← Chapters

အပိုင်း ၂၁၂

Vol. 15 Ch. 212

အပိုင်း ၂၁၂

Vol. 15 Ch. 212

'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' က ဘယ်နေရာကမှန်းမသိ ထွက်လာသည့် ပါရမီရှင်တစ်ဦးနှင့်တူသည်။ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'သည် နှစ်ရက်မပြည့်ခင် စတားနက် တစ်ခုလုံးတွင် နာမည်ကြီးလာခဲ့သည်။ ၎င်းသည် ရက်အတော်ကြာ ဆက်တိုက်ရေပန်းစားသည့် ရှာဖွေမှုအဆင့်များအနက် ထိပ်ဆုံး သုံးခုကိုပင် သိမ်းပိုက်နိုင်ခဲ့ပြီး အလွန်ရေပန်းစားခဲ့သည်။

ဒါ့အပြင် သူဟာ 'စိတ်ဝိညာဉ်အစားအသောက်နှင့် ဆေးဖက်ဝင်ဟင်းလျာ' ကဏ္ဍကိုလည်း ဖွင့်ခဲ့သည်။ ယင်းမှတစ်ဆင့် အဖွဲ့ချုပ်အတွင်း ပြင်းထန်သည့် ရောဂါဝေဒနာကို အောင်မြင်စွာ ကုသနိုင်ခဲ့ပြီး ၎င်း၏ ဂုဏ်သတင်းဟာ အရှိန်အဟုန်နှင့် ကျယ်ပြန့်စွာ ပျံ့နှံ့လာသည်။

သူ့ပုံစံက အမြဲတမ်း မာနကြီးပြီး မောက်မာကာ၊ မိသားစုများစွာက အစပိုင်းမှာ စတားနက်မှတစ်ဆင့် သူ့ရဲ့တည်နေရာကို ခြေရာခံဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတွင် ၎င်းတို့အားလုံး မအောင်မြင်ခဲ့ပေ။

'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'ဟာ ဒီအပိုင်းမှာတော့ အရမ်းသတိထားသည်။ အချိန်တိုင်း၊ သူက ကိုယ်တိုင်လုပ်ထားတဲ့ ကွန်ရက်စက်ကို ပြောင်းတတ်သည်။ သူက ရေထဲက ငါးတစ်ကောင်လို ချောနေကာ သူ့ကိုဖမ်းရန် နည်းလမ်း လုံးဝမရှိပါချေ။

မတတ်နိုင်တော့ပေ။ လူတိုင်းက မိုက်ကယ်မိသားစု၏ ဒုတိယသခင်လေးကိုသာ အာရုံစိုက်ရတော့သည်။ ဘာပဲဖြစ်ဖြစ်၊ သူဟာ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' နှင့် အဆက်အသွယ်ရှိသည့် တစ်ဦးတည်းသော သူဖြစ်သည်။

သို့သော်လည်း မလွယ်ကူခဲ့ပါချေ။ မိုက်ကယ်မိသားစုက လူတွေက အရင်ကထက်ပိုပြီး ထက်မြက်လာတယ် ဆိုတာ သိထားသင့်သည်။ သူတို့ဆီက အချက်အလက်တွေကို လိုချင်တယ်ဆိုတာက စိတ်ကူးနှင့် ရူးကြတာနှင့်မခြားပေ။ ခြိမ်းခြောက်တာပဲဖြစ်ဖြစ်၊ နှိုက်နှိုက်ချွတ်ချွတ်ပဲဖြစ်ဖြစ် သူတို့တွေက ပါးစပ်ပိတ်ထားကြမှာဖြစ်ပြီး သတင်းအရိပ်အမြွက်တောင် မဖော်ပြပါချေ။

အဆုံးတွင်၊ အဓိကမိသားစုကြီးတွေရဲ့ အဖွဲ့ဝင်များသည် အသုံးဝင်သည့် သဲလွန်စတချို့ကို ရှာတွေ့ရန်မျှော်လင့်ချက်ဖြင့် ဝေ ၏ ပတ်ဝန်းကျင်ရှိလူများအား စူးစမ်းခြင်းကနေသာ စတင်ရတော့သည်။

သို့ပေမယ့် နောက်ဆုံးရလဒ်ကတော့ သူတို့ကို စိတ်ပျက်စေခဲ့သည်။

ဝေ ၏ အတိတ်က ဆက်ဆံရေးဟာ ရှင်းလင်းလှသည်ဟု ဆိုနိုင်သည်။ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' နဲ့ သူဘယ်လိုမျိုး အဆက်အသွယ်ရခဲ့တာလဲ? ဒါမှမဟုတ် သူဟာ ပတ်၀န်းကျင်ကို ဘယ်လိုမျိုးဖြတ်ကျော်ကာ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' ၏ တစ်ဦးတည်းသော ကိုယ်စားလှယ် ဘယ်လိုဖြစ်လာခဲ့လဲဆိုတာ ဘယ်သူမှမသိပါ‌ချေ။ တစ်ညအတွင်းမှာ ဖြစ်ပျက်သွားသလိုပင်၊ သူဟာ မိသားစုကြီးတွေရဲ့ အားကိုးရာဖြစ်လာတော့သည်။

သေချာပေါက်ကို မော့ချူးနှင့် မော့ယန်တို့ကိုလည်း စုံစမ်းခဲ့ကြတဲ့ သူတွေရှိခဲ့သည်။ သို့ပေမယ့် သူတို့ကိုဘေးမဖယ်ခင် တစ်ချက်လေးသာကြည့်ခဲ့သည်။ သူတို့ဟာ အသက်မပြည့်သေးတဲ့ ကလေးမလေးနဲ့ အရွယ်ရောက်ပြီးတဲ့ ကောင်လေးတို့သာ ဖြစ်သည်။ သူတို့က ဘာလုပ်နိုင်မှာတဲ့လဲ? ဘယ်သူမှ သူတို့ကို 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' နဲ့ မဆက်စပ်မိကြ‌ပေ။

အခုချိန်တွင် အားလုံးဆီကနေ ပစ်မှတ်ထားခံနေရတဲ့ မော့ချူးမှာ စုန့်ချင်းစုန့်ရဲ့ရောဂါကို စစ်ဆေးရင်းအလုပ်များနေသည်။

ယခင်လည်ပင်းကြီးရောဂါနှင့်မတူဘဲ စုန့်ချင်းစုန့်ရဲ့မျိုးရိုးဗီဇပြိုကျတဲ့ရောဂါက ပိုပြီးဒုက္ခများသည်။ သူ့ရဲ့ မကြာသေးခင်က ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုရလဒ်အရ ပုံမှန်မဟုတ်တဲ့ ပြဿနာတွေ မရှိပေ။ သို့ပေမယ့် သူ့ရဲ့ထူးခြားစွမ်းရည်တွေက တဖြည်းဖြည်း ကျဆင်းလာတာကတော့ သိသာထင်ရှားလှသည်။

သူ့ရဲ့မျိုးရိုးဗီဇပြိုကျတဲ့ ရောဂါဆိုင်ရာ အချက်အလက်ဇယားကိုဖြည့်ပြီးတဲ့နောက် မော့ချူး ရက်အနည်းငယ်ကြာ ဆက်လက်ကြည့်ခဲ့ပေမယ့် သူမမှာ ဘာသဲလွန်စတစ်ခုမှ မရခဲ့ပါချေ။ သူမ ရင်ထဲ စိတ်ပျက်အားငယ်၊ ကူကယ်ရာမဲ့မှုတွေနဲ့ ပြည့်နှက်သွားသည်။ နောက်ဆုံးတော့ သူမမှာ ပင်ပန်းလွန်းလို့ ဦးနှောက်တွေတောင် နာကျင်လာရသည်!

တစ်ဘက်မှာကြည့်နေတဲ့ မော့ယန်လည်း ရင်နာမိသည်။ သူ ညင်ညင်သာသာဖြင့် အကြံပေးလိုက်သည်။ “ကောင်းပြီ၊ ဒီကိစ္စက တစ်ရက်နှစ်ရက်ထဲနဲ့ ပြီးနိုင်တာမဟုတ်ဘူး။ ညီမလေး ခဏလောက် အနားယူသင့်တယ်”

"မှန်တယ်။ ဟူး…” မော့ချူးလည်း ဒီသဘောတရားကို နားလည်သည်။ သူမ အချက်အလက်တွေကို ရိုးရိုးရှင်းရှင်း ပစ်ထုတ်လိုက်ကာ ဆိုဖာပေါ် လှဲလိုက်ရင်း အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။

"အာဝူးး-" ဝိုင်းဝိုင်းက ဒါကိုအခွင့်အရေးယူကာ ရောက်လာခဲ့သည်။ သူက အသာလေးခုန်လိုက်ပြီး မော့ချူးပေါင်ပေါ် တိုက်ရိုက်ခုန်တက်လိုက်သည်။ သူ့ရဲ့ ပြည့်ပြည့်ဖောင်းဖောင်း ခေါင်းလေးက သူမခါးမှာပွတ်သတ်နေကာ ချွဲသလိုလာလုပ်နေသည်။

"ညီမလေး အိမ်ထဲမှာဘဲ နှစ်ရက်သုံးရက်လောက် နေနေရတာ။ အစ်ကိုနဲ့အတူ mecha လေ့ကျင့်ရေးခန်းကို လိုက်လည်ရင်ရော? ညီမလေးရဲ့ စိတ်အခြေအနေလည်း ပြောင်းရင်ပြောင်းသွားမှာ‌ပေါ့" မော့ယန် အကြံပေးလိုက်သည်။

"အာဝူးး-" မော့ချူး ဘာမှပြန်မပြောရသေးခင် ဝိုင်းဝိုင်းက မပျော်မရွှင်ဖြစ်သွားသည်။ 'ချူးလေးတစ်ယောက် နောက်ဆုံး အဲ့ဒီစာအုပ်တွေကို ချပြီး ငါနဲ့အတူရှိပေးဖို့ အချိန်ရလာတာကို။ မင်းက သူ့ကို ဆွဲထုတ်သွားချင်နေတာလား? မင်းအရမ်းဆိုးတာပဲ!'

ဒီတစ်ခါတော့ မော့ချူးတစ်ယောက် ဝိုင်းဝိုင်းရဲ့ အတွေးတွေကို နားမလည်လိုက်ပေ။ သူမ ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းညိတ်သဘောတူလိုက်သည်။ 'သူမ အပြင်ထွက်ကြည့်ရင် လှုံ့ဆော်မှုတစ်ခုခုလောက် ရှာတွေ့ရင်ရှာတွေ့သွားနိုင်လောက်တယ်။'

ဒီလိုနဲ့ ဝိုင်းဝိုင်းတစ်ယောက် သူတို့နှစ်ယောက် ထွက်သွားတာကိုသာ ကြည့်နေနိုင်တော့သည်။ သူ ဒေါသတကြီးနဲ့ ခြေဆောင့်ကာ မော့ယန်အခန်းထဲ တန်းပြေးဝင်သွားတော့သည်။ 'မင်းက ချူးလေးကို ငါ့ဆီကနေ ဆွဲထုတ်သွားတယ်‌ပေါ့၊ ငါ မင်းကို ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေလိုက်! ဟမ့်!'

All Chapters