အပိုင်း ၂၁၅
Vol. 15 Ch. 215
"ဟက်!" မော့ချူး မျက်လုံးလှိမ့်လိုက်သည်။ ဒီစကားကိုပြောရဲသေးတယ်လား? ကျင့်ကြံတာနဲ့ပတ်သက်ပြီး ငါ့ကိုယှဉ်ရဲလို့လား?
"ဟေး မော့ယန်၊ မင်းညီမကို ဂရုမစိုက်ဘူးလား?" မော့ချူးကို နှောင့်ယှက်လို့မရတော့ ချင်ယွဲ့က သံလွင်ခက်ကို မော့ယန်ဆီသာ ပစ်ထုတ်နိုင်တော့သည်။ အဆုံးမှာ သူက အေးစက်စက် စကားလုံးသုံးလုံးကိုသာ ရလိုက်သည်။ “မင်းထိုက်နဲ့မင်းကံ!"
ဟေး၊ ဒီမော့ယန်က လုံးဝညီမချစ်တစ်ယောက်ဆိုတာ သူ ဘယ်လိုလုပ်မေ့သွားနိုင်ရတာလဲ? သူ့အတွက် သူဘယ်လိုလုပ်ပြောပေးမှာလဲ?
"အစ်ကိုကြီးက ညီမအတွက် အကောင်းဆုံးပဲ!" မော့ချူးက လှည့်ကာ မော့ယန်ကို ချိုချိုသာသာ ပြုံးပြလိုက်သည်။ "ချင်ယွဲ့လို မဟုတ်ဘူး..."
“အိုး!” ရုတ်တရက် မော့ချူးရဲ့အနောက်ကနေ နာကျင်တဲ့အသံတစ်ခု ထွက်လာသည်။
“တောင်းပန်ပါတယ်၊ ခုနက မတွေ့လိုက်…” မော့ချူး အမြန်လှည့်ကာ တောင်းပန်လိုက်သည်။ သူမတစ်ယောက်ယောက်ကို တိုက်မိသွားမှန်း သိသည်။ သို့သော် သူမစကားမဆုံးခင်မှာဘဲ သူမနဲ့တိုက်မိခဲ့တဲ့လူမှာ ချောင်းဟုန်မိန် ဖြစ်မှန်း သိလိုက်ရသည်!
"လမ်းသွားတာ ကြည့်ပြီး မသွားတတ်ဘူးလား?!" ချောင်းဟုန်မိန်မှာ အတိုက်ခံလိုက်ရပြီးတဲ့နောက် စိတ်အခြေအနေ ဆိုးရွားနေပြီဖြစ်သည်။ သို့သော် သူမကို ဝင်တိုက်မိတဲ့သူမှာ အမှန်တကယ်ကို သူမရဲ့ရန်ဘက်မော့ချူး ဖြစ်မှန်းသိလိုက်ရတော့ သူမရဲ့အမူအရာသည် ပိုဆိုးရွားလာသည်။ သူမရဲ့စကားလုံးတွေက နည်းနည်းကြမ်းတမ်းကာ ခက်ထန်လှသည်။
"ဟေ့၊ မင်း ဘာပြောလိုက်တာလဲ?" မော့ယန်မပြောရသေးခင် ချင်ယွဲ့က သည်းမခံနိုင်တော့ပေ။ ရိုက်ကူးရေးလုပ်ခဲ့ရသည့် ရက်အနည်းငယ်အတွင်း သူဟာ မော့ချူးကို သူ့ညီမအရင်းလို ဆက်ဆံခဲ့တာကြောင့် သူ့အနေနဲ့ တခြားသူတွေ သူမကိုအနိုင်ကျင့်တာကို ဘယ်လိုလုပ်လွှတ်ပေးထားရမှာလဲ?
"ဘာလဲ၊ နင်တို့တွေက လူများတော့ ငါ့ကို အနိုင်ကျင့်ဖို့ပြင်နေကြတာလား?" ချောင်းဟုန်မိန်က နှာမှုတ်လိုက်ကာ သူတို့ကို အထင်အမြင်သေးသလို ကြည့်လိုက်သည်။
“မင်း…” ချင်ယွဲ့ဒေါသပုန်ထကာ လူကြီးလူကောင်းဆန်တာတွေဘာတွေ ဂရုမစိုက်တော့ပေ။ သူဆဲတော့မလို့လုပ်တုန်းမှာဘဲ သူ့အကြည့်တွေက ရုတ်တရက် ပြောင်းသွားပြီး အံ့ဩတကြီးနဲ့ပြောလိုက်သည်။ “မင်း အဆင့် ၇ တက်သွားပြီလား?"
ချောင်းဟုန်မိန်ဟာ အစပိုင်းတွင် အဆင့် ၆ အစောပိုင်းအဆင့်တွင်သာရှိနေဆဲဖြစ်သည်။ သူမသည် နှစ်လမပြည့်ခင်မှာဘဲ ဒီလောက်ကြီးမားတဲ့ တိုးတက်မှုမျိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
"ဟုတ်တယ်" ဒီစကားကို ကြားတဲ့အခါ၊ ချောင်းဟုန်မိန်ရဲ့ အမူအရာက အနည်းငယ်ပိုကောင်းလာပြီး သူမရဲ့မေးအား စိတ်ကြီးဝင်စွာဖြင့် မော့ထားလိုက်သည်။ “စိတ်ဝိညာဉ်အစားအစာရဲ့ အကျိုးသက်ရောက်မှုက တကယ်မဆိုးဘူး။ ငါတစ်ကြိမ်ပဲစားရတာ အလယ်အလတ်အဆင့်ကနေ အဆင့်မြင့်အဆင့်ကို ချက်ချင်းရောက်သွားတယ်"
ယုတ္တိဗေဒအရပြောရလျှင် ချောင်းဟုန်မိန်တွင် ဤစိတ်ဝိညာဉ်အစားအစာအား စားနိုင်ရန် အရည်အချင်းမရှိပါချေ။ သို့သော်လည်း သူမ၏ ဖခင်သည် ချောင်းမိသားစုတွင် သြဇာလွှမ်းမိုးမှုအချို့ရှိနေဆဲဖြစ်သည်။ ဒီတစ်ကြိမ်တွင်၊ သူမ စိတ်ဝိညာဉ်အစားအစာရနိုင်ရန် အကူအညီပေးရန်အတွက် ငွေကြေးနှင့် အဆက်အသွယ်များစွာကို သုံးစွဲခဲ့ရသည်။
......
အိုး? မော့ချူးရဲ့အကြည့်က ချောင်းဟုန်မိန်ဆီ အသာရွှေ့သွားသည်။ စိတ်ဝိညာဉ်အစားအစာက ဒြပ်စင်စွမ်းရည်ကို မြှင့်တင်နိုင်စွမ်းရှိသော်လည်း၊ လူတစ်ဦးနှင့်တစ်ဦးတော့ မတူညီပါချေ။ အရည်အချင်း မြင့်တဲ့သူတွေဟာ အရည်အချင်းနိမ့်တဲ့သူတွေထက် ပိုပြီး အကျိုးအမြတ် များသည်။ ကြည့်ရတာ ချောင်းဟုန်မိန်ရဲ့ အလားအလာက တကယ်မဆိုးဘူးပဲ!
“ဒါပေမယ့်…” ချောင်းဟုန်မိန်ရဲ့အကြည့်က မော့ချူးနဲ့ တခြားလူတွေဆီ လှည့်လာပြီး ကျေးလက်မှတောသားငနုံတွေကို ကြည့်သလို ကြည့်လိုက်သည်။ “နင်တို့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို လောင်းကြေးထပ်မယ်ဆိုရင်တောင် နင်တို့တွေဝယ်နိုင်မှာ မဟုတ်ဘူး။ မနာလိုအားကျစိတ်တွေနဲ့ပဲ ကြည့်နေရမှာ"
ဟက်၊ ဒီမိန်းမက တကယ် သူ့ကိုယ်သူ ကမ္ဘာထိပ်မှာ ရပ်နေတယ်လို့ ထင်နေတာပဲ!
ချောင်းဟုန်မိန်ရဲ့ စိတ်ကြီးဝင်နေတဲ့စကားလုံးတွေကို ကြားလိုက်ရတော့ မော့ချူးနှုတ်ခမ်းထောင့်တွေ မနေနိုင်ဘဲ တွန့်ကွေးသွားသည်။ ဒါက စိတ်ဝိညာဉ်အစားအစာလေးပဲ မဟုတ်ဘူးလား?
ဒီဟာကိုတတ်နိုင်ဖို့ နင်က အများကြီး အားထုတ်ခဲ့ပေမယ့် ငါတို့ကတော့ နေ့တိုင်း အဆာပြေလိုစားနေတာ!
"ဘာလဲ?" မော့ချူးက ဘာလှုပ်ရှားမှုမှမလုပ်တာကိုမြင်လိုက်ရတော့ ချောင်းဟုန်မိန်ရဲ့ မျက်လုံးတွေအသာလှည့်သွားကာ သူမရဲ့ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင်ပြုသလို အပြုံးတစ်ခု ပေါ်လာခဲ့သည်။ “နင်တို့ စိတ်ဝိညာဉ်အစားအစာအကြောင်း ကြားတောင်မကြားဖူးဘူးလို့မပြောနဲ့နော်?!"
သေချာပေါက်ကို သူတို့တွေက တောကငတုံးတွေပဲ၊ တုံးလိုက်တာ!
မော့ချူးနဲ့မော့ယန်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့မျက်လုံးတွေထဲ အပြုံးတွေပြည့်သွားသည်။ တောကငတုံးတွေ၊ ဒီစကားလုံးတွေက ဘယ်သူ့ကို ရည်ညွှန်းနေလဲဆိုတာ သူတို့တကယ်မသိဘူး!
အဲ့ဒီအချိန် ချင်ယွဲ့မှာ မပျော်ရွှင်တော့ဘဲ ကြမ်းတမ်းတဲ့လေသံနဲ့ပြောလိုက်သည်။ "မင်းရဲ့ ကျင့်ကြံအဆင့် တိုးလာဖို့ ဒီပြင်ပကအရာတွေကိုပဲ အားကိုးတတ်တာပဲ။ ငါ့ညီအစ်ကို မော့ချူးနဲ့ မော့ယန်တို့ကိုကြည့်ပါအုံး! အချိန်တိုလေးအတွင်းမှာ သူတို့ရဲ့ကျင့်ကြံဆင့်က ကြီးကြီးမားမားကို တိုးတက်လာတာ။ သူတို့က မင်းထက် အများကြီး ပိုအစွမ်းထက်တယ်!”
ချင်ယွဲ့ စကားကြောင့် မော့ချူးရင်ထဲ အရမ်းထိသွားသည်။ ဒါပေမယ့် အဲ့ဒီအစား ငါ့ကို 'ညီမ' လို့ခေါ်ပေးလို့ရမလား?