ငါ့ဝိုင် ဘယ်မှာလဲ အခုယူလာခဲ့
Vol. 5 Ch. 65
ချက်ချင်းပင် ဇာမဏီစားသောက်ဆိုင် ဝင်ပေါက်တွင် ရှုပ်ထွေးကုန်၏။
သခင်လေး (၅) ဦးထဲ ပါဝင်သူများကို အနိုင်ရရှိခဲ့သည့် သူရဲကောင်းအား အလွန် စိတ်ဝင်စားကြသည်။
ဇာမဏီစားသောက်ဆိုင် မန်နေဂျာပင် ကိုယ်တိုင် လာနှုတ်ဆက်ရ၏။
ဤသို့ လူအများဝိုင်းရင်း ချင်းရွှမ်ဂိုဏ်းအဖွဲ့မှာ နောက်ဆုံးတော့ ဆိုင်အပေါ်ထပ်သို့ ရောက်လာလေပြီ။
စားသောက်ဆိုင်အပေါ်ထပ်၌ အလွန်ကျယ်ဝန်းပြီး တိမ်များပေါ်တက်၍ လောကကြီးကို အုပ်မိုးကြည့်ရသလို ခံစားရသည်။
ထိုနေရာမှာ ဈေးအကြီးဆုံး ဖြစ်လေသည်။
ဆိုင်ထဲဝင်နိုင်ရန် အနည်းဆုံး အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၁) သောင်းခန့် လိုအပ်သည်။
ယခုတော့ မူယုံးယွဲ့မျက်နှာဖြင့် တိုက်ရိုက်ဝင်နိုင်၏။
မြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို မည်သူမျှ မဆန့်ကျင့်ရဲပါ။
ရှန်မိုတို့ နေရာယူပြီးသည်နှင့် မန်နေဂျာမှ စီစဉ်ထားသော အကောင်းဆုံးအစားအစာနှင့် ဝိုင်တို့ကို လာချပေး၏။
မကြာမီ စားပွဲဝိုင်းတွင် အငွေ့တထောင်းထောင်း ထနေသော ဟင်းလျာများ ပြည့်သွားတော့သည်။
လောင်ရှန်နန် အလွန်စားချင်နေသော်လည်း ကျောက်ထင်မှ လှမ်းဆူသည်။
“ခေါင်းဆောင်တောင် ဘာမှ မပြောရသေးဘူး။ စားချင်နေပြီလား”
လောင်ရှန်နန် ပြန်မဖြေဘဲ မူယုံးယွဲ့ကိုသာ မျက်နှာငယ်ဖြင့် လှမ်းကြည့်၏။
မူယုံးယွဲ့ ပြုံးလျက်
“ကဲပါ စားကြ။ ဒီနေ့က အောင်ပွဲခံဖို့ပဲ။ အားလုံး စိတ်ကြိုက်သာစား”
အားလုံး စားသောက်ပြီးနောက် စကားအေးဆေး ပြောကုလေသည်။
လောင်ရှန်နန် ရယ်မောလျက်
“ဇာမဏီစားသောက်ဆိုင်မှာ အံ့ဩစရာအကောင်းဆုံးက ဘာလဲ သိလား”
“ဘာလဲ”
ကျောက်ရူ စိတ်ဝင်တစား မေး၏။
“ဇာမဏီ ပြန်လည်မွေးဖွားခြင်း ပန်းချီလေ။ အပေါ်ထပ်နံရံမှာရှိတာ။ ဝင်ဝင်လာချင်းတုန်းက တွေ့သေးတယ်လေ”
လောင်ရှန်နန်မှ ရှင်းပြသည်။
“အဲ့တာ ဘာထူးဆန်းလို့လဲ”
လျှိုယွန်းရွှမ် ခပ်အေးအေး ဝင်ပြော၏။
လောင်ရှန်နန် နှာခေါင်းရှုံ့လျက်
“ဘာမှမသိရင်လည်း အေးဆေးနေ”
“…”
လျှိုယွန်းရွှမ် စွံ့အသွား၏။
“အဲ့ပန်းချီက နတ်ဘုရားပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူရဲ့ လက်ရာအစစ်လေ”
လောင်ရှန်နန် အားကျစိတ်အပြည့်ဖြင့်
“အဲ့ထဲမှာ အဆင့်မြင့်ကျင့်ကြံသူရဲ့ နားလည်မှုတွေ ပါနေတာလေ”
“အဲ့တာကိုသာ နားလည်ရင် အရမ်း အင်အားကြီးတဲ့ကျင့်စဉ်ကို ရပြီ”
“ဒါပေမဲ့ နှစ်ပေါင်းအများကြီးကြာတဲ့အထိ ဘယ်သူမှ နားမလည်နိုင်သေးဘူး”
မူယုံးယွဲ့ ပြုံး၍ ခေါင်းငြိမ့်ပြကာ
“ရှန်နန်ပြောတာ ဟုတ်တယ်။ ငါ ငယ်ငယ်တုန်းကတောင် ကြိုးစားဖူးပေမဲ့ မအောင်မြင်ခဲ့ဘူး”
လျှိုယွန်းရွှမ် စိတ်ဝင်စားသွားကာ
“ကျွန်တော် သွားကြည့်လိုက်မယ်”
ကျောက်မောင်နှမလည်း
“ကျွန်တော်တို့လည်း သွားကြည့်မယ်”
“ကဲ သွားကြတာပေါ့။ မင်းတို့ထဲက ပါရမီရှင်လည်း ရှိနိုင်တာပဲ”
ရှန်မိုလည်း အနောက်မှ ထလိုက်လာ၏။
ရှောင်ဖန်မှာ နဂိုကံကြမ္မာပါသူ ဖြစ်သော်လည်း ရှန်မိုမှ ဝင်ယူမည်ဖြစ်၏။
ပန်းချီမှာ အလွန်ကြီးမားပြီး (၃) မီတာရှည်၍ (၁) မီတာခန့် ကျယ်သည်။
သာမာန်အိမ်မျိုးတွင် မဆံ့နိုင်လောက်ပါ။
ရှန်မို ပန်းချီကို သေချာကြည့်လိုက်သောအခါ ဇာမဏီငှက်၏ အမွေးများကို တစ်ခုချင်း သေချာ ပုံဖော်ထားသည်ကို တွေ့ရသည်။
အစစ်ဟု ထင်ရလောက်အောင်ပင် ဖြစ်၏။
ပန်းချီအရှေ့တွင် ပလက်စတစ်အကြည်ဖြင့် အုပ်ထားပြီး ထိကိုင်ခြင်းများ ခွင့်မပြုပေ။
လျှိုယွန်းရွှမ် သေချာစိုက်ကြည့်နေသော်လည်း ထူးခြားသော ဉာဏ်အလင်း မရလာပေ။
အခြားတပည့်များလည်း ထို့အတူပင် ဖြစ်၏။
ထိုစဉ် ရယ်သံလေးတစ်ခု ကြားလိုက်ရသည်။
“ကောင်မလေး ဒီလိုပန်းချီမျိုးက မင်းအဆင့်နဲ့ လွယ်လွယ် နားလည်နိုင်မှာ မဟုတ်ဘူး”
အဆိပ်နွယ်ဂိုဏ်းအဖွဲ့ တပည့်များ တစ်ဖက်အခန်းထဲမှ ထွက်လာကြ၏။
မူယုံးယွဲ့ ခေါင်းငြိမ့်ပြ၍ နှုတ်ဆက်လိုက်သည်။
“ထပ်တွေ့ကြပြန်ပြီနော်”
မိုယုဟုန် ရှန်မိုအား လက်ပြနှုတ်ဆက်၏။
ရှန်မို ပြုံး၍ ပြန်နှုတ်ဆက်စဉ် မူယုံးယွဲ့မှ အရှေ့တွင် ဝင်ကာလိုက်သည်။
ထိုစဉ် လှေကားဘက်မှ အသံကျယ်ကျယ်တစ်ခု ထွက်ပေါ်လာသည်။
“လမ်းဖယ်ကြ။ ဒီနေ့ ငါ မူးနေပြီ အင်း… အားလုံး ရှိနေကြတာပဲ”
တက်နေဝန်းဂိုဏ်းမှ ဟုန်ချီလုံတစ်ယောက် လှေကားမှ တက်လာရင်း ရှန်မိုတို့ကိုတွေ့ကာ အံ့ဩစွာဆိုသည်။
မိုယုဟုန် သူ့အနောက်ဘက်ကို လှမ်းကြည့်၍
“ကျောက်ချင်းကန်ရော ပါတာလား”
ဟုန်ချီလုံ ခေါင်းငြိမ့်ပြသည်။
“ဟုတ်တယ်။ ငါ ခေါ်လာတာလေ။ တစ်နေကုန် လေ့ကျင့်ပြီးတော့ အနားယူဖို့လိုတယ်”
ထို့နောက် အနောက်နားမှ ကျောက်ချင်းကန် ထွက်လာပြီး
“ရှန်မိုပဲ။ တွေ့ရတာ ဝမ်းသာပါတယ်နော်”
ရှန်မို သူ့အပြုအမူကြောင့် အံ့ဩသွားမိသည်။
သူ့ကို သခင်လေးတစ်ဦးအနေဖြင့် မာနကြီးလိမ့်မည် ထင်ထားသော်လည်း မဟုတ်ချေ။
ပြန်စဉ်းစားကြည့်လျှင် သခင်လေး (၂) ဦးကို နိုင်ပြီးသည့် ရှန်မိုအား လေးလေးစားစား ဆက်ဆံသည်မှာ မထူးဆန်းလှ။
ဟုန်ချီလုံ အားရပါးရ ရယ်မော၍
“ရှန်မို မင်း ဟိုငကြောင် ယင်ရွှယ်ကျဲကို အလဲသိပ်လိုက်တာ အရမ်းအားရတာပဲ။ သခင်လေး (၅) ယောက်ထဲ မင်းပါသင့်တာ”
ပြောပြောဆိုဆိုနှင့် ပုခုံးလာဖက်ကာ
“လာပါ။ အတူသောက်ရအောင်”
ရှန်မို ရုတ်တရက် နေရခက်ကာ ရယ်မောမိပြီး မူယုံးယွဲ့ ခွင့်ပြုချက် လှမ်းတောင်း၏။
“သွားလေ”
“ဟုတ်ကဲ့”
မူယုံးယွဲ့ သဘောတူမှ ထွက်သွား၏။
ထိုစဉ် လျှိုယွန်းရွှမ်က
“အစ်ကိုကျောက်ကို ကျွန်တော် အမြဲ လေးစားအားကျခဲ့တာ။ ကျွန်တော်က လျှိုယွန်းရွှမ်ပါ။ အစ်ကိုတို့ဂိုဏ်းနဲ့လည်း ပတ်သက်မှု ရှိပါတယ်”
ထို့နောက် သူပါ အတင်းလိုက်သွား၏။
အမှန်တော့ ရှန်မိုနှင့် သူ့အပေါ် ဆက်ဆံပုံ လုံးဝ မတူပေ။
နတ်မိမယ် မိုယုဟုန်ကိုယ်တိုင်က ဂရုစိုက်လွန်းသည်။
ဘာလို့လဲ။
သူ့လောက် မတော်တာလား။
ဝိုင်းထဲတွင်တော့ ဟုန်ချီလုံမှ အဆက်မပြတ် စကားပြောရယ်မောရင်း အသက်ဝင်အောင် ဦးဆောင်ပေးနေသည်။
“စားပွဲထိုးရေ စားပွဲထိုး”
သူ စကားပြောရင်း ရုတ်တရက် လှမ်းအော်၏။
ထိုအခါ လူငယ်လေးတစ်ဦး အပြေး ရောက်လာပြီး
“သခင်လေးဟုန် ဘာများ အလိုရှိလို့ပါလဲ”
ဟုန်ချီလုံ ရယ်မော၍
“ဒီမှာ နတ်ဇာမဏီဝိုင်ကို မှတ်မိတယ်။ အဲ့တာ ယူခဲ့ပါဦး”