အပိုင်း ၂၁၃
Vol. 15 Ch. 213
ထိုအချိန် ချင်ယွဲ့လည်း mecha လေ့ကျင့်ရေးခန်းထဲတွင် ရှိနေသည်။ သူတို့ နှစ်ယောက်ကို တွေ့တော့ သူက ချက်ချင်းရောက်လာပြီး ရယ်ချင်တဲ့ လေသံနဲ့ ပြောလိုက်သည်။ “မင်းတို့တွေ အစီအစဉ်ရဲ့ နောက်ဆုံးအပိုင်းကို ကြည့်ပြီးသွားပြီလား?"
"ဟမ်?" မော့ချူး ကြောင်သွားသည်။ "ဘာကိုလဲ?"
"ဟင်?" သူတို့နှစ်ယောက်ရဲ့ကြောင်အနေတဲ့အမူအရာကိုမြင်တော့ ချင်ယွဲ့မနေနိုင်ဘဲ အံ့ဩပြူးကျယ်နေတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်မိသည်။ "မင်းတို့တွေ ငါတို့ရိုက်ထားတဲ့ အစီအစဉ်ကို တကယ်ပြန်မကြည့်ကြဘူးပဲ!"
သူတို့ရဲ့ ရှိုးက အဖွဲ့ချုပ်တွင် အလွန်ရေပန်းစားကြောင်း သိထားရမည်ပင်။ သူတို့လိုမျိုး အလားတူရှိုးတွေကြားတွင် သူတို့ရှိုး၏ အလွန်ရေပန်းစားမှုနှင့် ဆန်းသစ်တီထွင်မှုများကြောင့် ကြည့်ရှုမှုအဆင့်သတ်မှတ်ချက်တွေတွင် ထိပ်ဆုံးနေရာကို အခိုင်အမာ သိမ်းပိုက်ထားသည်။
ပထမအပိုင်းရဲ့ နောက်ဆုံးပိုင်းကို ယမန်နေ့က ထုတ်လွှင့်ခဲ့သည်။ သို့သော် အကျိုးသက်ရောက်မှုက ရယ်စရာကောင်းလှသည်။ ရှိုး၏ တည်းဖြတ်မှုကြောင့်ဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့သော် ထိုအပိုင်း၏ အကြောင်းအရာကို လုံးဝကွဲပြားသည့်အဖွဲ့နှစ်ဖွဲ့အဖြစ် ခွဲခြားထားသည်။
ပထမပိုင်း၌ မော့ချူးနှင့် တခြားသူတွေမှာ No-man's Land တွင် သက်တောင့်သက်သာဖြင့် နေထိုင်နိုင်ခဲ့ကြသည်။ နောက်ဆုံးအပိုင်းတွင်တော့ တခြားသော နာမည်ကြီး အမျိုးသမီးတွေဟာ အရင်းအမြစ်များအတွက် ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့တာကြောင့် နောက်ဆုံးတွင် မှော်သားရဲများနှင့် မှော်အပင်များ၏ တိုက်ခိုက်မှုကြောင့် နုတ်ထွက်ခဲ့ရသည်။
ဒါတင်မကသေးပေ၊ ဒီအပိုင်း၏ ကြည့်ရှုသူအဆင့်သတ်မှတ်ချက်တွေဟာလည်း အရမ်းထူးဆန်းသည့် အလှည့်အပြောင်းတစ်ခုပင်။ အပိုင်း၏ ပထမတစ်ဝက်တွက် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်တွေက ကြောက်မက်ဖွယ်ကောင်းနေခဲ့သော်လည်း နောက်ဆုံးတွင် ကြည့်ရှုသူအဆင့်သတ်မှတ်ချက်တွေဟာ ရုတ်တရက် ကျဆင်းသွားကာ လုံးဝဒရာမာဇာတ်ဝင်ခန်းအဖြစ်ကို ပြောင်းလဲသွားတော့သည်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး အင်တာနက်သုံးစွဲသူတွေကတော့ အခိုင်အမာ ပြောဆိုနေကြဆဲပင်။
[ငါတို့ရဲ့ နတ်ဘုရားစုန့်ကိုပဲ ကြည့်ချင်တယ်။ နောက်မှ ပေါ်လာမယ်ဆိုတာတွေကို မေ့ထားလိုက်!]
[ဟုတ်တယ်။ ငါတို့ရဲ့ ကံကောင်းတဲ့ကြယ်လေးက အရမ်းချစ်စရာကောင်းပေမယ့် မင်းတို့က သူတို့ကို နည်းနည်းလေးပဲ ရိုက်ပေးတယ်။ အဲ့ဒီ ဟန်ဆောင်နေတဲ့နာမည်ကြီးမိန်းမတွေကိုဘဲ နောက်ပိုင်းတွေမှာ တစ်ဝက်လောက်ကြည့်လိုက်ရတာ။ သူတို့မူးနေတာ ဖြစ်ရမယ်!]
[ဘာပဲဖြစ်ဖြစ် နောက်အပိုင်းတွေကို မကြည့်တော့ဘူး။ အရှေ့က အပိုင်းတွေကိုပဲ ပြန်ကြည့်ချင်တယ်! ဟားဟား!]
ရိုးရိုးသားသားပြောရလျှင် ဤအပိုင်းကို မထုတ်လွှင့်မီက ဤမျှလောက် တစ်ဖက်သတ် အခြေအနေဖြစ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
ဒီ reality show တွင် နာမည်ကြီး အမျိုးသမီးအနုပညာရှင်တွေသည် comeback မလုပ်နိုင်ခဲ့သည်သာမက သူတို့ရဲ့ ကျော်ကြားမှုဟာလည်း အသစ်လေးတွေဆီကနေ လွှမ်းမိုးခံလိုက်ရသည်။ မဟုတ်ဘူး၊ ဒါကို လွှမ်းမိုးခံလိုက်ရတယ်လို့ ပြောလို့မရဘူး။ သူတို့ လုံးဝ ချေမွခံလိုက်ရတာ!
"မေ့လိုက်တော့၊ မေ့လိုက်တော့" ချင်ယွဲ့ သူ့လက်တွေကို ကူကယ်ရာမဲ့စွာ ဝှေ့ယမ်းလိုက်သည်။ “မင်းတို့ ပြန်ပြီး ကိုယ်တိုင်ကြည့်သင့်တယ်။ မင်းတို့တွေကို ငါပြောပြမှာမဟုတ်ဘူး! ဟုတ်သား၊ မော့ယန် မင်းဒီနေ့ ငါနဲ့ တိုက်မလား?"
“ဒါပေါ့!” မော့ယန် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
...
“သခင်လေး" မိုက်ကယ်စံအိမ်တွင်၊ ဘေးနားတွင် ငြိမ်သက်စွာ ရပ်နေသည့် လက်ထောက်က သူ့လက်ထဲရှိ အချက်အလက်တွေကို အာလန်ဆီ ကမ်းပေးလိုက်သည်။ “ဒါက ဒီတလော ဒုတိယသခင်လေးဆီ ဆက်သွယ်ခဲ့တဲ့ လူတွေပါ”
"အင်း မဆိုးဘူး!" အာလန် ယူလိုက်ကာ စာမျက်နှာအနည်းငယ်ကို ပေါ့ပေါ့ပါးပါး လှန်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ဂရုမစိုက်မှုတွေနှင့် ပြည့်နှက်နေသော်လည်း သူ့မျက်လုံးပြာပြာတွေကတော့ အနည်းငယ်စူးရှနေသည်။
မဆိုးဘူး?
ဒီရိုးရှင်းတဲ့စကားလုံးနှစ်လုံးက သူ့ဘေးနားရှိ လက်ထောက်ကို နားမလည်ဖြစ်သွားစေသည်။ ဒါက သူအချက်အလက်တွေကို ကောင်းကောင်းစုဆောင်းခဲ့လို့လား၊ ဒါမှမဟုတ် ဒုတိယသခင်လေးက ဒီနာမည်ကြီးမိသားစုတွေနဲ့ အဆက်အသွယ်ရတာက ကောင်းတယ်လို့ ဆိုလိုတာများလား?
"ဟား၊ ချင်မိသားစုက လူတွေတောင် သူ့ကို ဆက်သွယ်ကြတယ်တဲ့လား?" အချက်အလက်ကို ဘေးဖယ်လိုက်ရင်း အာလန်က ခေါင်းအသာမော့လိုက်သည်။ သူ့တွင် ငယ်ငယ်ကတည်းက ဓာတ်ပုံရိုက်ထားသလို မှတ်မိနိုင်သည့် မှတ်ဉာဏ်ရှိသည်။ အခုလေးတင် သူတစ်ချက်သာကြည့်လိုက်ပေမယ့် အဓိကအချက်တွေကို ထောက်ပြလိုက်နိုင်သည်။
“ဟုတ်ကဲ့” လက်ထောက်က ခေါင်းတညိတ်ညိတ်ဖြင့် သူ့ရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို တစ်ခုပြီးတစ်ခု အစီရင်ခံခဲ့သည်။ "ချင်မိသားစုရဲ့ အကြီးအကဲ ချင်သာ့ဖုန်ကလဲ ဒီ စိတ်ဝိညာဉ်အစားအစာရဲ့ အရသာကို အဆုံးမရှိ ချီးမွမ်းနေတယ်တဲ့၊ အဲဒါကြောင့် ဒီလိုမျိုး ဖြစ်သွားတာပါ"
...
အချိန်အတော်ကြာတင်ပြပြီးသည့်နောက် အာလန်ဆီကနေ နောက်ထပ်ညွှန်ကြားချက်မရခဲ့ပေ။ ခေါင်းကို တလေးတစား ငုံ့ထားတဲ့ လက်ထောက်က ခေါင်းအသာမော့ကြည့်လိုက်တော့ အာလန်ရဲ့ ထက်မြက်လှသည့်ဓားနှင့်တူသည့် မျက်လုံးတွေနှင့် ဆုံသွားသည်။ သူ မတတ်နိုင်ဘဲ ထိတ်လန့်တုန်လှုပ်သွားကာ အကြည့်ကို ကမန်းကတန်း ပြန်ချကြည့်လိုက်သည်။
“ချင်မိသားစု…” အချိန်အတော်ကြာပြီးတဲ့နောက်၊ နောက်ဆုံးတွင် အာလန်က ခပ်တိုးတိုးဖြင့်ပြောလာသည်။ “ဒီတလော ချင်ရှန့် တစ်ယောက် reality show တစ်ခုရိုက်နေတာ ငါ မှတ်မိပါသေးတယ်၊ ဟုတ်တယ်မလား?"