တကယ်ကို ငါ့ရဲ့idol ပဲ! ဖြောင့်မတ်ခြင်းတရားနဲ့ ပြည့်စုံတယ်!]
ယခင်က အင်တာနက်အသုံးပြုသူအများစုဟာ နေရာမှာဘဲရပ်ရင်း သူတို့အတွက် ခပ်လွယ်လွယ်စကားတွေကိုသာပြောကာ စောဒကတက်ခဲ့ကြသည်။ သို့ပေမယ့် အခုချိန်မှာတော့ သိုက်ရှန့်ရဲ့ စကားနဲ့ချက်ချင်း မျက်နှာဖြတ်ရိုက်ခံလိုက်ရတော့သည်
သူမ ဖတ်ပြီးခါနီးမှာ မော့ချူးက စာမျက်နှာကို အသာပြောင်းလိုက်သည်။ နောက်တော့ သူမ ပြင်ဆင်ထားတဲ့ စိတ်ဝိညာဉ် အစားအသောက်တွေကို မြေခွေးပျံလေးဆီပေးကာ ဝယ်သူအမျိုးမျိုးရဲ့လိပ်စာတွေကို လမ်းညွှန်ပေးလိုက်သည်။ ညစာစားပြီးတဲ့နောက် ဒီလိုလှုပ်ရှားမှုတွေနဲ့အတော်ကြာ အသားကျနေတဲ့ မြေခွေးပျံလေးက မြေပုံကို ဂရုတစိုက်ကြည့်ကာ သတ်မှတ်ထားတဲ့တည်နေရာတွေကို စိတ်ထဲမှတ်ထားလိုက်သည်။ စိတ်ဝိညာဉ်အစားအသောက်တွေနဲ့အတူ မသွားခင် သူက မော့ချူးကို တရင်းတနှီး ပွတ်သပ်လိုက်သည်။
တစ်ဖက်မှာတော့၊ ဝိုင်းဝိုင်းတစ်ယောက် သနားနေတဲ့အမူအရာနဲ့ သူ့သူငယ်ချင်းလေး အဝေးကိုတဖြည်းဖြည်း ပျံသွားတာကို ကြည့်နေသည်။ ဟင်း! ဒီမှာနေရဖို့ မြေခွေးပျံလေးက တစ်လကို တစ်ကြိမ် ပစ္စည်းပို့သမားလုပ်ရတာပဲ။ စားပြီးအိပ် နိုးလာရင်ထပ်စားတတ်တဲ့ ဝိုင်းဝိုင်းလိုမျိုး အေးအေးဆေးဆေးမရှိလှဘူး။ ဒါက ရိုးရိုးရှင်းရှင်းနဲ့ ပြီးပြည့်စုံတာဘဲ!
ဝိုင်းဝိုင်းတစ်ယောက် မော့ချူးလက်နားက ပန်းကန်ပြားဆီ တိတ်တိတ်လေး ရွေ့သွားကာ နှုတ်ခမ်းသပ်လိုက်သည်။ ပန်းကန်ပြားပေါ်က ကြွပ်ရွနေတဲ့ ပြောင်းဖူးချပါတီကိုကြည့်ရင်း သူ သရေတွေကျလာသည်။ အရမ်းမွှေးလွန်းလို့ ချက်ချင်းစားပစ်ချင်လိုက်တာ...
အစောပိုင်းက ဒီပြောင်းဖူးချပါတီ မီးဖိုကနေထွက်လာတဲ့အချိန် ဝိုင်းဝိုင်းတစ်ယောက် ဆယ်ခုစားပြီးသွားပြီဖြစ်သည်။ သူ့ဗိုက်သေးသေးလေး လုံးဝိုင်းသွားတဲ့အထိ မရပ်ပေ။ အဆုံးမှာတော့၊ ခဏပဲကြာသေးတယ် အခု မော့ချူးရဲ့ပန်းကန်ထဲက ပြောင်းဖူးချပါတီတွေကို ကြည့်နေပြန်ပြီ။ သူ့ဗိုက်ထဲက ပြောင်းဖူးချပါတီတွေကိုတောင် အပြည့်အဝ အစာမချေရသေးဘူး။
'ဖတ်' ခနဲ အသံနဲ့အတူ မော့ချူးက အစားအသောက်ကိုခိုးစားတော့မယ့် ဝိုင်းဝိုင်းရဲ့ အသားပြည့်ပြည့်လက်လေးကို ရိုက်လိုက်သည်။ သူမက သူမ ရဲ့ခလုတ်ခုံကိုဘဲ ဆက်ကြည့်နေတာဖြစ်သည်။ သူမက ခေါင်းလှည့်မလာဘဲ ပြောလိုက်သည်။ “နင့် ဗိုက်အရွယ်အစားကိုလည်း ကြည့်ပါဦး၊ ပြောင်းဖူးချပါတီတွေကို ခိုးချင်သေးတယ်လား?"
ဒါကိုကြားတော့ ဝိုင်းဝိုင်းက ခေါင်းငုံ့ကာ သူ့ဗိုက်သူကြည့်လိုက်သည်။ သူက လက်ဆန့်ကာ ဗိုက်ကို အကြိမ်အနည်းငယ်လောက် အသာအယာပုတ်ပြီးနောက် ထုရိုက်သံထွက်လာစေသည်။ ပုတ်နေတဲ့အသံက ရပ်မသွားပေ။ ဒီအသေးလေးက ကြိမ်ဖန်များစွာ အဆက်မပြတ် ပုတ်နေရင်း ပျော်ရွှင်နေပုံရပြီး၊ ပြောစရာတောင်မလိုပေ၊စည်းချက်ကျကျ ပုတ်လိုက်သေးသည်!
ဝအောင်ကစားပြီးတဲ့နောက် ဝိုင်းဝိုင်းကခေါင်းကိုမော့ကာ အော်လိုက်သည်။ "အာဝူး အာဝူးး-" ငါ့ဗိုက်က အရမ်းကောင်းတယ်၊ အရမ်းကျန်းမာတယ်။ နောက်ထပ် ချပါတီဆယ်ခုလောက် စားနိုင်သေးတယ်။ နူးညံ့ပြီးချိုတဲ့အရသာကို ခံနိုင်ရည်မရှိဘူး။
“မရဘူး!” ဝိုင်းဝိုင်းရဲ့ မျက်လုံးကြီးတွေက မော့ချူးကို လုံးဝမယိမ်းယိုင်စေပေ။ သူမက ခိုင်ခိုင်မာမာနဲ့ ပန်းကန်တစ်ချပ်လုံးကို တစ်ဖက်ပို့လိုက်ကာ ခေါင်းအသာခါပြလိုက်သည်။ "အဓိက အစားအစာအတွက် နင်အရင်စားလိုက်ပြီးပြီမလို့ တခြားဘာမှ မထိရတော့ဘူး!"
ဒါကိုကြားတော့ ဝိုင်းဝိုင်းက အကျပ်ရိုက်ကာ မြေပြင်ပေါ် လူးလိမ့်လိုက်သည်။ သူက ဝမ်းနည်းစွာနဲ့ တီးတိုးပြောနေသလို အသံခပ်တိုးတိုး ထုတ်လာသည် - စားလို့မရတဲ့ အရာကိုမြင်နေရတာ ဘယ်လောက်ဝမ်းနည်းဖို့ ကောင်းလဲသိရဲ့လား?
ဝိုင်းဝိုင်းကို သူမ မတွေ့တာ ရက်နည်းနည်းကြာပြီဖြစ်သည်။ ဝိုင်းဝိုင်းတစ်ယောက် ငိုယိုပြီး ပြဿနာရှာတဲ့လုပ်ရပ်ကို ဘယ်ကနေ သင်ခဲ့လဲမသိပေ။ ဒီနှစ်ရက်အတွင်းမှာ သူက မော့ချူးကို မရပ်မနားနားပူအောင်လုပ်သည်။ ဒီအချိန် သူက ခါးသီးသလိုပုံစံမျိုး ထပ်လုပ်လာသည်။
ထားလိုက်တော့။ ဘာပဲဖြစ်ဖြစ် ဒီအသေးလေးရဲ့ သရုပ်ဆောင်စွမ်းရည်က ဟာကွက်တွေနဲ့ပင်။ သူက ငိုချင်ယောင်ဆောင်ရုံသာမက မော့ချူးကိုလည်း ရံဖန်ရံခါ ချောင်းကြည့်တတ်သေးသည်။ မော့ချူး သူ့ကိုကြည့်နေလို့ရှိရင် သူက ပိုလို့တောင် ပြင်းပြင်းထန်ထန် အော်ဟစ်လိမ့်မည်ပင်! မော့ချူး အဝေးကို လှမ်းကြည့်နေမှန်း သူသတိထားမိရင် သူ့အသံက ချက်ချင်းတိုးသွားလိမ့်မည်ဖြစ်သည်။ ဟန်ဆောင်ငိုဖို့ကလည်း စွမ်းအင်တွေလိုတယ် မဟုတ်လား?
ဝိုင်းဝိုင်းရဲ့ ပေါကြောင်ကြောင် ဖျော်ဖြေမှုကို ခံစားပြီးတဲ့နောက်၊ မော့ချူးက ပြောင်းဖူးချပါတီအများစုကို ကိုယ်ပိုင်ခလုတ်ခုံထဲ ဖြည်းဖြည်းချင်း ထည့်လိုက်သည်။ သူမ လက်ထဲမှာ နောက်ဆုံးတစ်ခုကို ကိုင်ထားသည်။ ဝိုင်းဝိုင်းရဲ့ မျှော်လင့်နေတဲ့အကြည့်အောက်မှာ မော့ချူးက ပြောင်းဖူးချပါတီကို သူမပါးစပ်ထဲ တိုက်ရိုက်ထည့်လိုက်သည်။
ဝိုင်းဝိုင်း တစ်ခဏလောက် ကြောင်အသွားသည်။ နောက်တော့ မကျေနပ်ချက်ကြောင့် ဖောင်းကားနေတဲ့မျက်နှာလေးက ရှုံ့တွသွားသည်။ သားရဲတစ်ကောင်ကို ဒီလိုအနိုင်ကျင့်လို့မရဘူး!