အပိုင်း ၂၃၄
Vol. 16 Ch. 234
ဒါကိုမြင်တော့ ကျုံးဝမ် ရှေ့ကိုနှစ်လှမ်းတိုးကာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူ့လက်တွေကို မြန်မြန် မှန်မှန် လှုပ်ရှားနေကာ စစ်ဆေးလိုက်သည်။ သို့သော် စစ်ဆေးမှုရလဒ်များ တိုးလာသည်နှင့်အမျှ သူ မနေနိုင်ဘဲ မျက်မှောင်ကြုတ်သွားတော့သည်။
မိနစ်အနည်းငယ်အတွင်း ဖျားနာနေတဲ့ အမျိုးသားရဒြ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်လာသည်။ ဒီအတိုင်းသာ ဆက်နေမည်ဆိုပါက နှလုံးခုန်မြန်ကာ သေဆုံးသွားနိုင်ခြေ များသည်။
ရှန်းယိသည်လည်း သူ့ဘေးတွင် ရှိနေသည်။ အခြေအနေကို မြင်လိုက်ရတော့ သူ့အနေအထားက ပြောင်းသွားသည်။ သူက ချက်ချင်း ခလုတ်ခုံထဲမှ အရေးပေါ်သွေးရည်ကြည်ကို ထုတ်လိုက်သည်။ အဲ့ဒီလူရဲ့ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းခါနီးမှာ အသံနှစ်သံ ရုတ်တရက် တစ်ပြိုင်နက်တည်းထွက်ပေါ်လာသည်။
“မလုပ်နဲ့!”
“ အရေးပေါ် သွေးရည်ကြည်ကို သုံးလို့ မရဘူး!"
ရှေ့ကအသံဟာ ကျုံးဝမ်ဆိုပေမဲ့ နောက်တစ်သံကတော့ ရင်းနှီးနေတဲ့ အမျိုးသမီးအသံဖြစ်သည်။
အဲ့ဒီအသံကိုကြားတော့ မော့ကြည့်လိုက်တဲ့အခါ အမှန်တကယ်ကို မော့ချူးဖြစ်နေသည်။
"မင်း ဘာလို့ ဒီကိုရောက်နေတာ..." ကျုံးဝမ် စကားမဆုံးခင် မော့ချူးက လူအုပ်ထဲကနေ ခြေလှမ်းကျဲတွေနဲ့ ပြေးလာသည်။ သူမဟာ စကားတစ်ခွန်းမှ မပြောဘဲ သူမရဲ့ခလုတ်ခုံထဲကနေ တွန်းကန်နွယ်ပင်အား ထုတ်လိုက်ကာ အဲ့ဒီလူရဲ့ ပါးစပ်ထဲ ထည့်လိုက်သည်။
"မင်းဘာလုပ်တာလဲ?" ရှန်းယိရဲ့ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူလက်ဆန့်ကာ မော့ချူးကို တားဖို့လုပ်လိုက်ပေမယ့် နောက်ကျသွားပြီဖြစ်သည်။
ဒီ တွန်းကန်နွယ်ပင်ဟာ အဆိပ်ပြင်းသည့် နတ်ဆိုးပင်တစ်မျိုးဖြစ်ကာ ၎င်း၏အဆိပ်က အလွန်ပြင်းထန်သည်။ သို့သော် ဒီဟာကြောင့်သာ တွန်းကန်နွယ်ပင်က နတ်ဆိုးသားရဲများ အားလုံးကို အနားမကပ်နိုင်စေရန်တွန်းလှန်နိုင်ကာ ဘေးကင်းစေသည်။
ဒီလူနာရဲ့ ကိုယ်ဟာ ကြိုးအဆုံးကိုရောက်နေပြီ ဖြစ်သည်။ ဒီလို အဆိပ်ပြင်းတဲ့ တွန်းကန်နွယ်ပင်ကိုသုံးတာက ပိုဆိုးသွားစေမှာ မဟုတ်ဘူးလား? ဒီကလေးမ ဘယ်လိုလုပ် လာမွှေနိုင်ရတာလဲ?
"မင်း ဘာလုပ်တာလဲ!" ရှန်းယိအပြင် ဒီတွန်းကန်နွယ်ပင်အား သဘာဝအလျောက် မှတ်မိကြသည့် တခြားသူတွေလည်း ရှိသည်။ သူတို့မျက်နှာတွေ မည်းမှောင်သွားကြသည်။
သူ့ကို သတ်ဖို့ ကြိုးစားနေတာလား?
ယောက်ျားလေးတချို့ပြေးလာကာ မော့ချူးကိုစိုက်ကြည့်လိုက်ကြသည်။ ကျုံးဝမ်နဲ့တခြားသူတွေကြောင့်သာ မဟုတ်ပါက သူတို့တွေ သူမကို တိုက်ခိုက်နေလောက်ပြီဖြစ်သည်။
"မင်း ဘာလို့ ဒီကိုရောက်နေတာလဲ?" တစ်ဖက်မှာ နျဉ်ယွိယွင်တစ်ယောက် မော့ချူးကို မြင်လိုက်ရတဲ့အခိုက်မှာ သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားတော့သည်။ သူ တခြားဘာကိုမှ ဂရုမစိုက်တော့ဘဲ စင်မြင့်ပေါ်ကနေ တိုက်ရိုက်ခုန်ဆင်းကာ သူမဆီ ပြေးသွားလိုက်သည်။ အကျပ်အတည်းထဲရောက်နေရင်တောင် အမူအရာတစ်ခါမှ မပြောင်းလဲသွားတဲ့သူက မျက်လုံးတွေ ပြူးကျယ်သွားကာ သူ့ရင်ထဲတွင် ထိတ်လန့်စိိုးရိမ်မှုတွေ ရုတ်တရက် ပြည့်လျှံလာသည်။
သေစမ်း၊ ဒီကောင်မလေး ဘယ်လိုလုပ် ဒီမှာ ရုတ်တရက်ပေါ်လာတာလဲ!
နျဉ်ယွိယွင် မော့ချူးနား ရောက်ခါနီး သူ့ဘေးနားက စစ်သားတစ်ယောက်က ရုတ်တရက် ထရပ်ပြီး သူ့မျက်လုံးတွေထဲ ဆုံးဖြတ်ချက် ပြတ်သားမှုတွေဖြင့်ပြည့်နေသည်။ “မာရှယ်၊ သူနဲ့ အဆက်အဆံ မလုပ်တာကောင်းမယ်။ ဒီကောင်မလေးက ရောဂါကူးစက်ခံရသူတွေထားတဲ့စင်တာ ကနေ ထွက်လာတာ…”
" ရောဂါကူးစက်ခံရသူတွေ ထားတဲ့ စင်တာ? "ဒါကိုကြားတော့ ကျုံးဝမ် ဆတ်ခနဲ ထရပ်ကာ မော့ချူးကို ထိတ်လန့်အံ့သြစွာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူနျဉ်ယွိယွင်ကို လှည့်ကြည့်လိုက်သည်။ ခဏလောက်စဉ်းစားပြီးတဲ့နောက် နောက်ဆုံး သူနှုတ်ခမ်းကိုကိုက်ကာ နျဉ်ယွိယွင်ကိုတားဖို့ ရှေ့နှစ်လှမ်းတိုးလိုက်သည်။ "ဘော့စ်၊ သွားလို့မရဘူး!"
သူတို့ဘော့စ်က ရောဂါကာကွယ်ရေးပစ္စည်းတွေကို ၀တ်ထားသော်လည်း နှစ်ရက်ကြာ သုတေသနပြုပြီးနောက်တွင် ဤရောဂါကူးစက်မှုနှုန်းက သူတို့မျှော်လင့်ထားသည်ထက် ပိုမိုမြင့်မားသည်ကို သိရှိခဲ့ရသည်။ ဂရုမစိုက်မိပါက ကူးစက်ခံရနိုင်သည်။ သူတို့ရဲ့ ဘော့စ်က အခြေအနေ အလုံးစုံကို တာဝန်ယူထားရတဲ့ လူပင်။ သူသာ ရောဂါကူးစက်ခံရလိုက်ရပါက နောက်ဆက်တွဲဆိုးကျိုးတွေကို မှန်းဆလို့ မရလောက်ပေ။
မော့ချူးလည်း ဒီသဘောတရားကို နားလည်သည်။ သူမက နာနာခံခံဖြင့် ခြေနှစ်လှမ်း နောက်ပြန်ဆုတ်လိုက်သည်။ သူမရဲ့ မျက်နှာလေးပေါ်တွင် အစွန်းအထင်းတချို့ရှိနေပေမဲ့ သူမရဲ့အပြုံးကတော့ တက်ကြွမှုအပြည့် ရှိနေဆဲဖြစ်သည်။ "ဟုတ်တယ် ရှင် အခုမလာတာပိုကောင်းမယ်"
ရောဂါကူးစက်ခံရသူတွေ ထားတဲ့ စင်တာတွင် နှစ်ရက်၊ သုံးရက်ကြာ နေထိုင်ခဲ့ပြီးတဲ့နောက် မော့ချူးလည်း ကပ်ရောဂါအခြေအနေကို အကြမ်းဖျင်း နားလည်လာသည်။ ရောဂါကူးစက်ခံရသူတွေထားတဲ့ စင်တာမှာ နှစ်ရက်၊ သုံးရက်လောက်နေခဲ့တာကို မပြောနဲ့ဦး၊ နေမကောင်းဖြစ်နေတဲ့သူနှင့် ထိတွေ့မိသော်လည်း ကူးစက်နိုင်ခြေ ရှိဆဲဖြစ်သည်။
နျဉ်ယွိယွင်မှာ သူ့ကိုတခြားသူတွေ တားနေတာကို မကြားသလိုပင်။ သူ့လက်ကြီးတွေက သူတို့ကို ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်ပြီး သူ့ခြေတံရှည်တွေက ရှေ့ကိုအနည်းငယ်လှမ်းလိုက်သည်။ သူက မော့ချူးရဲ့ ရှေ့တည့်တည့်ကို လျှောက်သွားပြီး လူတိုင်းရဲ့အကြည့်အောက်မှာ သူမကို ခပ်တင်းတင်း ပွေ့ဖက်လိုက်သည်။
“ရှင်…” မော့ချူးမှာ နွေးထွေးတဲ့ ပွေ့ဖက်မှုကြောင့် အံ့အားသင့်သွားသည်။ သူမ ရောဂါကူးစက်မခံထားရဘူးဆိုတာ သူမ သိပေမဲ့ တခြားသူတွေကတော့ သိတယ်လို့မဆိုလိုပါချေ။ နျဉ်ယွိယွင်က သူမကို တိုက်ရိုက်ဖက်ပစ်လိုက်တယ်... သူ ကူးစက်ခံရမှာ မကြောက်ဘူးလား?