အပိုင်း ၂၀၃
Vol. 14 Ch. 203
ဝိုင်းဝိုင်း ရပ်သွားပြီး ရေခဲရုပ်ထုတစ်ခုကို လှည့်ပတ်နေတဲ့အချိန် သူတို့တွေ မီတာ ၅၀၊ ၆၀ လောက်သာ လမ်းလျှောက်လိုက်ရသည်။
"ငါတို့ ဘာလို့ ဆက်မရွှေ့တော့တာလဲ?" ချင်ယွဲ့နည်းနည်း နားမလည်ဖြစ်သွားသည်။ "ဒီရေခဲရုပ်တုက လှတယ်လို့ ဝိုင်းဝိုင်းက ထင်နေတာများလား?"
မော့ချူး မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်သည်။ သူမ ရေခဲရုပ်ထုကို သေသေချာချာ ကြည့်လိုက်ကာ မကြာခင် ရေခဲရုပ်ထုရဲ့အမြီးက နည်းနည်းအနက်ရောင်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သေချာအနီးကပ်စစ်ဆေးကြည့်လိုက်တော့ အထဲမှာ အိတ်သေးသေးလေးတစ်လုံးရှိနေတာကို တွေ့လိုက်ရသည်။ သူတို့တွေရှာနေခဲ့ကြတဲ့ သဲလွန်စကတ်သုံးခုအပြည့်ရှိတဲ့ အိတ်တွေ ဟုတ်တယ်မလား?
"ဝိုင်းဝိုင်း၊ တော်တယ်!" မော့ချူးရဲ့ မျက်လုံးတွေ ရုတ်တရက် တောက်ပလာသည်။ သူမ ဝတုတ်လေးကိုကောက်ချီလိုက်လိုက်ပြီး သူ့မျက်နှာလေးကို ခပ်ကြမ်းကြမ်း နမ်းလိုက်သည်။
မော့ချူးက သတိမပေးဘာမပေးနဲ့ နမ်းလိုက်တာကြောင့် ဝိုင်းဝိုင်းတစ်ယောက် တစ်ခဏလောက် အံ့အားသင့်သွား ရသည်။ နောက်တော့ အမွှေးတွေနဲ့ သူ့မျက်နှာလေးမှာ နည်းနည်းနီပြီး ပူလာသည်။ သူ့ရဲ့ခေါင်းက ချက်ချင်းဘဲ မော့ချူးရင်ခွင်ထဲ တိုးဝှေ့သွားကာ သူ့ရဲ့ ဖင်လုံးလုံးလေးကိုသာပြထားသည်။
ဟေး! ဒီအသေးလေးက ရှက်တတ်လာပြီပဲ!
ကင်မရာမင်းတွေက ဒါကိုမြင်တော့ သူကချစ်စရာကောင်းလွန်းလို့ သူတို့မျက်နှာတွေပါ နီလာသည်။ သူတို့က တိတ်တိတ်လေး သူတို့ရင်ကိုပွတ်လိုက်ကြသည်။ အခွင့်ကြုံရင်တော့ ဒါက ဘယ်လိုအိမ်မွေးတိရစ္ဆာန်မျိုးလဲလို့ မော့ချူးကိုမေးရမည်။ အခွင့်ကြုံရင် သူတို့ကိုယ်တိုင်လည်း တစ်ကောင် လောက်ဝယ်ရမည်။ ကြည့်ပါဦး၊ ချစ်စရာကောင်းပြီး ဉာဏ်လည်းကောင်းလိုက်တာ!
မော့ယန်လည်း မနေနိုင်ဘဲ ရယ်လိုက်သည်။ 'နောက်ကျတာထက် စောတာက ပိုကောင်းတယ်' ဆိုတဲ့ ဆိုရိုးစကားတစ်ခွန်းရှိကာ ဒါက အတိအကျကို ဒီအဓိပ္ပါယ်ပင်။
ချင်ယွဲ့နဲ့ ကျန်လူတွေမှာ ဒီနေရာတဝိုက်မှာ လိုက်ပတ်ရှာခဲ့ပေမယ့် ဘာမှ ရှာမတွေ့ခဲ့ပါပေ။ အဆုံးမှာတော့ သူတို့ ဝိုင်းဝိုင်းလိုက်မှီပြီး သဲလွန်စကတ်ကို ရှာတွေ့သွားသည်။ သူတို့ တကယ် ကံကောင်းတာပဲ!
ဒါပေမယ့် ဒါရိုက်တာလင်က တကယ်ကို ဉာဏ်များသည်။ ဒီနေရာတွင် အနည်းဆုံး ရေခဲရုပ်ထုပေါင်း ရာနှင့်ချီ ရှိသည်။ သူတို့သာ ရုပ်တုတစ်ခုပြီးတစ်ခုလိုက်ရှာရင် ရှာတွေ့မလား မတွေ့ဘူးလားဆိုတာ မပြောနဲ့ဦး စိတ်ရှည်မှာတောင် မဟုတ်ပေ။ ဒီတစ်ကြိမ်မှာတော့ သူတို့တွေ ဝိုင်ဝိုင်းကြောင့် ကံကောင်းခဲ့ပြီး သူက သူတို့ကိုအများကြီးကယ်တင်ပေးခဲ့သည်။
“ဟေး! ဒီဖက်တီးလေးက အရမ်းအစွမ်းထက်တယ်ဆိုတာ ငါမသိခဲ့ဘူး!” ချင်ယွဲ့လည်း အခုချိန်မှာစိတ်လှုပ်ရှားနေသည်။ သူက လက်ဆန့်ထုတ်ကာ ဝိုင်းဝိုင်းကို ပုတ်မလို့လုပ်လိုက်ပေမယ့် ဝိုင်းဝိုင်းဆီကနေ နောက်ခြေနဲ့ ခပ်ပြင်းပြင်း ကန်ခံထိသွားသည်! ဘယ်သူက ဖက်တီးလေးလဲ? ထွက်သွား!
“အိုး!” ချင်ယွဲ့ ရင်ဘတ်ကို ပွတ်လိုက်ပြီး သူ့မျက်လုံးတွေ ပြူးကျယ်သွားသည်။ ဝိုင်းဝိုင်းမှာ မော့ချူးရဲ့ရင်ခွင်ထဲ မြုပ်နေသေးပေမယ့် အတိအကျကို ကန်နိုင်သေးသည်။ အံ့သြစရာဘဲ!
သဲလွန်စကတ်ကို တွေ့သွားကြပေမယ့် အဓိကကတော့ အဲ့ဒါကို ဘယ်လိုထုတ်ယူရမှာလဲ? သူတို့အနေနဲ့ ရေခဲရုပ်ထုကို ခွဲလိုက်လို့လည်းမရပေ! ရေခဲရုပ်ပိုင်ရှင်က သူတို့ကို စိုက်ကြည့်နေတုန်းဖြစ်သည်!
......
"ဟဲလို၊ ဒီရေခဲရုပ်တုကို ရောင်းဖို့ရှိလား?" ချင်ယွဲ့က အရှက်မရှိစွာဖြင့် ရှေ့တိုးသွားကာ စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်သည်။ အဆုံးမှာ မျက်လုံးလှိမ့်ပြခံလိုက်ရပြီး အေးစက်စက်အဖြေကိုသာ သူ ရလိုက်သည်။ "မရောင်းဘူး!"
ချင်ယွဲ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေစိတ်မှာ ကြီးကြီးမားမား ထိုးနှက်ခံလိုက်ရသည်။ သူ ချက်ချင်းဘဲစိတ်ပျက်လက်ပျက် ဖြစ်သွားကာ မော့ချူး၊ အခြားလူတွေနဲ့အတူ အကြည့်ချင်း ဖလှယ်လိုက်သည်။ သူ့အကြည့်တွေထဲ အားကိုးရာမဲ့မှုတွေဖြင့် ပြည့်နှက်နေသည်။ ပိုင်ရှင်က မရောင်းမှတော့ သူဘာလုပ်နိုင်တော့မှာလဲ?
သူ့ဘေးမှာတော့ ရှစ်နှစ် ကိုးနှစ် အရွယ် ကလေးမလေးတစ်ယောက်က မျက်တောင်မခတ်ဘဲ စုန့်ချင်းစုန့်ကို စိုက်ကြည့်နေသည်။ သူမရဲ့ ကြယ်ကောင်တောက်နေတဲ့မျက်လုံးတွေက idol အပေါ် ဖန်တစ်ယောက်ရဲ့ ချစ်ခင်အားပေးမှုတွေနဲ့ ပြည့်နှက်နေသည်။
ချင်ယွဲ့က ခဏလောက် စဉ်းစားလိုက်ပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူ အားစိုက်ထုတ်ကာ ကြင်ကြင်နာနာနဲ့ အန္တရာယ်မရှိတဲ့ပုံဖြင့် ပြုံးပြလိုက်တော့ ကလေးမလေးမှာ ထိတ်လန့်သွားတော့သည်။ သူမရဲ့ကိုယ်လေးမှာ ရေခဲရုပ်တုနောက်ကို ဆုတ်သွားတော့သည်။
“ဖွီ–” မော့ချူးနဲ့ တခြားသူတွေမှာ အနောက်ကနေ မညှာမတာရယ်ကြတော့သည်။ ချင်ယွဲ့ရဲ့မျက်နှာမှာ တောင့်သွားပေမယ့် သူ့ရှေ့က ကလေးမလေး စိတ်ကျေနပ်စေရန် တွေးမိကာ သူ့အမူအရာက ပျော့ပြောင်းသွားသည်။ သို့သော်၊ သူ့ရဲ့အသွင်အပြင်က ဝတ်ရုံနီခြုံကလေးမလေးကို ခေါ်သွားမယ့် ဝံပုလွေကြီးနဲ့ အရမ်းကိုဆင်တူနေကြောင်း သူ မသိပါပေ။ “လာပါ၊ ဒီရေခဲရုပ်ကို ဒီအစ်ကိုကြီးဘယ်လိုဝယ်ရမလဲဆိုတာ မင်းပြောပြပေးဖို့လိုတယ်။ ဒီအစ်ကိုကြီးက မင်းကို စုန့်ချင်းစုန့်ကို ဖက်ခွင့်ပေးမှာ!"
သူက နတ်ဘုရားစုန့်ကို စကားတစ်ခွန်းတည်းနဲ့ ချက်ချင်းရောင်းပစ်လိုက်တော့သည်။
ဒီစကားကြားတော့ ကလေးမလေး မျက်လုံးတွေက ရုတ်တရက် တောက်ပလာသည်။ "တကယ်လား?"
"ဒါပေါ့!" အခွင့်အရေးတစ်ခုရှိလာတာကို မြင်လိုက်ရတော့ ချင်ယွဲ့လည်း သံပူနေချိန် အမြန်ပုံသွင်းလိုက်သည်။ "မညာဘူး"
ကလေးမလေးက အချိန်အတော်ကြာ တုံ့ဆိုင်းနေပေမယ့် နောက်ဆုံးမှာ ဖြားယောင်းသွေးဆောင်တာကို မခံနိုင်တော့ပေ။ သူမ ပြောလိုက်သည်။ “ဒီရေခဲပန်းပုရုပ်တွေကိုတော့ မရောင်းဘူး။ ဒါပေမယ့် ဟိုဘက်ကိုသွားပြီး တစ်ပုံစံတည်းတူတဲ့ရုပ်တုကို လုပ်နိုင်ရင် ဒါမှမဟုတ် ဒီထက်ကောင်းအောင် လုပ်နိုင်ရင်တော့ လဲလို့ရတယ်”