← Chapters

အပိုင်း ၂၁၁

Vol. 15 Ch. 211

အပိုင်း ၂၁၁

Vol. 15 Ch. 211

တစ်ဖက်မှာတော့ မော့ချူးတစ်ယောက် နည်းနည်း ချီတုံချတုံ ဖြစ်နေသည်။ သူမ အောက်နှုတ်ခမ်းကို အသာကိုက်ကာ ဆုံးဖြတ်ချက် မချနိုင်သေးပေ။

"ဘာဖြစ်လို့လဲ?" မော့ယန်က သူမဘေးမှာထိုင်နေကာ တိုးတိုးလေး မေးလိုက်သည်။

"အစ်ကို၊ ညီမလေး နည်းနည်းစိုးရိမ်တယ်" မော့ချူး ခဏရပ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ အခုတော့၊ လူတိုင်းက 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' ဟာ အစွမ်းထက်တယ်လို့ ထင်နေကြပြီဖြစ်သည်။ သို့သော် မော့ချူး ယခင်က လည်ပင်းကြီးရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ခဲ့တယ်ဆိုတာက ကံကောင်းမှုတွေအများကြီး ပါဝင်နေတာကြောင့်ဖြစ်တယ်ဆိုတာ သူမရှင်းရှင်းလင်းလင်း သိသည်။ တကယ်လို့ သူမသာ တခြားသူတွေကို ဗြောင်းဆန်အောင်လုပ်မိရင်....

"ဘာကိုစိုးရိမ်တာလဲ!" မော့ယန်က သူ့လက်ကို မော့ချူး ပခုံးပေါ်တင်လိုက်ပြီး အားနည်းနည်းထည့်လိုက်ကာ “ညီမလေး အစကတည်းက ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ထားပြီးသားပဲလေ။ ကုသမှုရဲ့အကျိုးသက်ရောက်မှုက မသေချာဘူး။ နောက်ဆုံးမှာ တစ်ခုခုဖြစ်ခဲ့ရင်တောင် လူတိုင်းဒါကိုသိတယ်။ သူတို့က ညီမလေးကို အပြစ်တင်မှာမဟုတ်ဘူး"

မည်သို့ပင်ဆိုစေကာမူ ချူးလေးက ငယ်သေးသည်။ ဒီလိုကြီးမားတဲ့ ဖိအားတွေနှင့် ရင်ဆိုင်ရသည့်အခါ သူမ အနည်းငယ် တုန်လှုပ်မိသည်မှာ အံ့သြစရာမဟုတ်ပေ။

ဒါကိုကြားတော့ မော့ချူး မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။ အမှန်တော့၊ တခြားသူတွေရဲ့ အမြင်တွေကိုဘာလို့ဂရုစိုက်ရမှာလဲ? အကောင်းဆုံးလုပ်နိုင်သလောက် လုပ်ရုံဘဲ!

ဒီသဘောတရားကို နားလည်ပြီးတဲ့နောက် မော့ချူး မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ သူမရဲ့လက်ချောင်းလေးတွေနဲ့ ခလုတ်ခုံပေါ် အကြိမ်အနည်းငယ်လောက် အသာအယာ နှိပ်လိုက်သည်။ အဆုံးမှာ၊ သူမ စုန့်ချင်းစုန့်ရဲ့ လျှောက်လွှာကို အတည်ပြုလိုက်ပြီး ခလုတ်ခုံတွင် မက်ဆေ့ချ်တစ်ခုချန်ခဲ့သည်။

[တောင်းပန်ပါတယ်။ အစကတော့ လူနာတွေကို လျှောက်ထားတဲ့ အစီအစဥ်အတိုင်း ကုပေးသင့်ပေမယ့် နတ်ဘုရားစုန့်က ငါ့ရဲ့idol ပါ။ ဒါကြောင့် ဒီတစ်ကြိမ်တော့၊ နတ်ဘုရားစုန့်ရဲ့ မျိုးရိုးဗီဇပြိုကျတဲ့ရောဂါကို အရင်ကုပေးလိုက်ပါ့မယ်။ အားလုံးဘဲ နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်]

မော့ချူး ဒီစာကိုတင်လိုက်တာနဲ့ အောက်တွင် အလျင်အမြန် အကြောင်းပြန်လာကြသည်။

[ရတယ်။ နတ်ဘုရားစုန့်အတွက် လမ်းဖွင့်ပေးဖို့ ငါဆန္ဒရှိတယ်!]

[ငါရောပဲ!]

[ဆိုင်ရှင်ရေ၊ လုပ်လို့ရပါတယ်! နတ်ဘုရားစုန့်ကို မင်းကုသပေးနိုင်လိမ့်မယ်လို့ စိတ်ရောကိုယ်ပါ‌ မျှော်လင့်မိတယ်!]

တစ်ခဏချင်းမှာပဲ စုန့်ချင်းစုန့်ဟာ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' ရဲ့ ဒုတိယမြောက်လူနာဖြစ်လာတယ်ဆိုတဲ့ သတင်းဟာ လျှပ်တစ်ပြတ်အတွင်းမှာဘဲ အင်တာနက်တစ်ခုလုံး လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

အလွှာပေါင်းစုံက သူ့ကို ဂရုတစိုက်အာရုံစိုက်လာကြသည်! အကယ်၍ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' သာ စုန့်ချင်းစုန့်၏ မျိုးရိုးဗီဇပြိုကျမှုရောဂါကို အမှန်တကယ် ကုသနိုင်ခဲ့ပါက၊ အဖွဲ့ချုပ်၏ အထက်ပိုင်း အသီးသီးတွင် ကြီးမားသည့် အပြောင်းအလဲများ ကြုံတွေ့ရလိမ့်မည်ဟု ဆိုလိုတာပင်။

ပထမဆုံးတုံ့ပြန်မှုမှာ စုန့်ချင်းစုန့်ရဲ့ ဖန်ကလပ် 'ချင်းစုန့်မိသားစု' မှဖြစ်သည်။ သူတို့က 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'ကို အင်တာနက်ပေါ်တွင် နည်းအမျိုးမျိုးဖြင့် ကျေးဇူးတင်ကြောင်း ရေးတင်ခဲ့ကြပြီး ကျေးဇူးတင်ကာ၊ မျှော်လင့်စောင့်စားမှုတွေဖြင့် ပြည့်နှက်နေသည့်ဗီဒီယိုကိုတောင် တင်ခဲ့သည်!

သေချာပေါက်၊ စုန့်ချင်းစုန့်ပြန်ကောင်းလာဖို့ကို လူတိုင်းမျှော်လင့်နေကြတာတော့ မဟုတ်ပေ။

စုန့်မိသားစု အိမ်ဟောင်း၌

"အစ်ကိုကြီး၊ ချင်းစုန့်ရဲ့ရောဂါ ပြန်ကောင်းလာမယ်ဆိုတာ ဖြစ်နိုင်လိမ့်မယ်ထင်လား?"

အင်တာနက်ပေါ်မှ သတင်းအသေးအမွှားလေးဟာ စုန့်မိသားစုရှိ ရှားရှားပါးပါး အဆင့်မြင့် တစ်ဒါဇင်ကျော်လောက်ကို စုဝေးမိစေကာ ဒီကိစ္စကို ဆွေးနွေးစေရလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပေ။

စုန့်ထျန်းဝမ်သည် မိသားစုတွင် သြဇာကြီးသူတစ်ဦးဟု ယူဆနိုင်သည်။ သူ၏ အထူးစွမ်းရည်ကျင့်ကြံခြင်းသည် မိသားစုထဲရှိ ထိပ်တန်းငါးဦးတွင်ပါ၀င်သည်။ သူ့အစ်ကိုဝမ်းကွဲက စုန့်မိသားစု၏ ခေါင်းဆောင်ပင်။

ထိုအချိန်က သူသည် စုန့်ချင်းစုန့်အား ဆက်ပြုစုစောင့်ရှောက်ရန် ပြင်းပြင်းထန်ထန် ရှေ့နေလိုက်ထောက်ခံပေးခဲ့သူဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီကလေး ကြီးပြင်းလာတာကို သူကြည့်ခဲ့ရတာဖြစ်သည်။ သူ့တွင် ထူးချွန်ထက်မြက်သည့် အရည်အချင်းရှိကာ တည်ငြိမ်သည့် အကျင့်စရိုက်ရှိသည်။ အချိန်သာပေးခဲ့လျှင် သူဟာထူးထူးခြားခြား ရလဒ်တွေအထိ သေချာပေါက်ရောက်ရှိလိမ့်မည်ပင်!

သို့သော် မိသားစုတွင်း မဲခွဲသည့်အခါ နောက်ဆုံးလမ်းကြောင်းဟာတော့ အတူတူဖြစ်သည်။ နောက်ဆုံးတွင်၊ စုန့်ချင်းစုန့်အား စွန့်ပစ်ရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။

"ဒါဆို သူပြန်ကောင်းလာရင်ရော ဘယ်လိုလုပ်မလဲ?" တခြားအကြီးအကဲတစ်ဦးက ခေါင်းမော့ကာ မထီမဲ့မြင်ပြုလိုက်သည်။ သူ့မျက်လုံးတွေထဲ သတိအပြည့်ပင်။ "မိသားစုက စုန့်ချင်းစုန့်ကို ဒီလိုပဲစွန့်ပစ်ခဲ့ကြတာ။ သူ့ရင်ထဲမှာ ဘယ်လိုလုပ် မနာကြည်းဘဲ‌နေမှာလဲ? သူပြန်မကောင်းလာရင်လဲ ကောင်းတာဘဲ။ သူ့ရောဂါကို ပျောက်အောင် ကုသနိုင်ရင်တောင်မှ ပြန်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ့ရဲ့ လက်ရှိကျော်ကြားမှုပေါ် မှီပြီး သူသာ ငါတို့ကို လက်စားပြန်မချေရင်တော့ မဆိုးပါဘူး!"

မိသားစုမှ ကျွမ်းကျင်သူတွေက ဒီကိစ္စကို စတင်ငြင်းခုံကြသည်။ သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်တော့မှာကို မြင်တော့ စားပွဲထိပ်တွင် ထိုင်နေသည့် အဖိုးအို စုန့်ထျန်းချိန်က ရုတ်တရက် စားပွဲနဲ့ကုလားထိုင်ကို ဆောင့်ရိုက်လိုက်သည်။ "ဘယ်အချိန်ရှိနေပြီလဲ? မင်းတို့တွေက ငြင်းခုံနေကြတုန်းပဲ!"

"အခုချိန်မှာ အရေးကြီးဆုံးလူက စုန့်ချင်းစုန့်လား?" မိသားစုခေါင်းဆောင်ဟာ မျှော်လင့်ထားသည့်အတိုင်း ရေရှည်အမြင်နှင့် စူးရှသည့်မျက်လုံးတွေရှိသည်။ “အခုအချိန်မှာ အရေးကြီးဆုံးက 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' ရဲ့ ပိုင်ရှင် 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'ပဲ။ သူ စုန့်ချင်းစုန့်ရဲ့ မျိုးရိုးဗီဇ ပြိုကျတဲ့ရောဂါကို ကုသပေးလိုက်နိုင်ရင်၊ သူက ယှဉ်လို့မရတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာမှာ!"

"ငါတို့သာ အဲ့ဒီလူကို အနိုင်ယူနိုင်သရွေ့ ငါတို့ရဲ့ စုန့်မိသားစုမှာ အနာဂတ် မရှိတော့မှာကို စိုးရိမ်နေစရာလိုသေးမတဲ့လား?" စုန့်ထျန်းချိန်၏ အကြည့်တွေ အနည်းငယ် အေးစက်သွားသည်။ "ငါတို့စိုးရိမ်တာက... ဒီလူကို တခြားတစ်ယောက်ယောက်ကသာ စည်းရုံးနိုင်ခဲ့ရင် ငါတို့လမ်းကြောင်းက ပိုခက်လာမှာဘဲ!

"ဒါကြောင့် အခု ငါတို့ရဲ့ ထိပ်တန်းဦးစားပေးက..." စုန့်ထျန်းဝမ်လဲ သူ့အစ်ကိုဝမ်းကွဲ ပြောချင်သည့်အဓိပ္ပါယ်ကို ခပ်မြန်မြန်နားလည်လိုက်သည်။ "ဒီ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' ဆိုတဲ့လူကို အမြန်ရှာတွေ့ပြီး သူ့ကိုသိမ်းသွင်းစည်းရုံးနိုင်ရင် အကောင်းဆုံး မဟုတ်လား?"

“အမှန်ဘဲ၊ ဒါပေမယ့် သူက ငါတို့နဲ့မလုပ်ချင်ဘူးဆိုရင်…” စုန့်ထျန်းချိန်ရဲ့ အကြည့်တွေက စူးရှလာပြီး သတ်ပစ်ချင်တဲ့ ရည်ရွယ်ချက်တွေ ချက်ခြင်း ထွက်ပေါ်လာသည်။ “ဒါဆိုရင်တော့ ငါတို့ဘက်က အရင်လုပ်ကြံပစ်မယ်! ငါတို့မရနိုင်တဲ့ အရည်အချင်းတွေ တခြားမိသားစုတွေလက်ထဲကိုလဲ မကျစေရဘူး!”

တစ်ချိန်တည်းမှာပင် အဖွဲ့ချုပ်ရှိ မိသားစုတွေအတွင်းတွင်လည်း အလားတူ ပြောဆိုမှုတွေ ထွက်ပေါ်လာသည်။ မိသားစု အသီးသီးမှ သူလျှိုတွေကို စတင်လှုပ်ရှားစေသည်။ အဖွဲ့ချုပ်၏ တည်ငြိမ်နေသည့်မျက်နှာပြင်အောက်တွင် လေပြင်းနှင့် တိမ်တိုက်တွေဟာ တလိပ်လိပ်နှင့်စပြီးတက်လာသည်....

All Chapters