အပိုင်း ၁၉၇
Vol. 14 Ch. 197
"ကျွန်မတို့မှာ ဖက်ဒရယ်ဒင်္ဂါး ၁၄၀၀ ကျန်သေးတယ်" ဘတ်စ်ကားခနဲ့ ရေဝယ်တဲ့စရိတ်တို့ကို နုတ်ယူပြီးတဲ့နောက် မော့ချူးက သူတို့ပိုက်ဆံတွေကို ဂရုတစိုက် ရေတွက်ကာ မော့ယန်ဘက် လှည့်ကြည့်လိုက်သည်။ "အစ်ကိုတို့ ဘယ်လောက်လိုတာလဲ?"
“အစ်ကိုတို့ ဖက်ဒရယ်ဒင်္ဂါး ပြား ၃၀၀ လိုသေးတယ်” မော့ယန်က ရိုးရိုးသားသားဖြေလိုက်သည်။ ခဏကြာတော့ သူအံ့အားသင့်စွာနဲ့ ခေါင်းမော့လိုက်သည်။ "ညီမလေးတို့တွေ ပိုက်ဆံ ဘယ်လိုရခဲ့တာလဲ?" သူတို့လုပ်သလိုမျိုး တစ်ခုခုရောင်းခဲ့တာများလား?
"ဒီမှာလေ!" မော့ချူးက သူမရင်ခွင်ထဲရှိ အသေးလေးကို ပုတ်လိုက်ကာ "ဒီငွေပမာဏကို ညီမတို့ရှာနိုင်ခဲ့တာ ဝိုင်းဝိုင်းကို ကျေးဇူးတင်ရမယ်!"
မကြာသေးမီကပင် ရှက်ရွံ့နေခဲ့တဲ့ ဝိုင်းဝိုင်းမှာ ဒီစကားကိုကြားတော့ ချက်ချင်း ဝမ်းသာအားရဖြင့် သူ့ဗိုက်လေးကို မြှောက်ကာ မေးကို အစွမ်းကုန်မော့လိုက်သည်။ မြင်လား? ဒါတွေအားလုံးက ဒီသခင်လေးကိုကျေးဇူးတင်ရမယ်!
"ဘယ်လို?" ချင်ယွဲ့ရဲ့ ကြွားလုံးထုတ်တဲ့ စကားတွေကနေ သူတို့တွေတကယ်ဘဲ ဒီငွေပမာဏကို အလွယ်တကူရှာနိုင်ခဲ့ကြောင်း မော့ယန်သိလိုက်ရသည်။ သူ မတတ်နိုင်ဘဲ ခပ်တိုးတိုးသက်ပြင်းချလိုက်မိသည်။ ဒီလိုတုံးအတဲ့ချင်ယွဲ့မှာ ဒီလောက်ထိ ကောင်းတဲ့အကြံဉာဏ်တွေ ရှိလိမ့်မယ်လို့ သူ မထင်ထားပါချေ။
"ဒီမှာ အစ်ကိုတို့ကို ပိုက်ဆံပေးလိုက်မယ်" မော့ချူးကပြောတဲ့အတိုင်း ဖက်ဒရယ်ဒင်္ဂါးပြား ၃၀၀ ကို ယူကာ သူတို့ကို ပေးလိုက်သည်။
“ဒါ…” နတ်ဘုရားစုန့်က နည်းနည်း ချီတုံချတုံ ဖြစ်နေပေမယ့် မော့ယန်က မဆိုင်းမတွ လက်ခံလိုက်သည်။
အဲဒါက သူ့တို့ ခက်ခက်ခဲခဲ ရထားတဲ့ငွေတွေပဲ! ချင်ယွဲ့မှာ မော့ယန်လက်ထဲက ဖက်ဒရယ်ဒင်္ဂါးပြား ၃၀၀ ကို ကြည့်လိုက်သည်။ သူ့ရင်ထဲမှာ သွေးတွေထွက်နေပေမယ့် လျစ်လျူရှုဟန်ဆောင်လိုက်ပါသေးသည်။ "အမှန်ဘဲ။ ငါတို့တွေမဟာမိတ်ဖွဲ့ဖို့ သဘောတူခဲ့တာမဟုတ်ဘူးလား? မဟာမိတ်ဆိုတာဘာလဲ? မင်းတို့က ငါ့တို့ကိုကူညီတယ်၊ ငါတို့ကလည်း မင်းတို့ကိုပြန်ကူညီတယ်!"
သူတို့လေးယောက် လက်မှတ်ဖိုးတွေ ပေးပြီးတဲ့နောက်မှာတော့ မတတ်နိုင်ဘဲ ရင်နာသွားမိသည်။ သူတို့လက်ထဲမှာရှိနေတဲ့ ပိုက်ဆံတွေက မျက်စိတစ်မှိတ်လေးအတွင်းမှာဘဲ ပြန်ပျောက်သွားသည်။
ကြည်လင်တဲ့မြစ် ရှုခင်းသာထဲ သူတို့လျှောက်ဝင်လာတဲ့အခါ မော့ချူးမတတ်နိုင်ဘဲ နည်းနည်းဆွံ့အသွားမိသည်။ သူမရဲ့ ဖက်ဒရယ်ဒင်္ဂါးပြား ၅၀၀ တန်လက်မှတ်က လုံးဝ အလဟသ မဖြစ်ဘူးလို့ သူမ ခံစားလိုက်ရသည်။
ဒီနေရာဟာ မယုံနိုင်လောက်အောင် လှပသည်။ မြစ်ဟာ မှန်တစ်ချပ်အဖြစ်အသုံးပြုနိုင်လောက်အောင် အလွန်ကြည်လင်ပြတ်သားလှသည်။ မြစ်ထဲရှိ ထူးဆန်းသည့် ကျောက်စရစ်ခဲတွေကိုတောင် မြင်နေရသည်။ အံ့ဩစရာအကောင်းဆုံးမှာ မြစ်ရေက နှစ်ခြမ်းကွဲနေတာဖြစ်သည်။ မြစ်၏ ဘယ်ဘက်ခြမ်းသည် အနီရောင်ဖြစ်ပြီး ညာဘက်ခြမ်းသည် အစိမ်းရောင်ဖြစ်သည်။
ဆန့်ကျင်ဘက်ရေစီးကြောင်းနှစ်ခုက သူတို့ရဲ့ထူးခြားသည့်အရောင်များကို ထိန်းသိမ်းထားကာ တစ်ခုနှင့်တစ်ခုလည်း အရောင်တွေမရောယှက်သွားပေ။
ဒီလို သဘာဝကျကျသန့်စင်တဲ့ အလှတရားကို ၂၁ ရာစုတွင်တော့ ရတနာတစ်ခုအဖြစ် ယူဆနိုင်သည်။
ဒါပေမယ့်... သဲလွန်စက ဘယ်မှာလဲ?
လှပတဲ့ရှုခင်းကို စိတ်အားထက်သန်စွာနဲ့ကြည့်နေတဲ့ မော့ချူးကလွဲလို့ ကျန်တဲ့လူတွေက လှုပ်ရှားနေပြီဖြစ်သည်။ သူတို့မှာ ဒီကြည်လင်တဲ့မြစ်ကို ဇောက်ထိုးလှန်ပစ်မတတ်ရှာခဲ့ပေမယ့် ဘာသဲလွန်စကိုမှ ရှာမတွေ့ခဲ့ပါချေ။
သူတို့ ဘယ်မှာ ဝှက်ထားတာလဲ?
ချင်ယွဲ့မှာ ပင်ပန်းနွမ်းနယ်မှုကြောင့် တစ်ပိုင်းသေမတတ်ပင်။ သူအမောတကောနဲ့ တစ်ဖက်မှာလှဲလိုက်သည်။ ခရိုင် ၅ တွင် အပူချိန်က တဖြည်းဖြည်း မြင့်တက်လာသည်။ သူ့နဖူးတွင် ချွေးတွေရွှဲနေသည်။ သူက သုတ်ပြီးတာတောင်မှ ထပ်ခါထပ်ခါ ထွက်နေသေးသည်။ သူ့ချွေးသုတ်နေတာက ချွေးထွက်နှုန်းကိုတောင် လိုက်မမီတော့ပေ။
သူ့ဘေးနားက မော့ယန်နဲ့ စုန့်ချင်းစုန့်ကို သူကြည့်လိုက်သည်။ သူတို့ကခေါင်းမပါတဲ့ ယင်ကောင်တွေလို ပြေးလွှားနေကြသည်။ သဲလွန်စတွေကိုလည်း လုံးဝမရှာပါချေ။ မေ့လိုက်တော့၊ မေ့လိုက်တော့၊ ခဏလောက် အရင်အနားယူကြရအောင်!
မြေကြီးပေါ်မှာ တစ်ဝက်တစ်ပျက် လဲလျောင်းနေတဲ့ ချင်ယွဲ့တစ်ယောက် သူ့ဘေးနားက မော့ချူးကိုအားစိုက်ကာ ငေးကြည့်လိုက်သည်။ အင်တာနက်မှာ သူမကို ကံကောင်းတဲ့ကြယ်လေး လို့ခေါ်နေကြတာ အံ့သြစရာ မရှိတော့ဘူး! တကယ်ကိုပဲ သူမကားထဲဝင်လိုက်တာနဲ့ တစ်ယောက်ယောက်က သူမကို အပူချိန်ထိန်းကိရိယာပေးသွားတယ်! အဆုံးမှာ သူမလည်း လှည့်ပတ်ရှာနေပေမယ့် သူမရဲ့ကိုယ်ပေါ်မှာ ချွေးတစ်စက်တောင် မရှိနေချေ။ သန့်ရှင်းနေရော!
"ဒီမှာ ဒါကိုသုံးလိုက်!" ချင်ယွဲ့ရဲ့ ချွေးစိုနေသောပုံစံကိုကြည့်ရင်း မော့ချူးမနေနိုင်တော့ဘဲ သူမလက်ထဲက အပူချိန်ထိန်းကိရိယာ အသေးလေးကို ပေးလိုက်သည်။
ဒီအရာလေးက လေအေးပေးစက်အသေးစားနှင့်တူသည်။ ၎င်းသည် ပတ်ပတ်ရှိ လေထုအပူချိန်ကို မီတာဝက်အတွင်း အထိုက်အလျောက် ချိန်ညှိ ပေးနိုင်သည်။ သို့သော် အားနည်းချက်မှာ အကွာအဝေးက အရမ်းတိုတာကြောင့် လူတစ်ဦးသာ အများဆုံး အသုံးပြုနိုင်သည်။
"ကျေးဇူးပဲ" ချင်ယွဲ့လည်း တွန့်ဆုတ်မနေတော့ပေ။ သူ တကယ်ကို အရမ်းပူနေပြီ။ သူ့မှာချွေးထွက်များတတ်တဲ့ ခန္ဓာကိုယ်ရှိကာ အခုတော့ ခရိုင် ၅ ရဲ့ အပူဒဏ်ကို ကြုံနေရသည်။ သူတကယ် အရမ်း ဒုက္ခရောက်ရသည်။
သို့ပေမယ့်၊ သူ အပူချိန်ထိန်းကိရိယာအသေးလေး ကိုကိုင်လိုက်တာနဲ့ ချက်ချင်း သက်တောင့်သက်သာဖြစ်သလို ခံစားလိုက်ရသည်။ အေးမြတဲ့လေလှိုင်းတွေ တိုက်ခတ်လာပြီး အဲဒီခံစားချက်က အံ့သြဖို့ကောင်းသည်!