← Chapters

အပိုင်း ၂၂၉

Vol. 16 Ch. 229

အပိုင်း ၂၂၉

Vol. 16 Ch. 229

"အာဝူး-" ဝိုင်းဝိုင်းရဲ့လက်တွေက မော့ချူးရဲ့ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့မျက်နှာလေးက ခပ်တင်းတင်း တွန့်သွားသည်။ ဒီလူတွေက ဘာဖြစ်နေတာလဲ? တော်တော်ကြောက်စရာကောင်းတာဘဲ! မှော်သားရဲတွေအဖြစ် cosplay လုပ်ဖို့ ပြင်ဆင်နေကြတာလား? တီထွင်ဖန်တီးနိုင်စွမ်း မရှိလိုက်ကြတာ!

မော့ချူးမှာ ဝိုင်းဝိုင်းရဲ့အမူအရာကို ကြောက်နေတယ်လို့ အထင်လွဲသွားကာ ခေါင်းအသာခါယမ်းလိုက်သည်။ သူမ လက်ဆန့်ကာ မျက်ခုံးကို ပွတ်လိုက်သည်။ လုပ်စမ်းပါ၊ နင်က ရက်စက်တဲ့ မှော်သားရဲ မဟုတ်ဘူးလား? ဘာလို့ စိတ်သက်သာရာရချင်သလို လုပ်နေတာလဲ?

သို့ပေမဲ့... ရုတ်တရက် မော့ချူး သွားနေရာကနေ ရပ်သွားသည်။ သူမရဲ့ အာရုံတွေကစူးရှကာ ညည်းတွားအော်ဟစ်သံတွေကို အဆက်မပြတ် ကြားနေရသည်။ ညည်းသံတွေက သူမနားထဲကို စိမ့်ဝင်နေသလိုပင်။

မော့ချူး မျက်လုံးတွေ မတတ်နိုင်ဘဲကျဉ်းမြောင်းသွားသည်။ သူမ လှည့်ပတ်ကြည့်သည်။ ဒါက အရင်ကလို သက်ဝင်လှုပ်ရှားနေတဲ့ ခရိုင် ၁၂ မဟုတ်တော့ဘူးမလား? ဒါက ကမ္ဘာပေါ်က အုံ့မှိုင်းနေတဲ့ငရဲဖြစ်နေတာ သိသာလှသည်။

...

‌နျဉ်ယွိယွင် ခရိုင် ၁၂ ကိုရောက်တဲ့အခါ အခြေအနေက သူထင်ထားတာထက် ပိုဆိုးရွားနေကြောင်း သိလိုက်ရသည်။ အရင်ကတော့ စစ်တပ်တစ်ခုကသာ ကပ်ရောဂါဆိုးကြီး ကူးစက်ခံရသည်ဟု ဆိုကြသည်။ အခုတော့ ခရိုင် ၁၂ တစ်ခုလုံး ပရမ်းပတာ ဖြစ်နေသည့်ပုံပင်။

သူတို့ ခရိုင် ၁၂ ထဲ ဝင်လာရုံမှာတင် လူတွေဆိတ်ငြိမ်နေတဲ့ မြင်ကွင်းကို တွေ့လိုက်ရသည်။ ခြေလှမ်းအနည်းငယ်အကွာတွင် မြေပြင်ပေါ်၌ အလောင်းများ လဲနေသည်ကို တွေ့ရသည်။ သူတို့မျက်နှာတွေဟာ ပုပ်ပွနေပြီး ရွံရှာဖွယ် အနံ့အသက်တွေ လည်းထွက်နေသည်။

“ခရိုင် ၁၂ က တာဝန်ရှိသူတွေ ဘာမှ မလုပ်ဘူးလား?” ကျုံးဝမ်က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူဖြစ်တာကြောင့် လိုက်ပါလာသည်။ မြေပြင်ပေါ်တွင် လဲနေတဲ့ အလောင်းတွေကို ကြည့်ရင်း မနေနိုင်ဘဲ သူမျက်မှောင်ကြုတ်မိသည်။

ခရိုင် ၁၂ က လက်ရှိတွင် နေအပူဆုံးဖြစ်သည်။ အကယ်၍ အဆိုပါ အလောင်းတွေကို အချိန်မီ မကိုင်တွယ်ပါက ၎င်းတို့က လျင်မြန်စွာ ကူးစက်နိုင်သည့် အရင်းအမြစ်ဖြစ်လာကာ ကူးစက်မှု လှိုင်းသစ်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဖြစ်သည်။

"ငါတို့ရောက်ရင် သိရလိမ့်မယ်!" ‌နျဉ်ယွိယွင်ရဲ့ အမူအရာက လမ်းတစ်လျှောက် ပိုပိုပြီးလေးနက်လာသည်။ သူ ယခုအကြိမ်တွင် စစ်တပ်အင်အား ၁၀,၀၀၀ နှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာကို ခေါ်ဆောင်လာခဲ့သော်လည်း အဆိုပါလူတွေက ကျန် နေသေးတာကြောင့် သူတို့နှစ်ဦးက အစပြုကာ အခြေအနေကို အရင်စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ ‌နျဉ်ယွိယွင်က သူ အပြည့်အဝ စီစဉ်ထားခဲ့တယ်လို့ အစက ထင်ခဲ့သော်လည်း ယခုအခါ အခြေအနေက အမှန်တကယ်ကိုပင် ဒုက္ခရောက်နေသည့်ပုံပင်။

“ကယ်ပါ၊ ကယ်ပါ…” သူတို့နှစ်ဦး ခရိုင် ၁၂ ရဲ့အလယ်ကို ခြေချလိုက်တဲ့အချိန် မြေပြင်ပေါ်တွင် လဲနေသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူ့ခြေလက်တွေက အားနည်းနေပြီး သေလုမြောပါးဖြစ်နေကာ မျက်နှာတွင်လည်း အနာတွေနဲ့ ပြည့်နေပေမဲ့ ခပ်တိုးတိုး ရေရွတ်နေသေးသည်။

"ဘော့စ် ကျွန်တော် အရင်သွားကြည့်လိုက်မယ်" ကျုံးဝမ်မျက်လုံးတွေ တောက်ပလာသည်။ ဒီအချိန်အထိ လျှောက်လာပြီးတဲ့နောက် ဒါက အသက်ရှင်နေသေးတဲ့လူတစ်ယောက်ကို ပထမဆုံး တွေ့ရတာဖြစ်သည်။ ဒီလူရဲ့အခြေအနေက အရမ်းပြင်းထန်ပုံရသည်။ ဆရာဝန်တစ်ယောက်အနေနဲ့ သူ့စိတ်က သူ့ကို နောက်ဆုတ် ခွင့်မပြုပေ။

“အင်း" ‌နျဉ်ယွိယွင်က ကျုံးဝမ်ရဲ့ အကာအကွယ်အစီအမံများကို ဂရုတစိုက်ကြည့်ကာ ပြဿနာမရှိဘူးလို့ ခံစားရမှ ခေါင်းညိတ်ပြလိုက်သည်။ "ငါ မင်းနဲ့လိုက်ခဲ့မယ်"

.....

မပေကျံနိုင်သည့် လက်အိတ်တွေကို ဝတ်ဆင်ထားတဲ့ ကျုံးဝမ်မှာ အဲ့ဒီလူအခြေအနေကို ဂရုတစိုက် စစ်ဆေးလိုက်ပြီး သူ့ရဲ့ မျက်ခုံးတွေ ခပ်ပြင်းပြင်းကြုတ်သွားသည်။

"ဘယ်လိုနေလဲ?" ‌နျဉ်ယွိယွင်က ဘေးတွင် ရပ်နေသည်။ ကျုံးဝမ်ရဲ့ မျက်နှာပေါ်တွင် မြင်ရခဲတဲ့ လေးနက်သည့် အမူအရာကို မြင်လိုက်ရတဲ့အခါ သူ့မျက်လုံးတွေ မည်းမှောင်သွားသည်။

ကျုံးဝမ်က ချက်ချင်းပြန်မဖြေပေ။ အဲ့ဒီအစား၊ သူက ခလုတ်ခုံထဲမှ အရေးပေါ်ပစ္စည်းတွေကို အမြန်ထုတ်လိုက်ကာ အဖွဲ့ချုပ်မှ ထုတ်လုပ်ထားသည့် နောက်ဆုံးပေါ် 'အရေးပေါ်သွေးရည်ကြည်' ကို အဲ့ဒီလူရဲ့ခန္ဓာကိုယ်ထဲ ထိုးသွင်းလိုက်သည်။

"အမ်း...ကယ်ပါ၊ ကယ်ပါ" အဲ့ဒီလူရဲ့အသံထဲတွင် ခွန်အားတစ်ခုရှိနေသည်။ မှိတ်ထားတဲ့ သူ့မျက်လုံးတွေက အနည်းငယ် လှည့်လာသည်။ ဒါကိုမြင်လိုက်ရတော့ ကျုံးဝမ်ရဲ့မျက်လုံးတွေ မနေနိုင်ဘဲ တောက်ပလာသည်။ သို့သော် သူ အကြာကြီး မပျော်လိုက်ရ‌ပေ။ အဲ့ဒီလူရဲ့အသံက ချက်ခြင်း အားနည်းသွားကာ မကြာခင်မှာဘဲ သူ့ရဲ့အသက်ရှူသံတွေ လုံးဝပျောက်သွားတော့သည်။

ကျုံးဝမ်ရဲ့အမူအရာက ချက်ချင်း စိတ်ဓာတ်ကျသွားတော့သည်။ သူ့လက်ထဲရှိ အကူဆေးပစ္စည်းတွေကို ကိုင်ထားကာ သူ့မျက်လုံးတွေထဲ ရှုပ်ထွေးသွားသည်။

ဘာဖြစ်သွားတာလဲ? ဒီ အရေးပေါ်သွေးရည်ကြည်ဟာ မကြာသေးမီ ဆယ်စုနှစ်များအတွင်း အဖွဲ့ချုပ်မှ ထုတ်လုပ်ခဲ့သည့် နောက်ဆုံးပေါ်ဆေးဖြစ်သည်။ ၎င်းဟာ အချိန်တိုအတွင်း လူ့ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများကို ထိန်းညှိပေးနိုင်ကာ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး ခန္ဓာကိုယ်၏ အခြေအနေကို မြှင့်တင်ပေးနိုင်သည်။ အရင်က ဆေးခန်းတွေတွင် သက်ရောက်မှုတွေ အရမ်းကောင်းခဲ့သည်။ ဒီတစ်‌ခေါက် ဒီလူမှာကျ ဘယ်လိုလုပ်မသက်ရောက်နိုင်ရတာလဲ?

"အရေးပေါ်သွေးရည်ကြည် ကတောင် မထိရောက်ဘူးလား?" ‌နျဉ်ယွိယွင်လည်း ထိတ်လန့်သွားသည်။ သူသည် ဆေးပညာနယ်ပယ်တွင် အထူးတလည် ကျွမ်းဝင်ခြင်းမရှိသော်လည်း သူ့ဘေးတွင် ကျုံးဝမ်ရှိနေတာကြောင့် သာမန်လူတွေထက်တော့ ပိုသိသည်။

All Chapters