အပိုင်း ၂၃၈
Vol. 16 Ch. 238
" အခု ငါတို့သွားကြည့်ကြရင်ရော?" အဲ့ဒီလို ဆေးကုသမှုဆိုင်ရာ ပြဿနာတွေနဲ့ ကြုံရတဲ့အခါ ရှန်းယိမှာ ချက်ချင်း အားအင်ပြည့်လာပြီး သူ့စိတ်သည် ပိုတက်ကြွလာသည်။ “ဆေးဘက်ဆိုင်ရာဌာနမှာ အပြင်းဖျားပြီး ကိုမာဝင်နေတဲ့လူနာ နည်းနည်းရှိတယ်။ ငါတို့ သူတို့ကနေစပြီး သဲလွန်စတချို့ ရှာလို့ရတယ်"
"ဟုတ်တယ်!" ကျုံးဝမ်လည်း ခေါင်းညိတ်သဘောတူလာသည်။ နောက်တော့ သူ မော့ချူးကို လှည့်ကြည့်လိုက်သည်။ "မင်းရော ငါတို့နဲ့ လိုက်ချင်လား?"
ဒီကလေးမလေးဟာ ဆေးပညာမှာ အတော်လေး ထက်မြက်လိမ့်မယ်လို့ သူ မထင်ထားပေ။ သူတို့နှစ်ယောက်မှာ ပြဿနာကို အဖြေရှာမတွေ့ခဲ့ပေမဲ့ ဒီကလေးမလေးကတော့ ရက်ပိုင်းအတွင်းမှာပဲ ဒီပြဿနာရဲ့အဖြေကို သိသွားသည်။ တကယ်လျှော့တွက်လို့မရပေ။
"ချူးလေး၊ ဘာလို့ ဒီမှာမနေတာလဲ?" နျဉ်ယွိယွင် မျက်မှောင်ကြုတ်လိုက်သည်။ လူနာများတွေဆီကနေ သဲလွန်စတွေကို ရှာပါက မလွဲမသွေအလောင်းခွဲစိတ်မှုလုပ်ရမည်ပင်။ ဒီကလေးမလေးမော့ချူး သွေးထွက်သံယို မြင်ကွင်းကို မကြည့်နိုင်မှာ သူစိုးရိမ်သည့်အတွက် သူမကို မသွားအောင် ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။
နျဉ်ယွိယွင် ဒီလိုပြောမှဘဲ ကျုံးဝမ်လည်း နောက်ဆုံးတော့ ပြဿနာကို သတိထားမိလိုက်သည်။ အမှန်ပဲ။ သာမာန်လူတစ်ယောက်အနေနဲ့ အလောင်းခွဲစိတ်တာတွေကို ကြည့်ရဲမည်မဟုတ်ပေ!
“အဆင်ပြေပါတယ်။ အဲ့ဒါက ဘယ်လိုမှော်သားရဲမျိုးလဲဆိုတာ ကျွန်မလဲ အမြန်ဆုံးသိချင်တယ်” မော့ချူးမှာ ဒီလောက်ထိ သတ္တိရှိလိမ့်မည်ဟု သူ မထင်ထားပါချေ။ သူမက ကျုံးဝမ်တို့နောက်ကို ချက်ချင်းလိုက်သွားသည်။
သူတို့ ဆုံးဖြတ်ပြီးသွားတော့ မောင်းနှင်ခြင်းစက်ကို ချက်ချင်းပဲ ဆေးဘက်ဆိုင်ရာဌာနဆီ မောင်းလိုက်သည်။ အဆင်သင့်ဖြစ်နေစေရန် သူတို့တွေက ခလုတ်ခုံမှနေ အခြားဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအား အကြောင်းကြားထားပြီးပြီဖြစ်တာကြောင့် သူတို့ရောက်သွားတဲ့အချိန်တွင် အပြင်းဖျားနေတဲ့ လူနာတစ်ဦးကို ထုံဆေးထိုးကာ ခွဲစိတ်ခန်းထဲ ပို့ထားပြီးပြီဖြစ်သည်။
ပိုးသတ်ထားသည့် အဝတ်များနှင့် မကူးစက်စေနိုင်သည့်ပစ္စည်းတွေကို သူတို့ ၀တ်ဆင်လိုက်ကြသည်။ သူတို့တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဝင်သွားကြသည်။
လူနာက အရမ်းနေမကောင်းဖြစ်နေသည်။ သူ့မျက်နှာ တစ်ခုလုံးနီးပါး အနာပေါက်နေကာ သူ့မျက်နှာသွင်ပြင်ကိုတောင် ခွဲခြားကြည့်လို့မရပေ။ သူ့ခြေလက်တွေဟာလည်း ဖောရောင်နေကာ အပြည့်အဖြူရောင်တွေနှင့် ရောနေသည်။ ကြည့်ရတာ ရွံ့စရာပင်။
တစ်ဖက်တွင် ကျုံးဝမ်နဲ့ ရှန်းယိတို့ဟာ တည်တည်ငြိမ်ငြိမ်ရှိလှသည်။ သူတို့လက်ထဲရှိ ခွဲစိတ်ဓားဟာ အေးစက်စက် လင်းသွားကာ အောက်ကိုနိမ့်ဆင်းသွားပြီး အရေပြားကိုလှီးဖြတ်လိုက်တော့ သွေးတွေနည်းနည်းချင်းစီထွက်လာသည်။
အရေပြားကို အလွှာအလိုက် ခွာလိုက်တော့ အတွင်းအင်္ဂါတွေပေါ်လာသည်။ သွေးများအလယ်တွင်၊ ခွဲစိတ်ဓားလေးဟာ အဆက်မပြတ် လှုပ်ရှားနေပြီး ၎င်း၏ ပစ်မှတ်ကို ဂရုတစိုက်ရှာဖွေနေသည်။ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာပြီးနောက် ခွဲစိတ်နေကြတဲ့ လူနှစ်ယောက်ကတော့ လုံးဝ စိတ်မရှည်မဖြစ်နေပေ။ သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ စည်းစနစ်ကျကျ ရှိနေသော်လည်း သူတို့ရဲ့ နဖူးပေါ်က ချွေးတွေကတော့ သူတို့ရဲ့ ရင်ထဲက စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြနေသည်။
"တွေ့ပြီ!" မော့ချူးရဲ့ မျက်လုံးတွေက စူးရှလှသည်။ ကျောက်ကပ်ပေါ်ရှိ တစ်ရှူးအပိုင်းအစသည် အမှန်တကယ် အနည်းငယ် ဖောင်းလာသည်ကို သူမ အမြန် သတိပြုမိသွားသည်။ သူမစိတ်ထဲတွင် မနေနိုင်ဘဲ ထူးဆန်းသလို ခံစားလိုက်ရသည့်အတွက် လက်ဆန့်ကာ ညွှန်ပြလိုက်သည်။
ချွန်ထက်တဲ့ ခွဲစိတ်ဓားလေးက အသာဖြတ်လိုက်ကာ တစ်ရှူးကို ဖွင့်လိုက်သည်။ လတ်လတ်ဆတ်ဆတ်သွေးတွေ ထွက်လာပြီးတဲ့နောက် အမည်မသိ အဖြူရောင်အရာလေးတစ်ခုက အထဲတွင် လှုပ်ရှားလာသည်။ နှေးကွေးစွာခုန်နေသည့် နှလုံး၊ ပျက်စီးနေသည့်အင်္ဂါများနှင့် နှိုင်းယှဉ်ကြည့်ပါက ဤအရာဟာ ထူးထူဆန်းဆန်းကို အသက်ဝင်နေသည်။
သို့သော်လည်း ဒီအဖြူရောင်အမည်မသိ အရာဝတ္ထုက လက်သည်းခွံရဲ့ဆယ်ပုံတစ်ပုံလောက် အရွယ်အစားသာဖြစ်သည်။ ပုံမှန်ဆိုပါက အလွယ်တကူ လျစ်လျူရှုမိလိမ့်မည်ပင်။ ဒါပေမယ့် သူတို့က ပြင်ဆင်ထားပြီးသားမို့ သဘာဝအတိုင်း လက်လွတ်မခံသင့်ပေ။
ရှန်းယိနဲ့ ကျုံးဝမ်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မျက်လုံးတွေ တောက်ပလာသည်။
ဖောက်ထွင်းမြင်ရတဲ့ မှန်အပြင်ဘက်တွင် ရပ်နေတဲ့ လက်ထောက်ခရိုင်မှူးက ဒီမြင်ကွင်းကို မြင်ပြီး အန်ထွက်လုနီးပါးပင်။ ဒီမြင်ကွင်းက ရွံ့စရာကောင်းလွန်းလှသည်။ သူ့စိတ်ကသန်မာပေမဲ့ မအီမသာဖြစ်နေဆဲပင်။
နောက်တော့ သု့ ဘေးနားမှာရပ်နေတဲ့ နျဉ်ယွိယွင်ကိုကြည့်လိုက်သည်။ ကြီးကြီးမားမားမုန်တိုင်းကို ကြုံဖူးတဲ့သူဟာ မျှော်လင့်ထားသလိုပင် သွေးထွက်သံယိုနှင့် ရွံစရာကောင်းသည့် မြင်ကွင်းကို မြင်ရတာတောင်မှ သူ့အမူအရာက တည်ငြိမ်နေဆဲပင်။
သူ့အကြည့်က နည်းနည်းလှည့်သွားကာ သူ့ဘေးနားက မော့ချူးဆီ ရောက်သွားသည်။ ဒီကလေးမလေးရဲ့ မျက်နှာက အနည်းငယ် ဖြူဖျော့နေပြီး ထိတ်လန့်နေပေမယ့် သူမရဲ့ သတ္တိကတော့ ချီးကျူးစရာပင်။ သူမက ဒီလိုပုံပေါက်နေပေမဲ့ နောက်မဆုတ်ပေ။
ကျုံးဝမ်သည် သေးငယ်တဲ့ အဖြူရောင်အရာဝတ္ထုကို သူ့ဘေးရှိ အလုံပိတ် ဖောက်ထွင်းမြင်ရတဲ့ သေတ္တာထဲ အသေအချာ ထည့်လိုက်သည်။ ထည့်ပြီးမှသာ သူ သက်ပြင်းတစ်ချက်ချလိုက်နိုက်သည်။
ခွဲစိတ်မှုနောက်ဆက်တွဲ ကိစ္စတွေ လုပ်ပြီးသွားတော့ သူတို့တွေ သေတ္တာကိုဝိုင်းကာ စိုက်ကြည့်နေကြသည်။ အဆင့်မြင့် အဏုကြည့်ကိရိယာမှတဆင့် မော့ချူးရဲ့အတွေးတွေက အမှန်တကယ် မှန်ကန်ကြောင်း သူတို့သဘောပေါက်သွားကြသည်။ ဒီသေးငယ်တဲ့အဖြူရောင်အရာလေးတွင် အမှန်တကယ်ကို မှော်သားရဲပေါင်း သန်းပေါင်းများစွာရှိနေသည်! အရေအတွက်က အံ့ဩစရာပင်!
တစ်နည်းဆိုရသော် မှော်သားရဲရဲ့ အရွယ်အစားဟာ အရမ်းသေးငယ်ပြီး ၎င်းကိုသာမန်မျက်စိဖြင့် ခွဲခြားမြင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
ဒါ့အပြင် ဒီနတ်ဆိုးသားရဲရဲ့မျိုးပွားမှုနှုန်းဟာ အရမ်းလျင်မြန်သည်။ ၎င်းတို့က အာဟာရဓာတ်များ လုံလောက်စွာရရှိသဖြင့် စက္ကန့်တိုလေးအတွင်း မျိုးဆက်နှစ်ခုကို လျင်မြန်စွာ ခွဲထုတ်နိုင်သည်။ ဒီရောဂါ ကူးစက်မှုအရမ်းများတာဟာ အံ့သြစရာ မရှိတော့ပေ။
"ဒါကဘာလဲဟ?" အချိန်အတော်ကြာအောင်ကြည့်ပြီးနောက် မော့ချူး အဲ့ဒါက ဘာလဲဆိုတာကို နားမလည်နိုင်ဘဲ မတတ်နိုင်စွာဖြင့် မျက်မှောင်ခပ်တင်းတင်းကြုတ်မိသည်။ ကျုံးဝမ်နဲ့ ရှန်းယိတို့လည်း ပဟေဠိဖြစ်နေကြသည်။ အဖွဲ့ချုပ်တွင် မှော်သားရဲအရေအတွက်က ဆယ်သန်းကျော်လောက်ရှိကာ သန္ဓေပြောင်းသားရဲများလည်း ထပ်တိုးလာသဖြင့် ဤအရေအတွက်ဟာ ပိုလို့တောင်များပြားလာသည်။
"ဒါက... အာဟာရဖျက်ပိုးကောင်များ ဖြစ်နေမလား?" နျဉ်ယွိယွင်က အနားမှာ ရပ်ကာနားထောင်နေသည်။ သူ့မျက်လုံးတွေက ရုတ်တရက် တောက်ပလာကာ အသံနက်နက်ဖြင့် မေးလိုက်သည်။
အာဟာရဖျက် ပိုးကောင်?
မော့ချူး အံ့အားသင့်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ အဲ့ဒါကဘာကြီးလဲ?
မော့ချူးရဲ့ တုံ့ပြန်မှုကို နျဉ်ယွိယွင် မအံ့ဩပါချေ။ တကယ်တော့ သူမက ငယ်ရွယ်သေးပြီး ကိစ္စများစွာနဲ့ ထိတွေ့ဆက်ဆံဖူးခြင်း မရှိသေးပေ။ ဤအာဟာရဖျက်ပိုးကောင်က အလွန်ရှားပါးပြီး အဖိုးတန်သည်!