အပိုင်း ၂၂၈
Vol. 16 Ch. 228
ဒါကိုပြောပြီးနောက် ဟူချင်းရဲ့ မျက်လုံးတွေဟာ ရုတ်တရက် တောက်ပလာသည်။ သူမက လက်ခုပ်တီးကာ ပြုံးရင်းပြောလိုက်သည်။ "ဒါပေမဲ့ မော့ယန်က ဒီမှာမရှိဘူး။ ပစ္စည်းတွေကို ငါ့အဖေ နင့်ဆီ ပေးထားလို့ရတာဘဲ!"
"ဘာပစ္စည်းတွေလဲ?" အစကတော့ မော့ချူး သူ့ကိုအာရုံမစိုက်ပေ၊ သို့ပေမဲ့ မော့ယန်ပါ ပါလာတော့ သူမလျစ်လျူရှုပြီးမနေနိုင်တော့ပေ။
"သွားကြရအောင်" ဟူချင်းက ပြုံးကာပြောလိုက်ပြီး မော့ချူးကို ဆွဲဖို့လုပ်လိုက်သည်။ " ငါနဲ့လိုက်ခဲ့။ ငါ့အဖေနဲ့ တခြားအဖွဲ့ဝင်တွေက အဲ့ဒီမှာရှိနေတယ်။ နင့်ကိုတွေ့ရင် သူတို့အရမ်းပျော်သွားမှာ သေချာတယ်!”
မော့ချူး ကိုယ်ကိုအနည်းငယ်လှည့်ကာ သူမလက်ကို ရှောင်လိုက်သည်။ ဟူချင်းရဲ့ စကားကိုလည်း သူမ သံသယဖြစ်မိသည်။ “ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ ရှင်လမ်းပြလေ ကျွန်မ အနောက်က လိုက်လာမယ်"
“ကောင်းပြီလေ” ဒါကိုမြင်တော့ ဟူချင်း မထိန်းနိုင်ဘဲ နှုတ်ခမ်းကို ကွေးလိုက်မိသည်။ သူမ လှည့်လိုက်တော့ သူမရဲ့မျက်လုံးတွေထဲတွင် အလင်းရောင်ခပ်ဖျော့ဖျော့ ဖြတ်ပြေးသွားသည်။
သူတို့နှစ်ယောက် ဆယ်မိနစ်လောက်သာ လျှောက်ခဲ့ပေမဲ့ တစ်ခုခုမှားနေပြီမှန်း မော့ချူး ခံစားမိသည်။ ယခင်က သူမ လူပုံရိပ်တချို့မြင်ခဲ့ရပေမယ့် အခုတော့ ပိုပိုပြီး တိတ်ဆိတ်လာသည်။
"ရှင် ကျွန်မကို ဘယ်ကိုခေါ်သွားတာလဲ?" မော့ချူး ရပ်လိုက်ကာ ဟူချင်းကို စူးစူးရဲရဲ ကြည့်လိုက်သည်။
မော့ချူးဆီကနေ စိုက်ကြည့်ခံလိုက်ရတော့ ဟူချင်း နှလုံးက ခုန်ပေါက်လာကာ သူမတိတ်တဆိတ် မျိုသိပ်ထားလိုက်သည်။ သူမ မျက်နှာပေါ်တွင် တည်ငြိမ်အောင် ထိန်းသိမ်းရန် အပြင်းအထန်ကြိုးစားလိုက်ကာ သူမနှုတ်ခမ်းက နည်းနည်းစူလာသည်။ "ငါက ဘယ်သွားရမှာလဲ? ငါ့အဖေနဲ့ တခြားသူတွေကို ရှာဖို့ နင့်ကိုခေါ်လာတာလေ"
"ဒီနေရာက... တစ်ခုခု မမှားနေဘူးလား?" မော့ချူးက ခပ်တိုးတိုးပြောလာရင်း သူမမျက်လုံးတွေက အေးစက်လာသည်။
"ဘာတွေတွေးနေတာလဲ? အရင်က နင်တို့ နေခဲ့တဲ့နေရာက တစ်ခန်းတည်းဘဲလေ" ဟူချင်းက မျက်မှောင်ကြုတ်ကာ ရှင်းပြလိုက်သည်။ “ဒီနေရာက လူတွေနဲ့ ပြည့်နေတာ။ မယုံရင် သွားကြည့်ကြည့်လိုက်လေ။ အဲ့ဒီမှာ လူတွေအများကြီး ရှိနေတယ်မဟုတ်ဘူးလား?"
ဒီစကားတွေက အဓိပ္ပာယ်ရှိသည်။ မော့ချူး မျက်ခုံးပင့်ကာ ရှေ့ကိုခြေလှမ်းနည်းနည်းလှမ်းလိုက်သည်။ အဝေးကိုကြည့်လိုက်တော့ ဟူချင်း ပြောတဲ့အတိုင်းပင်။ အရှေ့တွင် လူတွေအများကြီးရှိနေသည်။
"ကောင်းပြီ ငါ နင့်ကို မလိမ်ဘူးဆိုတာ သိပြီမဟုတ်လား?" ဟူချင်းက မျက်လုံးလှိမ့်ကာ ပြောလိုက်သည်။ "အစ်ကိုမော့ယန်ကြောင့်သာ မဟုတ်ရင် ငါက နင်နဲ့စကားပြောချင်နေတယ်များ ထင်နေလား? နင်ကအရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ မြန်မြန်သွားတော့!"
ဒါကိုကြားတော့ မော့ချူး သတိကပ်ထားတာတွေ နည်းနည်း ပြေလျော့သွားသည်။ သူမ ရှေ့ကို ခြေလှမ်းကျဲကျဲလှမ်းလိုက်သည်။ သူမ ဝင်တော့မှာကို မြင်လိုက်ရတော့ ဟူချင်း ရုတ်တရက် အနောက်ကနေသူမကို တွန်းလိုက်သည်။
မော့ချူး သတိလက်လွတ်ဖြစ်ကာ တည့်တည့်ကျသွားတော့သည်။ "ဟမ့်၊ နင်တော့ပြီးသွားပြီ။ အထဲမှာပဲ သေဖို့ စောင့်နေလိုက်တော့!" ဟူချင်းရဲ့ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ယုတ်မာတဲ့အကြည့်တွေကို ထုတ်ပြလာသည်။ သူ့အကြည့်တွေထဲ ပီတိတွေဖြင့်ပြည့်နှက်နေသည်။
အဲ့ဒီလိုပြောပြီးတာနဲ့ သူမ အမြန်လှည့်ကာ ဆန့်ကျင်ဘက်ကို ပြေးသွားတော့သည်။
မော့ချူး ချက်ချင်းတုံ့ပြန်လာသည်။ သေစမ်း! သူမ လှည့်စားခံလိုက်ရပြီ!
"အာဝူး အာဝူး-" မော့ချူး ရင်ခွင်ထဲမှာ အေးအေးဆေးဆေး လဲနေတဲ့ ဝိုင်းဝိုင်းလည်း မြေပြင်ပေါ် ပြုတ်ကျသွားသည်။ သူက အိပ်ချင်မူးတူးနဲ့ မျက်လုံးတွေကိုဖွင့်လိုက်ကာ ကြောင်တက်တက်ဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဘာတွေဖြစ်နေတာလဲ?
မော့ချူး အမြန်ထရပ်လိုက်ကာ ဝိုင်းဝိုင်းကိုချီလိုက်သည်။ သို့ပေမဲ့ လှံရှည်များကိုင်ဆောင်ထားတဲ့ စစ်သားအနည်းငယ်က သူမကို တားဆီးလိုက်သည်။ သူတို့ထဲက တစ်ယောက်ကပြောလာသည်။ “ဒါက လူနာတွေအတွက် သီးသန့်စင်တာပဲ။ ဝင်လာပြီးရင် အပြင်ထွက်လို့မရဘူး”
“မဟုတ်ဘူး၊ ကျွန်မ နေမကောင်း မဖြစ်ပါဘူး။ တွန်းထည့်ခံလိုက်ရတာပါ" မော့ချူး သူ့ကို အမြန်ရှင်းပြလိုက်သည်။ "ခုနတုန်းက ရှင် မတွေ့လိုက်ဘူးလား? ကျွန်မကို ကောင်မလေးတစ်ယောက် တွန်းထည့်လိုက်တာ!"
နောက်ဆုံးမှာ၊ ဒီစစ်သားတွင် ဖြောင့်မတ်သည့် စရိုက်ရှိသည်။ ဒီသဘောတရားကို သူ လက်ခံလိုက်သည်။ သို့ပေမဲ့ သူမ ဘယ်လိုပဲရောက်လာခဲ့ပါစေ ထွက်သွားလို့တော့ရမှာမဟုတ်ပေ!
မော့ချူးမှာ တံတွေးတွေ ခြောက်လုနီးပါး ရှင်းပြနေပေမဲ့ ဒီစစ်သားရဲ့ မျက်နှာပေါ်မှာတော့ မထူးခြားနားသည့်အမူအရာသာ ရှိနေသည်။ အဆုံးမှာတော့ သူမမှာရွေးချယ်စရာမရှိတော့ဘဲ လှည့်ဝင်လိုက်တော့သည်။
လမ်းလျှောက်လာရင်း သူမ အံ့ဩသွားသည်!
ခုနတုန်းက အဝေးကနေ လှမ်းကြည့်လိုက်တော့ လူတွေအများကြီးပင်။ အခု သူမအနားရောက်လာတော့ အဲ့ဒီလူအများစုရဲ့ မျာက်နှာပေါ်တွင် အနာတွေပေါက်နေကြပြီး သူတို့ရဲ့အမူအရာများမှာ ထုံကျင်နေကြကြောင်း သူမ သိလိုက်ရသည်။ သူတို့က အရင်က သူမမြင်ခဲ့တဲ့ လမ်းသွားလမ်းလာတွေထက် ပိုပြီး သနားစရာကောင်းလှသည်။