ဝမ်ရန်ကျဲနှင့် တိုက်ပွဲကြီး
Vol. 5 Ch. 62
ပွဲကြည့်စင်မှ ပရိသတ်များမှာ ပိုအံ့ဩသွားကြသည်။
“ဘာဖြစ်တာလဲ။ ဘာလို့ လင်းရှီသိုင်းကွက်ကို သုံးတာလဲ။ ဒါက သုံးရင်သာ ခဏလေးပေမဲ့ ပြန်ပြီး အားပြည့်ဖို့ အနည်းဆုံး နှစ်ဝက်လောက် ကြာမှာကို”
“လင်းရှီဂိုဏ်းနဲ့ ချင်းရွှမ်ဂိုဏ်းက ရန်သူတွေလား”
“မဖြစ်နိုင်တာ။ သိသလောက်တော့ သူတို့ချင်း ဘာမှ ဆက်စပ်မှုမရှိဘူးလေ”
“နေပါဦး။ လင်းရှီဂိုဏ်းက နတ်ရေစင်ဂိုဏ်းကို အမြဲထောက်ခံခဲ့တာလေ။ နတ်ရေစင်ဂိုဏ်းခေါင်းဆောင်က ခိုင်းထားလို့များလား”
“ဘုရားရေ… အဲ့တာ ဖြစ်နိုင်တယ်နော်”
စင်ပေါ်၌။
လင်းရှီဂိုဏ်းမှ တပည့်မှာ ဒေါသတကြီးအော်၍ ကြံ့ရူးကဲ့သို့ ရှန်မို့ထံ ပြေးဝင်လာသည်။
သူ့အရှိန်မှာ အလွန်မြန်ဆန်၍ အင်အားမှာလည်း ကြောက်စရာကောင်းလှသည်။
ခြေတည်အဆင့်အောင်မြင်မှုကြီးအထိသာ ရောက်သေးသော်လည်း ထိပ်ဆုံးအဆင့်ကဲ့သို့ အားကြီးသည်။
ထိုထိုးနှက်ချက်ဖြင့်ဆိုလျှင် ရှန်မို အနည်းငယ်တော့ ထိခိုက်နိုင်ပါသည်။
ရှန်မို မျက်မှောင်ကြုတ်၍ အရပ် (၈) မျက်နှာ မိုးကြိုးသိုင်းကွက်ကို စသုံးသည်။
သူ့အရှိန်မှာ အလွန်လျင်မြန်သောကြောင့် လင်းရှီဂိုဏ်းမှတပည့် မရောက်မီ အရင်ရှောင်လိုက်နိုင်သည်။
သို့သော် ထိုသို့အင်အားကြီးကြီး သုံးလိုက်ရ၍ ရှန်မို စိတ်ဝိညာဉ်စွမ်းအင်များ လျော့ကာ မောသွားသည်။
လင်းရှီဂိုဏ်းတပည့်မှာမူ ထိုအခြေအနေကို ဂရုမစိုက်ဘဲ နွားရူးကဲ့သို့ ပြေးလာပြန်၏။
ရှန်မို အမြန် ထပ်ရှောင်လိုက်ရသည်။
လင်းရှီသိုင်းကွက်ဖြင့် သူ့ရန်သူမှာ ခုခံအားလည်း အတော်မြင့်လေသည်။
ရှန်မိုသာ အင်အားမကြီးလျှင် အတော်လေး ထိခိုက်နိုင်လေသည်။
ဘုံး ဘုံး ဘုံး!
လင်းရှီဂိုဏ်းတပည့်မှာတော့ မရပ်မနား တိုက်ခိုက်နေဆဲပင်။
ကြည့်ရှုသူများ အလွန်ရင်သပ်ရှုမောလာ၏။
နာရီဝက်ခန့်အကြာတွင်တော့ အရှိန်အနည်းငယ် လျော့လာလေသည်။
လင်းရှီသိုင်းကွက်၏ အကန့်အသတ် ပြည့်သွားပုံ ရ၏။
ထိုစဉ် လင်းရှီဂိုဏ်းတပည့်မှ ရုတ်တရက် ထအော်လေသည်။
“အရှုံးပေးပြီ”
ရှန်မိုမှာ ပြိုင်ဘက်မျက်နှာကို ထိုးခါနီးမှ ရပ်လိုက်ရသည်။
“ဒီပွဲစဉ်မှာတော့ ချင်းရွှမ်ဂိုဏ်းက ရှန်မို အနိုင်ရရှိသွားပါပြီ”
ရှန်မို ကြေညာပေးသော အကြီးအကဲအား ဦးညွှတ်လိုက်၏။
သူ့ဘေးစင်မြင့်တွင် ကျောက်ရူမှာ ပိုင်ဟီဂိုဏ်းမှ တပည့်နှင့် တိုက်ခိုက်နေလေသည်။
ထင်ထားသည့်အတိုင်း ပိုင်ဟီဂိုဏ်းတပည့်မှာ အစတည်းက ကိုယ်တိုင်ဖျက်ဆီးရေးလျှို့ဝှက်သိုင်းကို သုံးလေသည်။
သားကောင်ရိုင်းကဲ့သို့ တိုက်ခိုက်မှုကြောင့် ကျောက်ရူ မခုခံနိုင်ဘဲ ဖြစ်နေသည်။
(၁၀) ကျော့ကျော်အောင် တိုက်ခိုက်ပြီးနောက် ကျောက်ရူတစ်ယောက် လဲကျသွားလေသည်။
ရှန်မို မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။
သူ အရူးမဟုတ်ပါ။ သူတို့ကြားတွင် ဆက်သွယ်မှု ရှိနေ၏။
“ကျန်းမိုက ချင်းရွှမ်ဂိုဏ်းကို ပစ်မှတ်ထားဖို့ တော်တော် ကြိုးစားထားတာပဲ”
ရှန်မို ချင်းရွှမ်ဂိုဏ်းအဖွဲ့ထံ ပြန်လာပြီး သူ့ထင်မြင်ချက်ကို ပြောပြလိုက်သည်။
ကျောက်ထင် နှာခေါင်းရှုံ့လျက်
“ထင်သားပဲ။ သူ ယုတ်မာမယ်ဆိုတာ”
လောင်ရှန်နန် လက်ဆစ်များချိုးရင်း
“ဘယ်သူ့ကို ဂရုစိုက်နေရမှာလဲ။ ဘာလာလာ အကုန် ဖျက်ဆီးပစ်မယ်”
“စိတ်မညစ်ပါနဲ့ ကျောက်ရူရယ်။ မင်းအင်အားနဲ့ ဒုတိယအကျော့အထိ ရောက်လာတာ တကယ် အထင်ကြီးစရာပဲလေ”
လောင်ရှန်နန်မှ အားပေးလိုက်သည်။
ကျောက်ထင် မျက်စောင်းထိုးကာ
“မင်း နှစ်သိမ့်တာကြီးကလည်း”
ရှန်မိုလည်း ရယ်မောမိတော့သည်။
ကျောက်ရူပင် အတူလိုက်ရယ်မိ၏။
“သိပါတယ်။ အဲ့လောက်အထိ ပြင်းထန်မယ်လို့ပဲ မထင်လိုက်မိတာ”
ကျောက်ရူ သက်ပြင်းချမိလေသည်။
မူယုံးယွဲ့မှ
“သတိတော့ ထားကြပေါ့။ နောက်ပိုင်းတိုက်ပွဲမှာလည်း ဒါမျိုးတွေ အများကြီး လာနိုင်သေးတယ်”
“အထူးသဖြင့် နတ်ရေစင်ဂိုဏ်းနဲ့ ပတ်သက်တဲ့ဂိုဏ်းတွေကို ဂရုစိုက်”
“ဟုတ်ကဲ့”
ချင်းရွှမ်ဂိုဏ်းသားများ အခြေအနေမှာ ကျောက်ထင် ရှုံး၊ လောင်ရှန်နန် နိုင်၊ လျှိုယွန်းရွှမ် နိုင်၊ ရှောင်ဖန် ရှုံး ဖြစ်၏။
(၁၀) ယောက်အဖွဲ့တွင် ရှန်မို၊ လောင်ရှန်နန်နှင့် လျှိုယွန်းရွှမ်တို့သာ နောက်တစ်ဆင့် တက်နိုင်လေသည်။
ကျန် (၇) ယောက်မှာ ပြင်းထန်သော လျှို့ဝှက်သိုင်းကွက်များဖြင့် ရှုံးသွားကြ၏။
“နောက်တစ်ဆင့်က ထိပ်ဆုံး (၂၅) ယောက်အတွက်ပဲ”
ရှန်မို ရေရွတ်လိုက်မိသည်။
နတ်ဓားဂိုဏ်းခေါင်းဆောင် လောင်ချောင်ထျန်းမှ ဓာတ်လုံးများ ထပ်ဝဲ၍ တပည့် (၅၀) တို့ လှမ်းယူလိုက်ကြသည်။
“ခုနကလို ဓာတ်လုံး တစ်ယောက်တစ်ခု ယူလိုက်ကြပါ”
လောင်ချောင်ထျန်းမှ တည်ငြိမ်စွာ ဆို၏။
ရှန်မို ယူလိုက်သော နံပါတ်မှာ (၉) ဖြစ်သည်။
“ဒါဆို ငါ့ပြိုင်ဘက်က (၁၀) ပဲ”
ရှန်မို စင်ပေါ်တက်လာလိုက်ပြီး ပြိုင်ဘက်ကို တွေ့သောအခါ မျက်မှောင်ကြုတ်မိလေသည်။
တစ်ဖက်လူလည်း ရုတ်တရက် တွေနေပြီးမှ အေးစက်စက် ပြုံး၍
“ရှန်မို ငါတို့ ဒီလောက်မြန်မြန် တွေ့မယ်လို့တောင် မထင်ထားဘူး”
“ကြည့်ရတာ မင်း မနက်ဖြန် တတိယအကျော့အထိ မရောက်နိုင်တော့ဘူးထင်တယ်”
သူ့အသံမှာ အေးစက်နေ၏။
ထိုလူမှာ မိုးကြိုးမီးတောက်ဂိုဏ်းမှ ဝမ်ရန်ကျဲပင်။
စင်ပေါ်ရှိ ရှန်မိုနှင့် ဝမ်ရန်ကျဲတို့ကိုကြည့်ကာ အားလုံး စိတ်လှုပ်ရှားနေကြသည်။
ပွဲကောင်းကြည့်ရရန် ဖြစ်လာလေပြီ။
အခြား သခင်လေး (၃) ဦးမှာလည်း ပြိုင်ဘက်အသီးသီးဖြင့် နေရာယူပြီးကြပြီ ဖြစ်၏။
ယင်ရွှယ်ကျဲ မျက်လုံးအရောင်လက်၍
“ဒီကောင်တော့ ပိုးစိုးပက်စက် ရှုံးတော့မယ်။ ရန်ကျဲက ငါ့သူငယ်ချင်းဆိုတော့ လက်စားချေပေးမှာပါ”
ကျန်းမို ခပ်ဖြည်းဖြည်း ခေါင်းယမ်း၍
“ရှန်မို့ကံက ဆိုးပါတယ်။ ဝမ်ရန်ကျဲနဲ့မှ တည့်တည့် တိုးရတယ်လို့။ ငါ စီစဉ်ထားတာတွေ အလကား ဖြစ်တော့မှာပဲ”
ပိုင်ကျီယွဲ့လည်း အားရဝမ်းသာဖြင့်
“ဒီကောင်တော့ ဒီနားတင် ရပ်ပြီ”
ချင်းရွှမ်ဂိုဏ်း၌။
မူယုံးယွဲ့ မျက်မှောင်ကြုတ်နေမိသည်။
ကျောက်ရူမှ
“သခင်လေး (၅) ယောက်ထဲကလူကို တိုက်ခိုက်နိုင်ပါ့မလား”
“ဟုတ်တယ်။ ရှန်မိုသာ ဝမ်ရန်ကျဲကို ရှုံးရင် ပြဿနာပဲ။ မိုးကြိုးမီးတောက်ဆိုတာလည်း ထိပ်တန်း ဂိုဏ်း (၅) ခုထဲ ပါတယ်လေ”
ကျောက်ထင် စိုးရိမ်စွာ ပြောလိုက်သည်။
ရှောင်ဖန်မှာတော့ မဲ့ပြုံးပြုံးလျက်
“ဒါပဲတန်တယ်။ ယင်ရွှယ်ကျဲကို လက်လွတ်စပယ် သွားထိတာကိုး။ နတ်ရေစင်ဂိုဏ်းနဲ့ ပတ်သက်မိရင် ဒီလိုပဲ ဖြစ်မှာပဲ”
အဆိပ်နွယ်ဂိုဏ်းတွင်။
မိုယုဟုန် ကွင်းထဲ မဝင်ရသေးဘဲ အပြင်ဘက်မှ လှမ်းကြည့်ရင်း စိတ်ဝင်စားနေသည်။
“အဖေ ရှန်မိုနဲ့ ဝမ်ရန်ကျဲပြိုင်ပွဲကို တစ်ယောက်ယောက် ထိန်းချုပ်ထားတာ ဖြစ်နိုင်လား”
သူ့အဖေ သူ့ကို စိုက်ကြည့်၍
“မဟုတ်မဟက်တွေ မပြောစမ်းနဲ့။ လောင်ချောင်ထျန်းပဲ သိတဲ့ကိစ္စလေ”
ထို့နောက် လောင်ချောင်ထျန်းအား လှမ်းကြည့်၍
“ဒါပေမဲ့… လွန်ခဲ့တဲ့ နှစ် (၅၀) က ချင်းရွှမ်ဂိုဏ်းဆိုတာ ထိပ်တန်းဂိုဏ်းထဲ ပါတယ်လေ။ ကျန်းမို သူ့ကို ဆွဲဆောင်နိုင်လောက်တယ်”
“ဘာလဲ။ သမီးက စိတ်ဝင်စားနေပြီလား”
“သူက တော်တယ်လေ။ အင်အားကြီးတယ်။ ချောတယ်။ ငါ ငယ်ငယ်ကပုံတောင် သတိရသွားပြီ”
အဆိပ်နွယ်ဂိုဏ်းခေါင်းဆောင် ရယ်မော၍ ပြော၏။
မိုယုဟုန် မျက်စောင်းလှလှလေး ထိုး၍
“သိချင်ရုံပါပဲ။ စိတ်ဝင်စားတဲ့အထိ မဟုတ်ပါဘူး”
“သနားစရာပဲ။ ကောင်လေး ဒီလောက်နဲ့ ရပ်သွားတော့မယ်”
မိုယုဟုန် တစ်ခုခုကို သတိရသွားပြီး
“အဖေ ချင်းရွှမ်ဂိုဏ်းမှာ ကောင်းကင်အဆင့် ခန္ဓာကိုယ် ပေါ်လာတယ်ဆို”
“ဟုတ်တယ်လေ။ သူလို့ ထင်လို့လား”
မိုယုဟုန် ခေါင်းငြိမ့်ပြ၏။
“ဒါဆိုရင်တော့ သေချာ စောင့်ကြည့်မှ ဖြစ်တော့မှာပဲ”