အပိုင်း ၁၉၃
Vol. 13 Ch. 193
မဲနှိုက်ပြီးသည့်နောက် လူတိုင်းရဲ့မျက်နှာပေါ်က အမူအရာအမျိုးမျိုးကို လျစ်လျူရှုကာ လင်ယဲ့ဟုန်က အရိပ်အမြွက်ကတ်တွေကို အုပ်စုတစ်စုစီ ပေးလိုက်သည်။
ချင်ယွဲ့ယူလိုက်ပြီး ဖွင့်ကြည့်ဖို့ မအောင့်နိုင်တော့ပေ။ ကတ်ထဲတွင် စာကြောင်းတစ်ကြောင်းသာပါသည်။ [အဖွဲ့ချုပ်တစ်ခုလုံးရဲ့ အမာကြောဆုံးနဲ့ အပျော့ပြောင်းဆုံးပစ္စည်းများ]
ဟမ်? မော့ချူး သိချင်စိတ်ဖြင့်ခေါင်းစောင်း ကြည့်လိုက်သည်။ ဒီမေးခွန်းကိုတွေ့တာနဲ့ သူမချက်ချင်း ကိုးရိုးကားယားနိုင်သလို ခံစားလိုက်ရသည်။ အမ်... သူမဘယ်လိုလုပ်သိမှာလဲ?
သူမ ခေါင်းမော့ကာ ချင်ယွဲ့ကို ကြည့်လိုက်သည်။ နှစ်ယောက်စလုံးရဲ့ မျက်နှာပေါ်မှာ နားမလည်မှုတွေနှင့် ပြည့်နှက်သွားသည်။
သူတို့နှစ်ယောက်ရဲ့ ရယ်စရာကောင်းတဲ့အသွင်အပြင်ကို လင်ယဲ့ဟုန်လည်း သဘာဝအလျောက် တွေ့လိုက်သည်။ သူ့မျက်လုံးထဲက အပြုံးကိုဖုံးကာ ခပ်တိုးတိုး သတိပေးလိုက်သည်။ "ကောင်းပြီ၊ အခု ငါတို့ပေးလိုက်တဲ့ အရိပ်အမြွက်တွေက အရိုးရှင်းဆုံးပဲ။ ခပ်ဝေးဝေးသွားလေ၊ အခက်အခဲက ပိုခက်လေပဲ။ အားလုံးပဲ ခပ်မြန်မြန်လုပ်ကြပါ”
ပြီးသွားပြီ! လင်ယဲ့ဟုန် ဒီလိုပြောလိုက်တော့ မော့ချူးနဲ့ ချင်ယွဲ့တို့ မနေနိုင်ဘဲ တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်မိသည်။ သူတို့ရင်ထဲမှာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်သွားသည်။ သူတို့နှစ်ဦးက အရိုးရှင်းဆုံးပဟေဠိကိုတောင် မဖြေနိုင်ကြတာ။ သူတို့ဘာဆက်လုပ်သင့်လဲ?
အရင်တစ်ခေါက် No-man's Land မှာ ရှင်သန်ခဲ့ရတာတွေက လူတိုင်းရဲ့ ကိုယ်ကာယကြံ့ခိုင်မှုကို စမ်းသပ်တာဆိုပါက ယနေ့ပြိုင်ဆိုင်မှုကတော့ သူတို့ရဲ့ဉာဏ်ရည်ကို စမ်းသပ်တာဖြစ်သည်။
သို့ပေမယ့်…
လင်ယဲ့ဟုန် မေးစေ့ကို ပွတ်လိုက်သည်။ သူ့အပြုံးက နည်းနည်းကျောချမ်းစရာပင်။ 'ဉာဏ်ရည်' ဆိုတဲ့ စကားလုံးကို ပုံစံအမျိုးမျိုးဖြင့် သုံးနိုင်သည်။
"အကောင်းဆုံး၊ ကံကောင်းတဲ့ကြယ်လေးပဲ၊ အကောင်းဆုံးဘဲ!"
"နတ်ဘုရားစုန့်၊ ငါတို့ မင်းကို အားပေးနေမယ်!"
" မော့ယန်၊ ငါတို့တွေ နင့်အပေါ် မျှော်လင့်ချက်ကြီးကြီးထားထားတယ်နော်!"
အနီးနားရှိ ပရိသတ်တွေက အခွင့်ကောင်းယူကာ ရံဖန်ရံခါ အော်ဟစ်နေကြသဖြင့် မြင်ကွင်းက အရမ်းအသက်ဝင်နေသည်။ အစောပိုင်းက တင်းမာနေသည့်လေထုမှာ အနည်းငယ် ပြေလျော့သွားသည်။
.....
"အိုက်ယား ငါ့ပရိသတ်တွေကရော ဘယ်မှာလဲ?" ဒီအခြေအနေကိုမြင်တော့ ချင်ယွဲ့က ချက်ချင်းပြေးထွက်လာကာ နှုတ်ခမ်းစူလိုက်သည်။ သူ့လိုမျိုး ခံစားချက်ပြင်းထန်တတ်တဲ့သူမျိုးက လူတိုင်းဆီကနေ ဘယ်လိုလုပ်လျစ်လျူရှုထားခံရသလဲဆိုတာကို သူတကယ်နားမလည်ပါချေ။
ချင်ယွဲ့က ညည်းညူရုံဘဲဆိုပေမယ့် ကျန်းရှောင်ချီကတော့ လုံးဝကိုအရှက်ကွဲသွားရသည်။
ကျော်ကြားမှုအရ သူမသည် မော့ချူးနှင့် မော့ယန်တို့ထက် များစွာမြင့်မားသည်။ နောက်ဆုံးမှာတော့ သူမရဲ့ ပရိသတ်တွေဟာ သူမရဲ့ယခင်က စွမ်းဆောင်မှုတွေကြောင့် သူမအား စိတ်ပျက်သွားခဲ့ကြသည်။ သူမကို အားပေးစကား ပြောဖို့မဆိုထားနဲ့ သူမကိုကြက်ဥပုပ်တွေနဲ့ မပေါက်တာကပင် ကောင်းနေပြီဖြစ်သည်။
ပရိုဂရမ်နောက်ဆုံးအပိုင်းတွင်၊ သူမကံကောင်းထောက်မစွာဖြင့် ကျန်ရစ်ခဲ့သည်။
ဒီတစ်ခေါက် သူမမဲနှိုက်လိုက်သည့်အခါ ယောင်မန်ဝမ်နှင့်တစ်ဖွဲ့ကျသည်။ ကြည့်ရမယ်ဆိုလျှင်၊ ဒါကမျက်စိဖမ်းစားစရာဖြစ်နေသေးသည်။ ဒါပေမယ့် သူတို့ရဲ့ IQ က မော့ချူးနဲ့ တခြားသူတွေထက်တော့ အများကြီး မမြင့်ဘူးဆိုတာ ထင်ရှားလှသည်။ ပဟေဠိကို ဖြေရှင်းဖို့ ကြိုးစားရင်း သူတို့ခေါင်းတွေကိုလည်း ကုတ်နေကြသေးသည်။
တစ်ဖက်မှာတော့ စုန့်ချင်းစုန့်နဲ့ မော့ယန်တို့အဖွဲ့ကတော့ ခဏလောက်သာ စဉ်းစားလိုက်ရကာ ချက်ချင်းအဖြေရသွားသည်။ သူတို့က စတင်လှုပ်ရှားဖို့ အဆင်သင့်ဖြစ်နေကြကာ နောက်ထပ်သဲလွန်စကို ရှာဖို့ ကြိုးစားကြတော့သည်။
ဘုရားရေ၊ ဒီလောက်တောင်မြန်တာလား?
မော့ချူးမှာ ကြောင်တက်တက်ဖြင့် အံ့ဩသွားရသည်။ သူတို့နှစ်ယောက်က ပစ္စည်းတွေ အမြန်ထုပ်ပိုးကာ ထွက်သွားတော့မလို့ လုပ်နေတာကို သူမ ကြည့်နေပေမယ့် ချင်ယွဲ့က သူတို့ကို တားလိုက်သည်။
အယ်? ချင်ယွဲ့?
မော့ချူး သူ့ဘက်ကို လှမ်းကြည့်လိုက်တော့ သူမရဲ့အသင်းဖော်က မသိလိုက်ဘာသာနဲ့ မော့ယန်ရှေ့ကိုရောက်သွားကြောင်း သူမသိလိုက်ရသည်။ သူက သူ့ရဲ့ကြမ်းတမ်းပြီး အေးစက်တဲ့ မျက်နှာကို အတင်းဖျစ်ညှစ်ပြုံးလိုက်တော့ အရမ်းရယ်စရာကောင်းသွားသည်။ “ဟေး… မော့ယန်၊ ငါတို့မဟာမိတ်ဖွဲ့လိုက်ရင်ရောဘယ်လိုလဲ?"
မော့ချူး ကူကယ်ရာမဲ့စွာနဲ့ နဖူးကို ပုတ်လိုက်သည်။ မဟာမိတ်ဖွဲ့မယ်? ငါတို့ခွန်အားနဲ့ဆို ဘယ်သူက ငါတို့နဲ့ ပူးပေါင်းချင်မှာလဲ?
ဒါကို တွေးကြည့်လိုက်တော့ ပြိုင်ပွဲကို ဆက်လုပ်ဖို့ လိုသေးသည်။ မော့ချူးလည်း နတ်ဘုရားစုန့်ကို စိုက်ကြည့်ကာ မျှော်လင့်ချက်အပြည့်နဲ့ စိတ်အားထက်သန်စွာ သူတို့ဆီပြေးသွားလိုက်သည်။
တစ်ဖက်မှာ ခပ်ရေးရေးပြုံးနေတဲ့ လင်ယဲ့ဟုန်ကို သူမတစ်ချက်ကြည့်လိုက်သည်။ သူ့ဆီကနေ သူမတို့ကိုတားတဲ့အသံမထွက်လာဘူးဆိုတော့ သူမတို့အနေဖြင့် ဒီလိုမဟာမိတ်ဖွဲ့တာကို ဆက်လုပ်လို့ရသည်။
မော့ယန်က သဲလွန်စကတ်ကို မော့ချူးဆီပေးလိုက်သည်။ သူတို့က ကတ်ပေါ်တွင် သူတို့ရဲ့အကြောင်းပြချက်ကို ခပ်သော့သော့ ရေးထားသည်။ “နောက်ထပ် သဲလွန်စက ဒီမှာဘဲ"
"ညီအစ်ကိုကောင်းရေ၊ မင်းက တကယ် အံ့သြစရာပဲ!" ချင်ယွဲ့က မော့ယန်ရဲ့ ပုခုံးကိုခပ်ပြင်းပြင်း ပုတ်ပြီး အရှက်မရှိစွာ ပြောလိုက်သည်။ "နောက်တစ်ခေါက် မင်းကို ကူညီစရာ တစ်ခုခု ရှိရင် ငါမင်းကို သေချာပေါက်ကူညီပေးမယ်!"
တကယ်တော့… ဒီလိုဖြစ်နိုင်ခြေက တကယ် နည်းတယ်!