အပိုင်း ၁၆၆
Vol. 12 Ch. 166
"သခင်လေး၊ ဒီမှာတစ်ချက်လာကြည့်ကြည့်ပါဦး!" ထိန်ထိန်လင်းနေသော အခန်းထဲတွင်၊ အနည်းငယ် အသက်အရွယ် ကြီးရင့်သောမျက်နှာနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကိုယ်ပိုင်ခလုတ်ခုံအား ရတနာတစ်ပါးအလား မှတ်ယူကာ စင်္ကြံတစ်လျှောက် ဖြတ်လျှောက်လာသည်။ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုတွေဖြင့် ပြည့်နှက်နေပြီး သူ့အသံက အနည်းငယ် တုန်ယင်နေခဲ့သည်။
တစ်ချက်ကြည့်ရုံဖြင့် အိမ်ဒီဇိုင်းဟာ ရိုးရှင်းပြီး ကျယ်ဝန်းလှကြောင်း သိနိုင်သည်။ သို့သော်၊ ကြီးမားသော အိမ်ကြီးထဲတွင် အကြောင်းပြချက်မရှိအထီးကျန်ကာ တိတ်ဆိတ်ခြောက်ကပ်မှုကိုပေးစွမ်းနေသည့် ပုံရိပ်နှစ်ခုရှိနေသည်။
"သခင်လေး၊ ကြည့်ပါဦး!" ဝမ့်ကျုံး အသံထဲတွင်စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်စွာဖြင့် ပြတင်းပေါက်ဆီလျှောက်လာသည်။ “စတားနက်မှာ နာမည်အကြီးဆုံးဖြစ်တဲ့ 'စိတ်ဝိညာဉ်အစားအစာစားသောက်ဆိုင်' က 'ဆေးဖက်ဝင်ဟင်းလျာ' လို့ခေါ်တဲ့ ကဏ္ဍသစ်ကို မကြာသေးခင်က ဖွင့်လိုက်တာကို တွေ့လိုက်ရတယ်။ သခင်လေးရဲ့ရောဂါလည်း သက်သာရင် သက်သာသွားနိုင်တယ်!”
“ဦးလေးဝမ်…” ပြင်သစ်ပြတင်းပေါက်ရှေ့ရှိ ပလက်ကထိုင်ပေါ်တွင် လဲနေတဲ့လူက အဲ့ဒီစကားကိုကြားတဲ့အခါ ခေါင်းအသာလှည့်လာသည်။ သူ့မျက်နှာက အနည်းငယ် ဖြူဖျော့နေပေမယ့် သူ့ရဲ့ကြည့်ကောင်းတဲ့မျက်နှာနဲ့ ထူးခြားတဲ့ စိတ်နေစိတ်ထားကို မသက်ရောက်စေပေ။ သူ့နှုတ်ခမ်းတွေ အနည်းငယ် ကွေးသွားကာ သူ့အကြည့်တွေက ခလုတ်ခုံဆီ ရောက်သွားသည်။ သူက ပြောလာသည်။ “ကုသမှုအာနိသင်ကိုတော့ အာမ မခံနိုင်ဘူးလို့ဆိုင်ပိုင်ရှင်က ပြောထားတယ်လေ။ ပြီးတော့၊ ဆရာဝန်အများစုက ကျွန်တော့်ရဲ့မျိုးရိုးဗီဇပြိုကျတဲ့ရောဂါကို ကုသလို့မရတဲ့ ရောဂါအဖြစ် ပြောထားပြီးပြီဘဲလေ…” စုန့်ချင်းစုန့်က သက်ပြင်းအသာချကာ ကျန်စကားလုံးတွေကို မပြောတော့ပေ။
"သခင်လေး... ထပ်ပြီး တစ်ညလုံး အိပ်မပျော်ပြန်ဘူးလား!" တစ်ဖက်လူရဲ့ မျက်ကွင်းညိုတွေကို ကြည့်ရင်း ဦးလေးဝမ်ရဲ့ မျက်လုံးထဲတွင် နာကျင်မှု အရိပ်အယောင်တွေ ပေါ်လာသည်။ “ဒါအားလုံးက ဦးလေးအမှားပါ။ သခင်လေး မူမမှန်ဖြစ်တာကို အချိန်မီသတိထားမိရင်၊ ဒီပုံစံမျိုးဖြစ်လာမှာ မဟုတ်ဘူး"
"သိပ်ပြီးအတွေးမလွန်ပါနဲ့ဦးလေး" စုန့်ချင်းစုန့် မတ်တပ်ရပ်လိုက်သည်။ သူ့ရဲ့ပုံမှန်ရုပ်ရည်ဟာ ယခုအခါမှာတော့ အနည်းငယ် အားနည်းနေပုံရသည်။ သူကအန်ကယ်ဝမ်ကို ပြုံးပြလိုက်ပြီး “အဲဒီတုန်းက ဦးလေးမပြောနဲ့ ကျွန်တော်တောင် ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကို သတိမထားမိဘူး။ အတွေးမလွန်ပါနဲ့!"
"ဒါ့အပြင် အခု ကျွန်တော့်အနားမှာ ဦးလေးတစ်ယောက်ဘဲရှိတော့တာ" စုန့်ချင်းစုန့်ရဲ့ မျက်နှာပေါ်ရှိ အပြုံးကနက်ရှိုင်းလာသည်။ မှိန်ဖျော့နေတဲ့ သူ့မျက်လုံးတွေနဲ့တွဲလိုက်တော့ ပိုပြီးအထီးကျန်ကာ ဝမ်းနည်းတဲ့ပုံပေါ်သွားသည်။
"သခင်လေး၊ သိပ်အများကြီး မတွေးပါနဲ့" တစ်ခါကဂုဏ်ယူရတဲ့ ကောင်းကင်ရဲ့သားတော်လိုမျိုး တောက်ပခဲ့ဖူးတဲ့ ယောက်ျားက အခု အရမ်းကူကယ်ရာမဲ့ဖြစ်နေတာကိုကြည့်ရင်း ဦးလေးဝမ်ရဲ့ ရင်ထဲတွင် ဖော်မပြနိုင်တဲ့ ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရသည်။ ဦးလေးဝမ်က သူ့ကို ခပ်တိုးတိုး နှစ်သိမ့်ပေးခဲ့သည်။ “ဦးလေးတို့တွေ ဆရာဝန်တစ်ယောက်လောက် ဖြည်းဖြည်းချင်း ရှာတွေ့မှာပါ။ အချိန်အကြာကြီး ကျန်ပါသေးတယ်။ ဦးလေးတို့တွေ သခင်လေးကို ကုသဖို့ နည်းလမ်းတွေ တဖြည်းဖြည်းနဲ့ရှာတွေ့လာမှာပါ"
စုန့်ချင်းစုန့်က ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။ “ကျွန်တော်လည်း မျှော်လင့်ပါတယ်…”
ကံဆိုးစွာနဲ့ သူသည် အသင်းချုပ်ရှိ ဆေးဘက်ဆိုင်ရာဌာနအားလုံးကို သွားခဲ့ဖူးသည်။ နာမည်ကြီးပြီး မသိတဲ့ ဆရာဝန်တွေ အားလုံးနဲ့လည်း သူပြဖူးသည်။ ဆေးမျိုးစုံကိုပင် သူသောက်ခဲ့ဖူးသော်လည်း သူ၏စွမ်းအားမှေးမှိန်လာသည့်အရှိန်မှာ နှေးကွေးမသွားပေ။
ကူကယ်ရာမဲ့စွာနဲ့ စောင့်ကြည့်နေဖို့ကလွဲလို့ သူ့မှာ ရွေးချယ်စရာမရှိခဲ့ပေ။
တင်းတောင် တင်းတောင်-
အဲ့ဒီအချိန် တံခါးဘဲလ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
.....
"ဦးလေးဝမ်၊ တံခါးသွားဖွင့်လိုက်ပါဦး" စုန့်ချင်းစုန့်သည် ပက်လက်ကထိုင်ပေါ်တွင် ပြန်ထိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်က အရင်အတိုင်း ဖြောင့်တန်းနေကာ သူ့မျက်လုံးတွေက ပြတင်းပေါက်အပြင်ဘက်ကိုကြည့်နေသည်။ သို့သော် သူ့အကြည့်က အနည်းငယ် မှုန်မှိုင်းနေသည်။
“ဟင်း" အန်ကယ်ဝမ်က ပြန်ဖြေလိုက်ပြီး တံခါးဆီ လျှောက်သွားလိုက်သည်။ တံခါးဖွင့်လိုက်တာနဲ့ သူမျက်မှောင်ကြုတ်မိသွားသည်။ "မင်းတို့တွေ ဒီမှာဘာလာလုပ်ကြပြန်ပြီလဲ? မင်းတို့ကို ဒီမှာဘယ်သူမှမကြိုဆိုဘူး။ မြန်မြန်ထွက်သွားကြ!”
ဒါကိုကြားတော့ ပြတင်းပေါက်နားမှာ ထိုင်နေတဲ့ စုန့်ချင်းစုန့် ခေါင်းအသာလှည့်ကာ တံခါးဘက်ဆီလှမ်းကြည့်လာသည်။ ဘယ်သူလဲ ဆိုတာမြင်တော့ သူ့အမူအရာက လုံးဝပြောင်းလဲမသွားပေ။
"ဟေး၊ ဒါက ငါ့ရဲ့ တတိယအစ်ကို မဟုတ်ဘူးလား?" တံခါးအပြင်ဘက်ရှိ စုန့်ချင်းယွမ်က ဦးလေးဝမ်ကို လုံးဝ ဂရုမစိုက်ပေ။ သူက ညီအစ်ကိုဆိုတဲ့ နာမည်ကိုသုံးကာ အခန်းထဲကို တိုးဝင်လာသည်။ တကယ်တော့ သူက စုန့်ချင်းစုန့်ကို အရှက်ခွဲဖို့ ဒီကိုရောက်လာတာဖြစ်သည်။ “အရင်က မင်းရဲ့ reality show ကို ငါကြည့်လိုက်ရတယ်။ ရိုက်ကွက်တစ်ခုမှကိုမလွတ်ဘူး။ ကျွတ်စ် ကျွတ်စ် ငါက မင်းအပေါ်ကောင်းတယ်လို့ မထင်ဘူးလား?"
"ဒါပေမယ့်၊ အခုကျ စိတ်ကြီးဝင်တတ်တဲ့ စုန့်ချင်းစုန့်က အဆင့် ၈ မှော်သားရဲလေးကိုတောင် ဘာလို့အနိုင်မယူနိုင်တော့တာပါလိမ့်? မင်းရဲ့မိသားစုက မင်းအတွက် အရင်တုန်းက ပံ့ပိုးပေးခဲ့တဲ့ ကြီးကြီးမားမား အရင်းအမြစ်တွေကို တကယ်ဖြုန်းတီးလိုက်တာပဲ။ မင်းဒုက္ခိတဖြစ်နေရင်တောင် အရင်းအမြစ်တွေအများကြီး အထောက်အပံ့ရထားလို့ အခုထက်တောင် ပိုပြီးကောင်းနေရမှာကို!"